Aung Moe Win - 20 Years Injuries

ချစ်သူရေ … တခါတလေ မထင်မရှားဇာတ်ကောင်တွေနဲ့ မိုးတိမ်တွေကို ထိနမ်းကြည့်ချင်တယ်။

ငါ့ရင်ထဲမှာ ပင်လယ်တစင်း ရှိနေမှာတော့… အကြိမ်ကြိမ် ပြန်လင်းနေမယ့် ကြယ်စင်တွေ..နေရာတိုင်းမှာ တွေ့နေရအုံးမယ်ဆိုတာ…..

တိတိကျကျ ယုံကြည်နေမိတယ်။

အနှစ် ၂၀ စိတ်ဒဏ်ရာများ - ၁

အောင်မိုးဝင်း

သြဂုတ် ၅၊ ၂၀၀၈

လူဝင်စားတယောက်က အရင်ဘဝကို ပြန်ပြောပြသလိုမျိုး

လွမ်းစရာ ကောင်း ပေါ့

နှစ်များ၊ ပုံရိပ်များ …

အမြဲ စိမ်းလန်းခဲ့သော … ချစ်သူများ

(မိတ်ဆွေတယောက်ရဲ့ ကဗျာမှ)

တောင်ခါးဖြတ်ကနေ ကြည့်မိဆိုရင် မြို့တမြို့လုံးကို လုံလုံလောက်လောက် ခံစားလို့ရမယ့် အနေအထားတခုကို ရမယ်။ နယူးယောက် အထက်ပိုင်းဒေသမှာ နွေဦးရေကန်တွေ ဖြည်းဖြည်းလေးလှနေပုံက ဆွတ်ပျံ့ဘွယ်ဘဝတွေကိုပြန်ခေါ်သွားသလိုမျိုး။ စပျစ်ခြံတွေမှာ ဝိုင်မျိုးစုံကို စမ်းသပ် သောက်သုံးနေတဲ့ လူတွေရဲ့ ရယ်မောသံတွေ၊ အာဂျင်တီနား တန်ဂိုအကနဲ့ ရင်ချင်းကပ်ထားတဲ့ စုံတွဲတွေရဲ့ ပြင်းပြင်းရှရှ ညှို့ယူထားဆဲ အကြည့်တွေ၊ နောက် ကာရီဘီယံဗုံသံ နဲ့ ခပ်ဖွဖွလာထိနေတဲ့ ရှနယ်ရေမွှေးနံ့တွေရယ် …

ကျနော့်ဘဝကို ကျနော် ပျော်ခဲ့ပါရဲ့လား … ။ တောအတုတွေထဲမှာ လူစိမ်းတွေနဲ့ ဟန်ဆောင်ထားတဲ့ ပြဇာတ်တွေကိုရော ကျနော် ဘယ်အချိန်ထိ ကြည့်နေရအုံးမှာလဲ။ မမြင်ရတဲ့မြားတွေ စိုက်ဝင်နေတဲ့ စကားသံတွေကိုလည်း ဘယ်အချိန်ထိ မွန်းမွန်းကြပ်ကြပ် သိမ်းထားရမှာလဲ။ ညနေခင်း လေပြေထဲမှာ မကျေနပ်စိတ်နဲ့ ကျနော့်စိတ်ဒဏ်ရာတွေ ဖရိုဖရဲ ပစ်ကျဲကြည့်နေမိတယ်။ အလွတ်လပ်ဆုံးအော်လို့ရမယ့် အမြင့်ဆုံး ကျောက်ဆောင်တခုပေါ်ကို ကျနော် တက်ကြည့်လိုက်တယ်။ ကျနော့် နှုတ်ခမ်းက အဆာလောင်ဆုံး စကားလုံးတခု ထွက်ကျသွားတယ်။

“ချစ်သူတို့ရေ …

ပဲ့တင်သံတွေ ပြန်ရောက်မလာခင်..

ပဲ့တင်သံတွေ ပြန်ရာက်မလာခင်..

ကျနော့ကို ညနေခင်းတခုစာလောက် ဆုံစည်းခွင့် ပေးစမ်းပါ။

အော် … အနှစ် ၂၀ တဲ့

လူဝင်စားတယောက်က အရင်ဘဝကို ပြန်ပြောပြသလိုမျိုး … အံ့သြဖို့ ကောင်းပေါ့ …”

အသံ ၁

မမြင်ရတဲ့ နဂါးတကောင်နဲ့ တိုက်ရတယ် ဆိုတာ

ရှုံးခြင်း နိုင်ခြင်းက အဓိက မဟုတ်

ရင်ဆိုင်ရဲခြင်း သတ္တိကိုက အရေးပါနေပြီ။

( သုခမိန်လှိုင်)

အရင်တုံးကလိုပါပဲ ငါ့မောင်ရယ် … ညဦးရဲ့ ပြတင်းတံခါးတွေကို ဖွင့်ကြည့်လိုက်မယ် ဆိုရင် စံပယ်ရနံနဲ့ မြတ်လေးရုံဆီက ရနံတွေ ပေါင်းပြီး ကျွံဝင်လာမယ်။ လရောင်က ဝိညာဉ်တွေကို ဖြည်းဖြည်း လှုပ်နှိုးနေမယ်။ အဝေးက အုန်းမောင်းခေါက်သံတွေ၊ ရွတ်ဖတ် သရဇ္ဇယ်သံတွေနဲ့ အတူ ခိုးဝင်လာတဲ့ လူရိပ်တွေ၊ ပြီးရင် မနက်စောစောတွေမှာ တိတ်တဆိတ် ခြေရာဖျောက်သွားတဲ့ သံမဏိဝိညာဉ်တွေ …

ငါတို့တတွေမှာလည်း ဘယ်ဘဝက ပါလာတဲ့ ရေစက်တွေလည်း မသိပါဘူး။ လူတွေ ... ငါတို့ဆီကို အိပ်မက်ဆန်ဆန် ရောက်လာကြတယ်။ နှုတ်မဆက်ဘဲ ပျောက်သွားကြမယ်။ ဒီလိုဖြစ်မယ်ဆိုတာ သိနေပေမဲ့ အမေကတော့ ည ချင်းသုတ်တွေအတွက် အမြဲ အရံသင့်ဖြစ်နေအောင် ပဲကြမ်းတွေ ကြော်နေတယ် တဲ့။ သူ့မှာလည်း နင်တို့အတွက် ရင်တမမ နေ နေခဲ့ရတာ အနှစ် ၂၀ ပြည့်ပေါ့။

ဆိပ်ကမ်းလေးမှာ ရာသီထွက် သီးနှံတွေ ရောက်လာပြီ ဆိုရင် …

“ ကျောင်းဆရာလေးတွေ ပြန်ရောက်လာမလား မသိဘူး …” တဲ့။

သူက စာသင်ကျောင်းနားလေးဆီ တဝဲလည်လည် လုပ်နေတတ်တယ်။

ပြီးရင် ကမ်းနားဈေးထဲကိုသွားပြီး ဗုံလုံသီးရှည်မျောမျောတွေကို အမှတ်တရ ဝယ်လာတတ်တယ်။

ငါကမေးကြည့်မိတယ်။ အမေ ဘာလို့ ဝယ်လာတာလဲ ဆိုတော့

“ကောင်လေးတွေကို သတိရလို့ …” တဲ့၊ ဆေးပေါ့လိပ်ကို ဖွာပြီး ခွေးတွေဟောင်တဲ့ဘက်ကို လိုက်ကြည့်နေတယ်။

ငါ ဘာမှ ပြန် မပြောမိပါဘူး။ စိတ်ထဲမှာ ခံစားရတာလေးတွေတော့ ရှိတယ်။

သူတောင် ဘာမှ သွေးသား မတော်စပ်ဘဲနဲ့ နင်တို့ကို သတိရနေသေးရင်၊ နင့်ရဲ့ မိဘအရင်းတွေကရော ဘယ်လောက် သတိရနေမလဲ။

အလည်လွန်နေတဲ့ သားတွေကို စောင့်နေရင်း အိပ်ရေးပျက်ခဲ့ရတဲ့ ညတွေကို ဘယ်လို ဖြတ်သန်းနေကြရမလဲ။

စာသင်ကျောင်းထဲမှာ မိုးစက်တွေ ယိုစိမ့်လာနေပေမဲ့ အိမ်ကို ငါ မပြန်ချင်သေးဘူး။ ငါ့ကိုယ်ငါ စဉ်းစားနေမိတယ်။ တခါတလေ ကိုယ့်ရဲ့ နာမည်ရင်းကို မေ့ပြီး နာမည်အမျိုးမျိုး ခေါ်ခံနေရပေမဲ့၊ ဒဏ်ရာတွေက အသွေးအသားထဲ ထိ လှိုက်စားနေတယ်။ နှစ်တွေ၊ သဏ္ဍန်တွေ၊ အရောင်တွေသာ ပြောင်းသွားတယ်။ ဆူးစိုက်နေတဲ့ နေရာက အနှံ့အပြား ဆိုတော့ အသံတွေကို မှတ်မိနေဆဲပဲ။

အဝေးက အိမ်လေးကို ပြန်စရာဆိုလို့ ငါ့မှာ ဘယ်သူမှ ကျန် မနေရစ်တော့ပါဘူး။ အဖေက ထောင်ထဲမှာ ဆုံးသွားတယ်။ အလုပ်ရုံနဲ့ အိမ်ကို စစ်အုပ်စုက သိမ်းယူလိုက်တယ်။ သူပုန်က ထောက်ပံ့ပေးတဲ့ ငွေနဲ့ ဝယ်ထားတဲ့ အိမ်တဲ့။

ငါ့ စိတ်ထဲမှာ သားရေချပ်တွေကို တနင့်တပိုး သယ်ပြီး ဖိနပ်ချုပ်လုပ်ငန်းကို မိုးလင်း မိုးချုပ် လုပ်ကျွေးခဲ့ရတဲ့ အဖေ့ရဲ့ နေ့ရက်တွေအတွက် အားနာသွားတယ်။ မဆလပါတီ တင်းပြည့်တယောက်ရဲ့ အိမ်ကိုလည်း သိမ်းနိုင်တာပါပဲလား လို့ တွေးလိုက်မိတယ်။

အပြင်မှာ ဆရာမလေးတွေလည်း အိမ် မပြန်နိုင်ကြသေးဘူး။ သူတို့ပါလာတဲ့ ရေခဲချောင်းတွေ၊ ဆီကြော်မုံ့တွေကို ကုန်အောင် ရောင်းရအုံးမယ်။ ကျန်တဲ့မုံ့တွေကို ညနေဈေးလေးထဲမှာ ဝင်ရောင်းကြရမယ်။ ပြီးမှ စားသောက်စရာလေးတွေကို ဝယ်ပြီး အိမ်မှာ မျှော်နေတဲ့ သူတွေအတွက် ချက်ပြုတ်ရမယ်။

နင် စ ရောက်လာတုံးက အံ့သြတကြီး မေးတဲ့ မေးခွန်းကို ငါ အမှတ်ရနေတုံးပဲ။

“ စာ လာသင်တဲ့ ကျောင်းဆရာမလေးတွေက ဘာလို့ ရေခဲချောင်းပုံးတွေ၊ မုံ့ပုံးတွေကို သယ်လာကြတာလဲ …” ဆိုတော့

ရထားသံတွေကြားမှာ ပြန်ပြောမိတဲ့ မသဲမကွဲ ငါ့အသံတွေထဲမှာ မောနေသလို ခံစားရတယ်။

“ဒီကျောင်းလေးကို စာလာသင်လို့ သူတို့ အပြန်အလှန် ပြန်ရတာက ရာသီထွက် သီးနှံတွေလေဟာ ... သီးနှံတွေ မအောင်တဲ့ရာသီဆိုရင်တော့ သူတို့လည်း ဘာမှ မရဘူးပေါ့။ အစိုးရက ဘာမှ ထောက်ပံ့ပေးတာ မဟုတ်ဘူးလေ။ ဒီလိုပါပဲဟာ။ နင်တို့ မြို့ကြီးတွေမှာသာ ကျယ်ကျယ်လောင်လောင် အော်ပိုင်ခွင့်ရှိတာ။ လူမသိ သူမသိ အခုလို နယ်က ရွာတွေမှာ ဖြစ်နေတာ ဘယ်သူမှ မသိပါဘူး။ ကမ္ဘာခြား တခုပါဟာ …”

အော်… ပြောရအုံးမယ် ... ရယ်စရာ ဖြစ်နေမလားတော့ မသိဘူး။

အရေးတော်ပုံကြီး ဖြစ်နေတုံး၊ သူတို့က ရွာနဲ့ အနီးဆုံးနေရာ မြို့ကလေးကို ၂ နာရီလောက် လမ်းလျှောက်သွားရတယ်။ သူတို့ကလည်း မြို့ကရောက်လာတဲ့ သတင်းတွေ ညွှန်ကြားချက်တွေကို နားထောင်ပြီး၊ ငါတို့ကို ရိုးပြတ်တောနားက ကွက်လပ်ထဲ စုခိုင်းတယ်။ သူတို့ပြောတဲ့စကားက တိုတိုလေးပါ။ ဆင်းရဲတွင်းက လွတ်ချင်ရင် ဒီကြွေးကြော်သံတွေ အော်ပေါ့။ ဘာပဲဖြစ်ဖြစ် ငါတို့ အသံတွေ… လယ်တောတွေဆီမှာ နေကြာပန်းပင်တွေကို လာစားဖို့ အလည်ရောက်လာတဲ့ငှက်တွေက သယ်သွားနိုင်ကောင်းပါရဲ့ လို့ တွေးပြီး

သူတို့တတွေ နေ့တိုင်း သွား အော်နေခဲ့ကြရတယ်။

အသံ ၂

မြေကြီးလို မာကျောနေတဲ့ ခင်ဗျားတို့ရဲ့ လက်သီးဆုပ်များကို မေ့မထားပါဘူး

အရေးတော်ပုံကြီးတုံးက အတူရှိခဲ့တဲ့ သွေးစက်တွေ

မီးလျှံတွေလို ဟုန်းဟုန်းထနေချိန်

တိုင်းပြည်အလယ် လမ်းမတွေပေါ်မှာတော့ ဖြိုမရ ဖျက်မရ သန္ဓေတည်ခဲ့ကြပြီ။

လူသတ်အမိန့်ကို ထမ်းဆောင်သူများ

ရိုင်ဖယ်သေနတ် မောင်းတင်နေသူများ

မသာလောင်းတွေပေါ်မှာ အာဏာထူထောင်ချင်တဲ့ ကောင်တွေနဲ့

လက်ဆွဲ နှုတ်ဆက် မေ့လျော့ပစ်ဖို့ အလိုမရှိ

(ပတ်ပလိုနီရူးဒါး)

ငါ့ဘဝ တလျောက်လုံးမှာ သေချာတာ တခုတော့ ပြောရဲတယ် မိုးဝေရာ။ ငါလေ.. ဂျိန်းစဘွန်းကားတွေကို မကြိုက်ခဲ့တာအမှန်ပဲ။

လူတွေက ဂျိန်းစဘွန်း ရုပ်ရှင်တွေလို.. နောက်ဆုံးပေါ် ဆက်သွယ်မှု အတတ်ပညာတွေ၊ ရုပ်ဝတ္ထုပစ္စည်းတွေ ပေါ်လာတာ ကောင်းပါတယ်။ ဒါပေမဲ့ လူထုဆီ မသွားဘဲ လက်ဖျားမှာ သီးနေတဲ့ ငွေတွေနဲ့၊ ဆဲလ်ဖုံးတွေပေါ်ကနေ လူထုအုံကြွမှုတွေအော်နေရင်တော့ မှားသွားမယ် ထင်တယ်။ ဂျိန်းစဘွန်း ကလူထုကို ဦးဆောင်ပြီး အစိုးရတရပ်ကို ဖြုတ်ချနိုင်ခဲ့တယ် ဆိုတဲ့ အဖြစ်မျိုး ရုပ်ရှင်ထဲမှာတောင် မရှိဘူး။

ဂျိန်းစဘွန်းကားတွေရဲ့ဇာတ်လမ်းအသေတွေကို ငါပြောပြမယ်။

(က) ဘွန်း သည် အဆင့်မြင့် အတတ်ပညာတွေနှင့် ထောက်ပံ့ခံထားရသူ ဖြစ်သည်။

(ခ) မိန်းမလှလေးတွေနှင့် ခပ်ကြမ်းကြမ်း အနမ်းတွေ မက်မက်မောမော ဖလှယ်မည်။

(ဂ) ဇာတ်လမ်းအဆုံးသတ်ခါနီးမှာ လူဆိုးတွေဖမ်းဆီးခြင်း ခံရမည်။

(ဃ) နောက်ဆုံးမှာ ဂျိန်းစဘွန်း အနိုင်ရသွားမည်။ “ အိုး … ဘွန်းရယ်” ဆိုသည့် လှိုက်မောဘွယ် မိန်းမတယောက်ရဲ့ အဆုံးသတ်မှုတွေဖြင့် ပရိသတ်ကို ဆန့်တငံ့ငံ့ ထားရစ်ခဲ့မည်။

ဒါပဲ မို့လား … အမြဲတမ်း အနိုင်ရနေတဲ့ ဗြိတိန် ထောက်လှမ်းရေး ၆ က အားကျစရာတော့ အကောင်းသား။

ငါတို့ နိုင်ငံမှာ ... သူရဲကောင်းတွေ အများကြီး ထွန်းကားခဲ့ပေမဲ့ ငါတို့ဇာတ်လမ်းတွေက အဲ့သလောက်တော့ စိတ်ကူးယဉ်စရာတွေ မရှိခဲ့ဘူး။ နိုင်ငံရေး စ လုပ်လာစက ကပ်စထရိုကို အားကျပြီး ကမ္ဘာကျော် တရားခွင် လျောက်လဲချက်တွေ တင်လို့ရမယ် ထင်ခဲ့မိတယ်။

စကားလုံးတလုံးမှ ပြန်မပြောလိုက်နိုင်ခင် စစ်အကျဉ်းထောင်ထဲမှာ သွေးအန်ရင်း ဖြတ်ခဲ့ရတဲ့ ကာလတွေ ဆယ် စု နှစ် တစု ကျော်သွားတယ်။

ဒါပေမဲ့ ... အိပ်မက်တွေကတော့ ခိုင်ခိုင်မာမာ ရှိနေတုံးပါပဲ။ အိမ်တော်ရာ ဘုရားဝင်းထဲက သေနတ်သံတွေကို ငါသတိရနေတုံးပဲ။ မန္တလေးမြို့ကြီးကို မကြာခင် သိမ်းပိုက်တော့မယ် ဆိုတဲ့ စစ်ရေးသုံးသပ်ချက်တွေကို ရင်ခုန်နေတုံးပဲ။

အဲ့ဒီ မျှော်လင့်ချက်တွေနဲ့ပဲ ငါတို့ ယုံကြည်ချက်တွေ နီစွေးခဲ့တယ်။

စစ်တပ်က အာဏာသာ သိမ်းခဲ့ပေမဲ့ အိမ်တော်ရာဘုရားဝင်းသပိတ်စခန်းကို ကပ်လို့ မရခဲ့ဘူး။

ဈေးချိုနာရီစင်နားမှာ တပ်စွဲထားတဲ့ စစ်သားတွေကို လက်နက်ကိုင်လူတစုက ဝင်ပစ်တယ်။

မိချောင်း တံတားနား၊ ထီးလင်းတိုက်နားကလမ်းမတွေပေါ်မှာ အုတ်ပုံတွေထဲကို ဗုံးတွေမြှုပ်ထားပြီး စစ်သားတွေရောက်လာရင်ပြန်ခုခံဖို့လုပ်ကြတယ်။ စစ်တပ်ကလည်း တလျောက်လုံး စစ်တိုက်လာတဲ့သူ ဆိုတော့ ... ရပ်ကွက်ထဲက လူငယ်တွေကို ပထမ ဖမ်းဆီးလိုက်ပြီး၊ စစ်အင်္ကျီလဲပေးလိုက်တယ်။

ပြီးမှ အုတ်ပုံတွေကို ရှင်းခိုင်းတယ်။ ရပ်ကွက်က ရိုက်လို့ သေတဲ့သူ၊ အုတ်ပုံထဲက ဗုံးတွေပေါက်လို့ သေကုန်တဲ့လူတွေ အကုန်လုံးက ရပ်ကွက်ထဲက လူတွေလေ။ ဒါပေမဲ့ စိတ်မလျော့ခဲ့ကြပါဘူး။

မင်းမှတ်မိသေးလား။ ရှစ်လေးလုံး အရေးတော်ပုံကို ချေမှုန်းဖို့အတွက် စစ်တပ်က ကြိုးစားတော့ မြေပေါ်မှာ ငါတို့ရဲ့ ကျောင်းသားသမဂ္ဂ ကို

လူ နှစ်စု ခွဲလိုက်တယ်။ တစုက လက်နက်ရှာဖို့၊ သူပုန်တွေနဲ့ ဆက်ဖို့ပေါ့။ မြေပေါ်မှာ လက်နက်ကိုင်သင်တန်းတွေ ပို့ချကြတယ်။ စစ်ဆင်ရေးကားတွေ ကြည့်ခဲ့ကြတယ်။ ဗိုလ်ချုပ်တွေကို လုပ်ကြံသတ်ဖြတ်လို့ရမယ့် အချိန်တွေကို စောင့်ခဲ့ကြတယ်။ နယ်တွေကို ခရီးထွက်ကြရတယ်။ ပန်းဆိုးတန်း ပလက်ဖောင်းဘေးက စာအုပ်အဟောင်းတွေရွတ်ပြီး ငြင်းခုန်နေတဲ့ နိုင်ငံရေးသမားတွေကလည်း သူတို့ရဲ့မြေပေါ်တိုက်ပွဲကို အဆုံးသတ်ဖို့ လုပ်နေကြသလို၊ ငါတို့လည်း အသုတ်လိုက် အသုတ်လိုက် မြောက်ပိုင်းကိုသွားလိုက်၊ ပြန် ဝင်လာလိုက်နဲ့။

စစ်ကြောရေးစခန်းမှာတုံးက စစ်ထောက်လှမ်းရေးတွေပြောတဲ့ စကားကို ကြားနေတုံးပ။ဲ

“ ဟေ့ကောင် တောင်ပြော မြောက်ပြော လျောက်ဖြေမနေနဲ့။ ဗကသ လို့ အမည်ခံကတည်းက မင်းတို့ နောက်ကွယ်မှာ လက်နက်ကိုင်တော်လှန်ရေး ကပ်ပါနေတယ်ဆိုတာ လူတိုင်း သိတယ်။ မင်းဘိုးအေတွေ လက်ထက်ကတည်းက စစ်ဆေးလာခဲ့တာကွ။ မအေ -ိုး လေး၊ေ-ွးသားလေး … ” တဲ့။

ညတညလုံး ပက်ပက်စက်စက် ဆဲပြီး မူးရူး အိပ်ပျော်သွားတဲ့ စိုးမြင့်နဲ့ အပေါင်းအပါ စစ်ထောက်လှမ်းရေးတွေကို ကိုယ် စောက်ထိုး ကြည့်နေမိတယ်။

ကိုယ့်ကို ထုတ်တန်းပေါ်မှာ ဇောက်ထိုး ဆွဲထားတာ ဆိုတော့ သူတို့ကို ဘယ်မှာ အတည့်ကြည့်လို့ ရပါ့မလဲ။ ကိုယ့်သူငယ်ချင်းတယောက်ဆို သူတို့ ရိုက်တာ များသွားလို့ ခြေထောက်က အကြောတွေ ထုံးသွားလိုက်တာ၊ ဆောင်းတွင်းတွေဆို ဆေးရုံမှာ တက်တက် ခွဲရတယ်။ ဒီပီအေက ရဲဘော်တွေလေ။ မင်း မှတ်မိမယ် ထင်တယ်။

ရှစ်လေးလုံး အရေးတော်ပုံအပြီး လက်နက်ကိုင် တော်လှန်ရေးလုပ်ဖို့ မြေပေါ်မှာ ကြိုးစားခဲ့တဲ့ အုပ်စုတွေထဲမှာ “ ဒီမိုကရက်တစ် မျိုးချစ်တပ်မတော် ( Democratic Patriotic Army) ( သူတို့ကို ထောင်ထဲမှာ Steel သံမဏိအုပ်စုတွေလို့ လူသိများတယ်) က ကျောင်းသားတွေလည်း တော်တော်ခံရတယ်။ တကယ်တော့ ငါတို့က သူများတွေ ပြော ပြောနေကြသလို ငှက်ဖျားတောထဲမှာနေရင်း စစ်တိုက်ခဲ့ကြတဲ့ သူရဲကောင်းတွေလိုတော့ မဟုတ်ပါဘူး

ဒါပေမဲ့ … လုပ်ကြံရေး သတ်ကွင်းတွေမှာ လမ်းလျောက်ဖို့ ကြိုးစားကြည့်ခဲ့တယ်။ မြေပေါ်မှာ ပြောက်ကျားစစ် လုပ်မဲ့သူတယောက်ရဲ့ အန္တရာယ်ကို လျော့တွက်လို့ ရတာမှ မဟုတ်တာ။ သတင်းပေါက်တာနဲ့ လူက သေလူ ဖြစ်နေပြီ။ ဒီလိုနဲ့ စွန့်စားခဲ့ကြရတာပါပဲ။ ဒါပေမဲ့ တဘက်မှာ အဆိုးဆုံးဖြစ်ရပ်တွေလည်း ကြုံတွေ့နိုင်တယ်။ စစ်ဆင်ရေးလုပ်ခါနီးမှာ လက်နက်တွေ ရောက်မလာဘဲ အဖမ်းခံလိုက်ရတဲ့ ဖြစ်ရပ်တွေလိုမျိုးပေါ့။

နေစမ်းပါအုံး ... ဗမာပြည်မှာ မြေပေါ် ပြောက်ကျား လက်နက်ကိုင်တော်လှန်ရေးက တကယ် ဖြစ်ခဲ့လို့လား။

အနှစ် ၂၀ အတွင်း မြေပေါ်မှာ မြို့ပေါ်က လူတွေ သေနတ်သံ တချက် ကြားခဲ့ရလို့လား။

နံရံလေးဘက်ထဲက ခြောက်ခြားဖွယ် ညတွေထဲ မေးခွန်းတွေ ရောက်လာပေမယ့် စိတ်ကူးတွေက ရင့်မာနေဆဲပဲ။

ပြန်ထွက်လာတဲ့ အခါပေါ့ …

အသံ ၃

ဟော ... ညနေခင်းရဲ့နှင်းဆီလုံး တလုံး

ကျောကုန်းပေါ်က ပြုတ်ကျသွားပါပကော။

ပြန်တော့… ညီမလေးရယ် …

ငါကတော့ အမေ ပို့လိုက်တဲ့ ဆေးလိပ်တွေကို ဖွာရှိုက်ရင်းနဲ့

(မောင်ရှင်စော ရဲ့ကဗျာမှ)

ညနေ ၆ နာရီ၊ မန္တလေး ရထားထွက်ဖို့ ဘီးက စလှိမ့်နေပြီဟ၊ သိလား။

ကိုယ်က ဒီမြို့ကလေးမှာ မွေးဖွားကြီးပျင်းလာခဲ့ရပေမဲ့ တယောက်မှ မနှုတ်ဆက်ဖြစ်ခဲ့ဘူး။ တိတ်တိတ်လေး ပြန်လာခဲ့ရတယ်။ မြောက်ပိုင်းဒေသကို ထွက်လာခဲ့တာ သိပ်မကြာသေးဘူး။ ဒါပေမဲ့ ကျန်ခဲ့တဲ့ သမဂ္ဂက ရဲဘော်တွေကို ပြန်ဆက်သွယ်ဖို့ ပြန်ဝင်လာခဲ့မိတယ်။ သံလမ်းဘေးကနေ လှမ်းကြည့်လိုက်ရင် ငါ့အိမ်လေးကို ညနေရီရီထဲမှာ မသဲမကွဲ တွေ့နေရတယ်။

နေ့လည်တုံးက သူငယ်ချင်းတွေအတွက် လိုအပ်တဲ့ ဆေးတွေဝယ်နေတုံး ငါ့ဘေးမှာ ငါ့ညီမလေး ဆေးလာဝယ်တာတွေ့ရတယ်။

ငါသိတာပေါ့ သူ ဘာဆေး ဝယ်မယ်ဆိုတာ။ အမေ လေဖြတ်နေတယ် တဲ့။ သူ့သမီး အိမ်ပြန်မလာကတည်းက ကောင်းကောင်း မအိပ်နိုင်ရှာဘူးတဲ့။ ငါ နှုတ်ဆက်ချင်လိုက်တာ။ အမေ ဘယ်လိုနေလဲ လို့ မေးချင်လိုက်တာ။ စိတ်ကို မနည်း အောင့်ထားရတယ်။
ဒါပေမဲ့ ထွက်လာခဲ့ရတာပါပဲ။ တံခွန်တိုင်တောင် မရောက်သေးဘူး။ ရထားက ရပ်သွားတယ်။ ဘာဖြစ်ပြန်တာလဲ ... လူတွေ ခေါင်းပြူထွက်နေတာမှ သိပ်မကြာသေးဘူး။ ငါ့နားကို ယောင်္ကျားရင့်မာကြီးတွေ ၁၀ ယောက်လောက် ရောက်လာတယ်။ တယောက်က ဗြုံး ဆို ငါ့နားထင်ကို လှမ်းရိုက်တယ်။

“ေ-ာက်ကောင်မ … မှောက်အိပ်စမ်း” တဲ့

ငါ အဖမ်းခံလိုက်ရပြီ ဆိုတာ သိလိုက်တယ်။ ဆက်တိုက်ဝင်လာတဲ့ လက်သီးတွေကြားမှာ ငါ ဘာမှ သတိမရတော့ဘူး။

သတိပြန်လည်လာလို့ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ အခန်းမှောင်မှောင်လေးထဲမှာ ယောင်္ကျား ၂ ယောက် ဆေးလိပ်ဖွာနေတာကို တွေ့လိုက်ရတယ်။ အော်… ငါ စစ်ကြောရေး စခန်းမှာပါလားလို့ သဘောပေါက်လိုက်မိတယ်။

တယောက်က စပြီး ဆိတ်ငြိမ်မှုကို ထိုးခွဲလိုက်တယ်။

“နင်တို့ တော်တော်မိုက်တဲ့ ကလေးမပဲ … မြို့မှာ မွေးတဲ့ သူတွေက တောထဲ သွားချင်တယ်။ ဟို တောထဲက ကချင်မတွေက မြို့တက်ပြီး အေရိုးဗစ် သင်တန်းတောင် ဈေးကြီးကြီးပေးတက်ဖို့ ကြံနေကြပြီ …”

သူတို့ ဘာပြောနေတယ် ဆိုတာ ငါ သဘောမပေါက်သေးဘူး။

၅ နှစ် လောက် အကျဉ်းထောင်ထဲမှာ နေလိုက်ရပြီး ငါ့မြို့ကလေးကို ပြန်ဝင်လာတဲ့ ညမှာပဲ စစ်ကြောရေးစခန်းတုံးက ထောက်လှမ်းရေးတွေပြောတဲ့ စကားကို သဘောပေါက်လိုက်တယ်။

လက်စသတ်တော့ သူတို့ ပြောတဲ့အုပ်စုတွေက ကချင်ငြိမ်းချမ်းရေးတပ်ဖွဲ့က လူတွေဖြစ်တဲ့ မထုနော်၊ ဒေါက်တာ တူးဂျာ နဲ့ စခုံတင်ရိမ်း တို့အုပ်စုတွေကို ပြောတာကိုး။ အရေးတော်ပုံအပြီး အဖောက်ပြန်ဆုံး အုပ်စုတွေကိုပြပါဆိုရင် ကချင်ငြိမ်းချမ်းရေးအုပ်စုတွေ ထိပ်ဆုံးက ပါတာပေါ့။ သူတို့လည်း ဗမာစစ်တပ်လိုပါပဲ။ အောက်ခြေထုကသာ ဆင်းရဲနေတာ၊ ခေါင်းဆောင်တွေက ချမ်းသာကြသလား မမေးနဲ့။ နင်တို့က ကချင်အုပ်စုတွေ ၂၀၁၀ ရွေးကောက်ပွဲဝင်မယ်ဆိုတော့ ဒေါသထွက်နေကြတာ။ လူတွေက သူတို့ကို စိတ်ပျက်နေတာ ကြာလှပြီ။ တိုင်းရင်းသားချင်း သစ္စာဖောက်တဲ့ အုပ်စု၊ လူမျိုးစုတစုက အခြားလူမျိုးစုတစုကို အမြင်ကျဉ်းကျဉ်း၊ အညိုးတကြီးနဲ့ နောက်ကျော ဓါးနဲ့ထိုးဖို့ လုပ်တဲ့အုပ်စုတွေကို မြင်ပြီဆိုရင် မြင်ကွင်းကျယ် နိုင်ငံရေး ရာသီဥတုမှာ နောက်ထပ် ကစားနည်းအသစ်တွေကို စဉ်းစားဖို့တော့ လိုတယ်။ ဒါပေမဲ့ဟာ … ရှစ် လေးလုံး ဆိုတာ လူမျိုးပေါင်းစုံ သွေးချင်းထပ်ခဲ့တဲ့ အမြဲစိမ်းတောတွေပါ။ မန္တလေးထောင်ထဲမှာ မြစ်ကြီးနားနဲ့ မိုးညှင်းဘက်က ငါ့သူငယ်ချင်းတွေ အခုထက်ထိ မလွတ်သေးဘူး။ (ဆက်လက်ဖော်ပြပါမည်) – Photo from Internet

Comments