A visit to my village


နှစ်သုံးဆယ်ကြာပြီးနောက် ရွာသို့တခေါက်

မောင်စွမ်းရည်
ဇူလိုင် ၂၂၊ ၂၀၀၈


ကျနော့်အသက်ဟာ
ခြောက်ဆယ်ကျော်ပါပြီ။

ရွာမရောက်တာ
နှစ်ခြောက်ဆယ်တ၀က်
ဆက်တိုက် နှစ်သုံးဆယ်ကြာပြီ။

ဒီနှစ်တော့ အလုပ်ကနား
အငြိမ်းစားယူပြီး
နွေပူပူကြီးမှာပဲ
လွတ်လပ်ခရီးထွက်ခဲ့တယ်။

ရွာရောက်တော့
ရောက်ရင်ရောက်ချင်း
ညနေခင်းမှာ
အိမ်ဝင်းအတွင်းကို
ညိုညိုခန့်ခန့်၊ ရုပ်ရည်သန့်ပြန့်
ဒါပေမယ့်
အသက်ခန့်မှန်းရခက်တဲ့
ကျေးလက်အပျိုကြီးတဦး
သနပ်ခါးဘဲကျားလူးပြီး
မဦးမချွတ်ရောက်လာတယ်။

“နက်ဖြန်မနက်စာ
ထမင်းစား ဆက်ဆက်လာပါ တဲ့။”
ဒါပဲပြောတယ်။

ငယ်သူငယ်ချင်းပါ
ကျောင်းဆင်းကျောင်းတက်၊ စကားပြောဖက်ပါ။

“ငါ နင့်ကို မုန်းတယ်” တဲ့
ပြောပြော ပြေးပြေးနဲ့ ပြန်ထွက်ပြေးသွားလေရဲ့။

ရှိုက်သံသဲ့သဲ့ ကြားလိုက်ခဲ့။

သူငယ်ချင်းမ
တံခါးဝနောက်၊ ကွယ်ပျောက်သွားတဲ့အထိ
ငေးကြည့်နေမိဆဲ
အဲဒီဝင်းပေါက်က
မိန်းမကြီးတယောက်
ဘောက်ဆတ် ဘောက်ဆတ်နဲ့
ဖိနပ်လည်းမပါ၊ ၀င်ချလာတယ်။

အမေ့အိမ်ခြံဝင်း၊ မောင်းလက်ရေတွင်းမှာ
ခေါင်းစင်းစင်းထိုင်ချ
လက်ထဲက အ၀တ်တွေ အစုတ်အပြဲ
ညစ်ညစ်မွဲမွဲတွေကို
သဲဆပ်ပြာနဲ့ လျှော်တော့တယ်။

“သူ ဘယ်သူလဲဟ”လို့
နှမကို မေးကြည့်မိတယ်။

အဲဒါ မင်းနဲ့ ၀ါကောက်ဖက်၊ ပဲကောက်ဖက်
မင်းစာချိုးတဲ့
ဘကြီးဖြိုးတူမ၊ နှုတ်ခမ်းက ထော်လော်
မိဂွက်ထော် ပေါ့” တဲ့။

ငါ ရုတ်ခြည်းထပြီး၊ သူ့နောက်ကရပ်
သူ့တင်ပါးကို ခြေဖျားနဲ့ ခတ်လိုက်တယ်
ဖတ်ခနဲပါပဲ။

“ဟဲ့ သောက်ပလုတ်တုတ်” တဲ့
သူ ရုတ်တရက် လှည့်ကြည့်တယ်။

သူ့လက် နက်ကြုတ်ကြုတ် လက်ခုပ်နဲ့
မျက်လုံးကို ကာကြည့်တယ်။

“တော်က ဘယ်သူတုံး” တဲ့
“ဟယ် ကောင်စုတ် င၀က်” တဲ့
ငါ့ပခုံးနှစ်ဖက်ကို သွက်သွက်ခါလှုပ်
သူ့လက်သီးဆုပ်နဲ့ တဖုတ်ဖုတ်ထုတယ်။

“ဟဲ့ ခွေးမ တန်ဟဲ့” လို့ ပြန်တဲ့ပြီး ဂလိထိုးမှ
ထိုးထိုးထွန့်ထွန့်နဲ့ ထိုင်ချတယ်။

ပြီးတော့မှ အမြင်မတော်
ကမြင်းမ မိဂွက်ထော်
အော်ကြီးဟစ်ကျယ်နဲ့
ငါ့ခြေကို ဖက်တွယ်ပြီး
ဆယ်ကျော်သက် အလွမ်းတွေကို
အငမ်းမရ၊ သွန်းလောင်းချ ငိုတော့တယ်။

ဒီတော့ ငါလည်း ဘာပြောကောင်းမလဲ။


(မှတ်ချက် - ၂၀၀၁ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် မဟေသီမဂ္ဂဇင်းတွင် ဖော်ပြခဲ့သော ကဗျာဖြစ်သည်။)

Comments