condition of the Nargis victims near Rangoon

နာလန်မထူနိုင်သေးသူများအတွက် အထက်ကလာတဲ့လက်ဆောင်

ညွန့်ထွေး
သြဂုတ် ၉၊ ၂၀၀၈

နူရာဝဲစွဲ၊ လဲရာသူခိုးထောင်း ဟူသောစကားက ကွမ်းခြံကုန်းမြို့နယ်တွင်းရှိ ဆိပ်ကြီးကျေးရွာတွင် သွေးထွက်အောင် မှန်နေသည်။ စစ်တပ်က ရွာသားများကို လုပ်အားပေးဆင့်ကာ ရဟတ်ယာဉ်ကွင်းတခု တည်ဆောက်နေခြင်းကြောင့်ပင်။ ယင်းဒေသမှာ ရန်ကုန်တိုင်းအတွင်း လေဘေးသင့်မြို့နယ်များကြားတွင် အခြေအနေ အဆိုးဝါးဆုံးရပ်ဝန်း ဖြစ်ခဲ့သည်။

အဆိုပါ ရဟတ်ယာဉ်ကွင်းအဖြစ် တည်ဆောက်နေသော ဆိပ်ကြီးရွာထိပ်ရှိ မြေကွက်လပ်ကြီးမှာ ၂ဧကနီးပါး ကျယ်ဝန်းသည်။ ကျေးရွာပေါင်းစုံ ဘော်လုံးပြိုင်ပွဲများ ကျင်းပလေ့ရှိသည်။

ယခုရက်ပိုင်းတွင်မှ စစ်တပ်က ရဟတ်ယာဉ်ကွင်းအတွက် တအိမ်တယောက်နှုန်း လုပ်အားပေးစေခိုင်းနေသည်။ ဒေသခံများက မိမိတို့၏ အလုပ်များကို ရပ်နားလိုက်ရသည်။

“စစ်တပ်ကတော့ ခင်ဗျားတို့ဆီကို နိုင်ငံတကာ အလှူရှင်တွေ ရဟတ်ယာဉ်နဲ့ လာလှူလို့ရအောင် ရဟတ်ယာဉ်ကွင်းလိုတယ်၊ ကွင်းဖောက်ဖို့ ရွာသားတွေ ၀ိုင်းပြီး လုပ်အားပေးရမယ်လို့ ရွာလူကြီးတွေကို ပြောပါတယ်” ဟု ကျေးရွာသားက ပြောပြသည်။

ကြောက်သဖြင့်သာ လိုက်နာရသော်လည်း ရွာသားအများစုမှာ လယ်ယာလုပ်ငန်းများ လက်စမသတ်သေးကြောင်း၊ အလုပ်ပျက် အကိုင်ပျက်ဖြစ်နေကြောင်း ရှင်းပြသည်။

“လောလောဆယ် မျိုးစပါးတွေ အပင်မပေါက်လို့ ကျနော်တို့ စိတ်ညစ်နေကြရတယ်။ ပြီးတော့ လက်လုပ်လက်စားတွေ အတွက်ကလည်း ပျိုးနုတ်၊ ကောက်စိုက် လုပ်စားဖို့ အချိန်ကောင်းလေ။ အဲသလို အချိန်မှာ လုပ်အားပေးလိုက်နေရတော့ ဘာဝင်ငွေမှ မရှိတော့ဘူး။ မုန်တိုင်း တိုက်ပြီးကတည်းက အလုပ်မရှိ၊ ၀င်ငွေမရှိခဲ့ကြတာ အခု ပျိုးနုတ်ကောက်စိုက်တဲ့ အချိန်လေးမှာ နေ့စားလုပ်ပြီး ငွေရှာမလား အောက်မေ့တယ်၊ စစ်တပ်က လုပ်အားပေးခိုင်းနေတယ်။ ကျနော်တို့အတွက်က လုပ်သားရှားနေတယ်။ ပြီးတော့ ကျနော်တို့ လယ်သမားကိုယ်တိုင် လယ်ထဲမှာ လုပ်စရာကိုင်စရာတွေကို ပစ်ချပြီး လုပ်အားပေး လိုက်နေရတယ်။ ကျနော်တို့လယ်လုပ်ငန်းက ဒီအချိန်လေး ဂရုစိုက်လုပ်မှ အဆင်ပြေတာ” ဟု လယ်သမားတဦးက ပြောသည်။

မည်သည့်ရည်ရွယ်ချက်ဖြင့် စစ်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်လိုသည်ကို ဒေသခံများက အတိအကျမသိရသော်လည်း မိမိတို့ဆီကို နိုင်ငံတကာ အလှူရှင်များ ရဟတ်ယာဉ်များဖြင့် ရောက်လာလိမ့်မည်ဟူသော စစ်တပ်၏အပြောကိုမူ သံသယရှိနေကြသည်။

လုပ်အားပေးနေရသည့် ကျေးရွာများမှာ ဆိပ်ကြီးကျေးရွာ၊ မြတ်လေးရုံကျေးရွာတို့ ဖြစ်သည်။ နောက်ပိုင်းတွင် အနီးအနားရွာများလည်း လုပ်အားပေးဆင်းရဖွယ် ရှိနေသည်။

လုပ်အားပေးရာတွင်လည်း မြေညှိမြေဖို့ခြင်းလုပ်ငန်းများကို ရွာသားများသာ ပင်ပင်ပန်းပန်း လုပ်နေရသည်။ စစ်တပ်က ၀င်မကူဘဲ ဘေးမှသာ ကြီးကြပ် ညွန်ကြားနေကြောင်း ကိုယ်တိုင်တွေ့ခဲ့ရသူတဦးက ပြောသည်။

“သူတို့ကိုယ်တိုင်က ဘာမှမလုပ်ဘူးဗျ။ ရွာသားတွေသာ လုပ်နေရတာ။ ရွာသားတွေကလည်း ကြောက်လို့ပါဗျာ။ သိပ် စိတ်ပါလက်ပါ လုပ်ကြတာ မတွေရပါဘူး။ စိတ်ကောပါနိုင်ဦးမှာလားဗျာ သူတို့လယ်တွေကို နောက်ဆံတင်းနေကြတာ။ မျိုးစပါးတွေ အပင်မပေါက်တော့ ပျိုးပင်တွေရှာပြီး စိုက်သင့်ရင် စိုက်ရဦးမှာကိုး။ လယ်ကူလီတွေလည်း ဒီလိုပဲ ဒီအချိန် နေ့စားလေး လုပ်စားရမှာ၊ အခု လုပ်အားပေးနေရတော့ ငတ်နေပြီ။်" ဟု အဆိုပါမျက်မြင်သက်သေက ပြောသည်။ တခြားရွာတွေကလည်း သူတို့အလှည့် ရောက်လာဦးမှာလားဆိုပြီး စိတ် အနှောင့်အယှက် ဖြစ်နေကြတယ် ဟု ဆိုသည်။

ဆိပ်ကြီးကျေးရွာသည် နာဂစ်ကြောင့် စုစုပေါင်း လ ၄၀ နီးပါး သေဆုံးခဲ့သည့် ကျေးရွာတရွာဖြစ်သည်။ အနီးအနားကျေးရွာများမှာလည်း လေဘေးဒဏ်ကို အကြီးအကျယ်ခံခဲ့ရသည့် ကျွန်းချောင်း၊ တောင်ကုန်း၊ တော်ခရမ်းကြီး ကျေးရွာများ ဖြစ်သည်။

“လောလောဆယ်တော့ အဲဒီနေရာမှာ လူငယ်တွေဘောလုံးကန်ခွင့် မရှိတော့ဘူး။ ကျွဲတွေနွားတွေ ကျောင်းလို့မရတော့ဘူး ပေါ့ဗျာ။ ရွာသားတွေကတော့ အတော်လေး စိတ်ညစ်နေတယ်လို့ ကျနော်ကြားတာပဲ။”ဟု အမည်မဖော်လိုသူ ဒေသခံ လယ်သမားတဦးက ဆိုသည်။

ရဟတ်ယာဉ်ကွင်းဆိုသည်က လေကြောင်းခရီးအတွက်ဖြစ်သည်။ ဆက်သွယ်ရေး အဆင်ပြေစေရန်ဖြစ်သည်။ လမ်းပမ်းဆက်သွယ်ရေး ကောင်းမွန်လာလျှင် ဒေသအတွက်လည်း အကျိုးရှိမည်။ သို့သော်လည်း အဆိုပါလယ်သမားက ထိုအချက်ကို လက်မခံပေ။

“စစ်ရေးရည်ရွယ်ချက် တခုခုများ ရှိသလားလို့တော့ ကျနော်ထင်တယ်။ ဘာကြောင့်လဲ ဆိုတော့ ကွမ်းခြံကုန်းကနေ လက်ခုတ်ကုန်းကို ကားလမ်းဖောက်တုန်းကလည်း လုပ်အားပေးနဲ့ပဲ။ ၁၉၉၀ ပြည့်နှစ်လောက်ကပေါ့။ ဒါပေမယ့် အဆုံးသတ်လမ်းချောဖောက်သွားတာ မဟုတ်ဘူး။ သူတို့စစ်ကားတွေ သွားနိုင်ရုံလောက်ပဲ။ အခုထက်ထိ ကျောက်ခင်းလမ်းက တိုးတက်မလာဘူး။” ဟု ဆိုလေသည်။

Comments