Burma anniversary demonstrators freed

တောင်ကုတ်မြို့တွင် ဆန္ဒပြသူအများစု ပြန်လည်လွတ်မြောက်
AP သတင်းဌာန
သြဂုတ် ၉၊ ၂၀၀၈
ရှစ်လေးလုံးနှစ်ပတ်လည်နေ့တွင် ဆန္ဒပြ၍ ဖမ်းဆီးခံထားရသူများအနက် ၄၃ ဦး ပြန်လည် လွတ်မြောက်လာကြောင်း အတိုက်အခံပါတီက ယနေ့ ပြောကြားလိုက်သည်။

ရန်ကုန်တွင် သိသာထင်ရှားသည့် ဆန္ဒပြမှုများကို မတွေ့ခဲ့ရပေ။ လုံခြုံရေးများ အထပ်ထပ် ချထားသည်။ ဒီမိုကရေစီအရေး လှုပ်ရှားသူများက ကြွေးကြော်သံများ ဟစ်အော်ပြီး လမ်းမပေါ်တွင် ပန်းခွေချ အလေးပြုသည့် လှုပ်ရှားမှုလေးများကိုသာ ပြုလုပ်ကြသည်။

ယမန်နေ့က ရခိုင်ပြည်နယ် (တောင်ကုတ်မြို့)တွင် ဆန္ဒပြသူ ၄၈ ဦးက ငြိမ်းချမ်းစွာ ချီတက်ခဲ့ကြသည်။ရဲတို့က ၎င်းတို့ကို ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသူများထဲမှ ၄၃ ဦး ယမန်နေ့ညနေပိုင်းက ပြန်လည် လွတ်မြောက်လာကြောင်း ရခိုင်ပြည်နယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး ဦးသိန်းနိုင်က ပြောပြသည်။

"ကျန်နေတဲ့ ၅ ယောက်လည်း ပြန်လွတ်လာလိမ့်မယ်လို့ မျှော်လင့်ရတာပဲ။ ဆူတာပူတာ လုပ်ခဲ့ကြတာမှ မဟုတ်ဘဲ။ ၁၉၈၈ တုန်းက အသတ်ခံရတဲ့ သူတွေကို အမှတ်ရတဲ့အနေနဲ့ လုပ်ခဲ့ကြတာပါ။ ဒီမိုကရေစီ တည်ဆောက်နေတယ်ဆိုတဲ့ အာဏာပိုင်တွေက ကျန်နေသေးတဲ့ ဒီလူငယ်တွေကို မကြာခင် ပြန်လွတ်ပေးလိမ့်မယ်လို့ ထင်ပါတယ်" ဟု ဦးသိန်းနိုင်က ပြောသည်။

တောင်ကုတ်မြို့နှင့် ရခိုင်ပြည်နယ်အတွင်းမှ နေရာအနှံ့အပြားတွင် ပြီးခဲ့သည့်နှစ် စက်တင်ဘာလကလည်း စစ်အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။

Comments