Ashin nanika - Nestless Birds

ကမ်းမဲ့ ငှက်လေးများ

အရှင်ဉာဏိက
သြဂုတ် ၁၂၊ ၂၀၀၈

ဒီနေ့ အင်တာနက်ကိုဖွင့်လိုက်တာနဲ့ “ရာဟု” သတင်းစာမျက်နှာမှာ ပေါ်ပြူလာဖြစ်နေတဲ့ သတင်းတစ်ပုဒ်ဖတ်ရတယ်။ သတင်းက အစ္စရေးနိုင်ငံမှာ ဖြစ်သွားတဲ့ သတင်း။ အကြောင်းအရာက သားသမီး ငါးယောက်နဲ့ အစ္စရေးမိဘနှစ်ဦး အစ္စရေးကနေ ဥရောပ ကို အားလပ်ရက် ခရီးထွက်တဲ့အကြောင်း။ အစ္စရေးလေဆိပ်မှာ ၃ နှစ်အရွယ် သမီးကလေးကို အမှတ်တမဲ့ ချန်ထားရစ်ခဲ့ပြီး မိ ဘနှစ်ဦးနဲ့ ကျန်တဲ့သားသမီးတွေက သူတို့လိုက်ပါရမည့် လေယာဉ်နဲ့ ပါသွားလို့ သမီးလေးတယောက်ထဲသာ လေဆိပ်ထဲမှာ ကျန်နေရစ်တဲ့အကြောင်း။ အကျယ်တဝင့်ရေးထားတာ။ ဒီအကြောင်းကို အစ္စရေးသတင်းစာတွေမှာ မျက်နှာဖုံးအဖြစ် အသား ပေးကာ အကြီးအကျယ်ရေးသားကြကြောင်း ဖတ်ရတယ်။

ကျန်နေတဲ့ကလေးမလေးက လေဆိပ်မှာတာဝန်ကျနေတဲ့ရဲမေကို ဘယ်မှာလဲ သူ့ဖေနဲ့အမေ၊ ဘယ်မှာလဲ သူ့အကို အမတွေလို့ မေးမြန်းတဲ့အကြောင်းစတာတွေကို သနားစဖွယ်ဖြစ်အောင် ရေးထားတယ်။ ကလေးမလေးရဲ့ နာမည်ကိုမေးမြန်းပြီး နောက် စကားလုံး(မျိုးရိုးနာမည်)နဲ့ တိုက်ဆိုင်ကာ ခရီးသည်တွေကို စာရင်းမှာစစ်ကြည့်တယ်။

ဒီတော့ သူ့မိဘတွေ ပဲရစ်ကိုထွက်ခွါမည့် လေယဉ်ပေါ်မှာ ရှိနေတာကိုသိရလို့ လေယာဉ်ကို ဆက်သွယ်ကာ စောင့်ဆိုင်းဖို့ပြောဆိုခဲ့ကြောင်း၊ ဒီအချိန်ဟာ မိနစ်နှင့်အမျှ အလွန်အရေးကြီးကြောင်း ရဲမေကပြောတဲ့စကားများကိုလည်း ထည့်ရေးထားတယ်။

သို့ပေမယ့် လေယာဉ်က ထွက်ခွါသွားခဲ့ တာ သုံးမိနစ်ရှိပြီမို့ ကလေးမလေးကို နောက်ထွက်တဲ့ လေယာဉ်ရဲ့ လေယာဉ်အမှုထမ်းများနဲ့ ကျကျနနစီစဉ်ထည့်ပေးလိုက် တာကြောင့် ပဲရစ်မှာ မိသားစုနဲ့ ချောချောမွေ့မွေ့ ပျော်ပျော်ရွှင်ရွင် ပြန်လည်ဆုံတွေ့နိုင်ကြောင်းလည်း ရေးထားပါတယ်။ မိ သားစု အပန်းဖြေခရီးကပြန်လာလျင် မိဘတွေကို သားသမီးများနဲ့ ပတ်သက်ပြီး တာဝန်ပျက်ကွက်မှုရှိ မရှိ၊ ခေါ်ယူမေးမြန်း စစ် ဆေးဦးမယ်တဲ့။

ကလေးမလေးတစ်ယောက်။ ကမာ့္ဘဖွံ့ဖြိုးပြီးနိုင်ငံတစ်နိုင်ငံက ခေတ်မီသားနားတဲ့ လေဆိပ်ကြီးတစ်ခုထဲမှာ နာရီပိုင်းမျှ မိသားစု နဲ့ ခဏကွဲကွာပြီး နေလိုက်ရတာကို နိုင်ငံသတင်းမီဒီယာများမှာ၊ ကမ္ဘာသတင်းစာမျက်နှာတွေပေါ်မှာ အကြီးအကျယ် ဖော်ပြ နေကြတာ။ လူသားတစ်ဦး၊ ကလေးငယ်တစ်ဦးရဲ့ဘဝကို အလေးပေးတာဖိုးထားတဲ့ လူ့ဝန်းကျင်မှာ ရှင်သန်ခွင့်ရတဲ့ ကလေး ငယ်အတွက် မုဒိတာပွားမိတယ်။

သတင်းရေးသူက ကရုဏာဖြစ်ဖွယ် ရေးထားတာ။ ဒါပေမယ့် ဒီထက်အဆရာထောင်မက ကရုဏာဖြစ်စရာ ကလေးငယ်တွေရဲ့ ဘဝကို ကိုယ်တိုင်ထိတွေ့ ဆက်ဆံဖူးလို့ အစ္စရေးကလေးမလေးရဲ့ အဖြစ်က ကရုဏာဖြစ်ဖွယ်ထက် မုဒိတာဖြစ်ရတဲ့ဖက်ကို စိတ်ပိုယိုင်သွားတယ်။ ဟုတ်တယ်။ သူတို့ဘဝတွေများ ဘယ်လောက်ဝမ်းမြောက်ဖွယ်ဖြစ်စရာကောင်းလဲ။ စောင့်ရှောက်မည့် သူတွေ၊ ကယ်မမည့်သူတွေ၊ အလေးထားတဲ့သူတွေ၊ အမြောက်အများ။ နာရီပိုင်းမျှ မိဘနဲ့ကွဲကွာသွားရတာကိုပဲ ကမ္ဘာာ့မီဒီယာ များပေါ်အထိ သတင်းက ပျံ့နှံ့သွားတာ။

သတင်းထဲမှာပဲ သူတို့မိသားစုကို လေဆိပ်လိုက်ပို့ပြီးပြန်လာတဲ့ ကလေးမလေးရဲ့အဖွားက ပြောပြတဲ့စကားကိုလည်း ရေးထားတယ်။

သူမရဲ့ မိဘများဟာ အလွန်စနစ်ကျတဲ့၊ သားသမီးတွေကိုလည်း အလွန်ချစ်ခင်တဲ့ မိဘများဖြစ်ကြောင်း။ နောက်ပြီး မိသားတစုလုံး ဥရောပလို အစစအရာရာ ဈေးနှုန်းတွေကြီးမားပြီး ပြည့်စုံတဲ့နိုင်ငံကြီးတွေကို အပန်းဖြေခရီး ထွက်နိုင်တဲ့ မိသားစုအခြေအနေ၊ ဒါတွေကိုစဉ်းစားကြည့်လျင် သူတို့မိသားစုအနေအထားကို ခန့်မှန်းမိနိုင်ပါတယ်။

ပြီးတော့လည်း ကလေးမလေး ကျန်ရစ်နေတဲ့နေရာကလည်း ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံတစ်နိုင်ငံက အစစအရာရာ ပြည့်စုံတဲ့ လေဆိပ်ကြီးထဲမှာ။ ပတ်ဝန်ကျင်မှာ လည်း စောင့်ရှောက်မည့်သူတွေ၊ ကူညီမည့်သူတွေက အပြည့်။ ကလေးမလေးရဲ့ အားငယ်စိတ်ကို ဖြေသိမ့်ပေးမည့်သူတွေ လည်း အရံသင့်။

အစ္စရေးလေဆိပ်က ကလေးမလေးအဖြစ်နဲ့ ဆန့်ကျင်စွာ။ ကမ္ဘာ့နိုင်ငံတော်တော်များများမှာ။ အထူးသဖြင့် ကိုယ့်အမိမြေမှာ။ ကလေးငယ်တွေ။ ရာထောင်မက၊ လမ်းမပေါ်မှာ။ ကားဆိပ်တွေမှာ။ လမ်းကြိုလမ်းကြားမှာ။ လမ်းဘေးအမှိုက်ပုံတွေမှာ။ နေကျ ရ၊ စားကြရ၊ အိပ်ကျရရှာတာ။


မိဘ ရှိသူလည်းရှိ။ မိဘ မဲ့သူလည်းရှိ။ မိဘစုံသူပင်ဖြစ်စေဦးတော့။ စားဝတ်နေရေး မပြည့်စုံ တာကြောင့် မိဘတွေကိုယ်တိုင်ပင်လျင် ကိုယ့်သားကိုယ့်သမီးကို ပလတ်စတစ်ကောက်၊ ဗူးကောက်ခွက်ကောက် ခိုင်းကြရတာ။ လမ်းသွားလမ်းလာ မျက်နှာစိမ်း ကျက်တွေကို တောင်းရမ်းဖို့ တိုက်တွန်းရတာ။

တစ်ချို့ဆို နိုင်ငံရပ်ခြားအထိ ရောင်းစားကြရ တာ။ သူတို့တွေရဲ့ ဘဝအခြေအနေတွေကို သိသူနည်းပါး။ ကယ်သူရှား။

ဖြစ်နိုင်လျင်တော့ ဘယ်မိဘမှ တောင်းရမ်းဖို့ အားပေးလိုကြမယ် မဟုတ်ပါဘူး။ ပလတ်စတစ်ကောက် ဗူးခွံကောက်ဖို့ တိုက် တွန်းလိုကြမယ် မထင်ဘူး။ ကြင်နာသနားတတ်တဲ့၊ လူသားစိတ်ရှိတဲ့ ဘယ်သူတစ်ဦးတစ်ယောက်မှလည်း ကလေးငယ်တွေ ပင် ပမ်းကြီးစွာ ရှာဖွေစားသောက်နေရတာမျိုးကို ကြည့်လိုမြင်လိုမယ် မဟုတ်ပါဘူး။

ကျောင်းနေရမည့်အရွယ်မှာ ကျောင်းစာသင် ခန်းတွေထဲမှာ ကလေးငယ်တွေ မကြောင့်မကြ မတောင့်မတဘဲ အေးအေးချမ်းချမ်း ပညာသင်ကြားနေကြတာကိုသာ မြင်လို တွေ့လိုကြမှာပါ။ သို့ပေမယ့် ဒီလိုကြင်နာမှုရဲ့ သင်္ကေတလက္ခဏာများနဲ့ ဆန့်ကျင်စွာ။ ကျောင်းနေချိန်မှာ လုပ်ငန်းခွင်ထဲ တွန်း ပို့ကြရတာ။ တစ်နယ်ဝေးကိုပို့ပြီး အရွယ်မရောက်မီမှာပင်၊ စားသောက်ဆိုင်တွေ၊ လဘက်ရည်ဆိုင်တွေမှာ လုပ်ကိုင်ဖို့ ပို့ကြရ တာ။ မိဘတွေအဖို့ နှလုံးသားနဲ့ရင်းပြီး ဘဝရှင်သန်ဖို့ လမ်းခင်းကြရတာဖြစ်မှာပါ။

ကမ္ဘာမီးလောင် သားကောင်ချနင်းတဲ့။ မြန်မာ့ဆိုရိုးစကား၊ အထင်အရှားရှိတယ်။ ကမ္ဘာကြီး အမှန်တကယ် မီးမလောင်သေးပေမယ့် ဝမ်းမီးတကယ်လောင်နေတဲ့အတွက် ရင်သွေးငယ်တွေရဲ့ ဘဝတွေကို ချနင်းပြီး နေထိုင်ကြရသူတွေ။ မိသားစုများစွာ။ မီးစာဖြစ်ရရှာတဲ့ လူမမယ်ကလေးတွေရဲ့ ဘဝက အလွန်မှပဲ နာကျည်းကြေကွဲဖွယ် ကောင်းလွန်းလှပါတယ်။

ဒီထက်ပိုပြီး ကံဆိုးကြရှာမဲ့ကလေးငယ်တွေလည်း ခုဆိုမြင်ကြားတွေ့နေရပြီ။ မိဘခေါ်စရာ အဖေအမေမရှိ။ အကိုညီ၊ မောင် ညီမခေါ်စရာ မရှိရှာတော့တဲ့ ဆွေမဲ့မျိုးမဲ့ အားကိုးရာမဲ့ဖြစ်နေကြတဲ့ ကလေးငယ်ပေါင်းမြောက်များစွာ။ နာဂစ်ဆိုတဲ့ ရိုင်းစိုင်း ဆိုးရွားတဲ့ မုန်တိုင်းက ချန်ရစ်လို့ထားခဲ့ပြီ။

စောင့်ရှောက်နိုင်စွမ်းရှိတဲ့၊ အသိဉာဏ်ရှိတဲ့ လူကြီးသူမတွေက ဖေးမစောင့်ရှောက်မှု၊ ကူညီပံ့ပိုးမှု ပြုလုပ်မပေးဘူးဆိုလျင်ဖြင့် နာဂစ်ရဲ့ဆိုးတဲ့ဒဏ်ချက်က သူတို့လေးတွေရဲ့ နှလုံးသားနုနုလေးတွေကို ထာဝရဒဏ် ချက်ပြင်းပြင်း ရိုက်နှက်ပေးသလို ဖြစ်တော့မယ်။ ကုစားလို့ မရနိုင်မယ့် ဘဝဒဏ်ချက်တွေကို ဘဝတစ်သက်တာလုံး ခံစားရရှာ ကြတော့မယ်။ ဘာလုပ်ပေးနိုင်မလဲ။ ဘာလုပ်ပေးသင့်သလဲ။

လေဆိပ်ထဲမှာ ကျန်ရစ်ခဲ့တဲ့ ကလေးမလေးအတွက် မိနစ်ပိုင်းဟာ အလွန်အရေးကြီးပါတယ်-လို့ အစ္စရေးရဲမေတစ်ဦးက ပြော တယ်။ပြည့်စုံကြွယ်ဝတဲ့ စက်မှုဖွံ့ဖြိုးပြီးနိုင်ငံတစ်နိုင်ငံက ခေတ်မီလေဆိပ်တစ်ခုထဲမှာ ယောင်ချာချာ မိဘပျောက်ရှာနေတဲ့ ကလေး မလေးတစ်ယောက်အတွက် မိနစ်တိုင်းဟာ အရေးကြီးပါတယ်ဆိုလျင် ဘဝပင်လယ်ပြင်ရဲ့ ဒုက္ခနွံအိုင်ထဲမှာ တစ်ယောက်ထဲ နစ်ကျန်ရစ်ခဲ့တဲ့ စောင့်ရှောက်သူမဲ့၊ ကယ်သူမဲ့၊ ရုန်းထွက်ဖို့ ခွန်အားမဲ့ ကလေးငယ်ပေါင်းများစွာရဲ့ ဘဝတွေအတွက်ဆိုလျင်ဖြင့် အချိန်ဟာ ဘယ်လောက်တောင် အရေးကြီးလေမလဲ။

ပြောမပြတတ်အောင်၊ စဉ်းစားလို့မရနိုင်အောင်ပင် ဖြစ်မိပါတယ်။ ။

သြဂုတ်လ ၃ ရက် ၊ ၂ဝဝ၈

(photos - internet and moemaka)

Comments