Garunar Shin - Running along the waves, Riding With the Winds

လှိုင်းနှင့်အတူ ပြေး လေနှင့်အတူ ခရီးနှင်

ကရုဏာရှင်

သြဂုတ် ၁၊ ၂ဝဝ၈

(၁)

လူတွေကပြောတယ်။ ဘဝတစ်ခုမှာ အဖေအမေဆုံးပါးသွားတာလောက် ဝမ်းနည်း စရာကောင်းတာ မရှိဘူးတဲ့။ တစ်ချိန်ကတော့ ဒီသီအိုရီကို ကျွန်တော်လည်း ဒီလိုပဲ လက်ခံခဲ့တယ်။ အကြောင်းကတော့ ကျွန်တော်အမေဟာ ကျွန်တော်ငယ်စဉ်ကတည်းက သေဆုံးသွားပါတယ်။ အမေသေဆုံးရမှုနှင့်ပတ်သက်ပြီး ကျွန်တော်ဘဝမှာ ဆို့ဆို့နင့်နင့် ခံစားခဲ့ရဘူးလို့ပါ။

လွန်ခဲ့တဲ့လက ထင်မှတ်မထားပဲ ဧရာဝတီတိုင်း၊ ငပုတော လပွတ္တာမြို့များကို ရောက်ရှိသွားခဲ့တယ်။ အကြောင်းကတော့ ၂ဝဝ၈ ခု၊ မေလ ၂ ရက်နေ့က တိုက်ခတ် သွားတဲ့ လေဘေးသင့်ပြည်သူတွေ၊ ရေဘေးသင့် ဒုက္ခသည်တွေကို စွမ်းနိုင်သမျှ ကူညီ လှူဒါန်း ပံ့ပိုးပေးဖို့ပါ။

အဲဒီအရပ်ဒေသတွေကို ကျွန်တော်ရောက်သွားတဲ့အခါ မြင်ရတဲ့ မြင်ကွင်း၊ ကြားရတဲ့ အသံ၊ ဖွင့်ဟပြောဆိုလာကြတဲ့ နှလုံးသားငိုကျွေးသံတွေ့ဟာ ကျွန်တော်ရင်ကို အပ်အစင်းပေါင်း တစ်ထောင် တချိန်တည်းမှာပဲ ထိုးစိုက်ခံလိုက်ရသလို ဆို့နင့်သွားစေခဲ့တယ်။ သနားခြင်း၊ စာနာခြင်း၊ ဝမ်းနည်းခြင်း၊ ကြေကွဲခြင်းတို့နှင့်အတူ ခံစားမှုမျိုးစုံတို့ဖြင့် ကျွန်တော်ရင်တစ်ခုလုံးကို မွန်းကြပ်သွားစေခဲ့တယ်။

မတူညီတဲ့ဘဝတွေနဲ့၊ မမျှတတဲ့ အုပ်ချုပ်မှုတွေကြောင့် ဒီလိုအခြေအနေမျိုးတွေ မဖြစ်ထိုက်ပဲ ဖြစ်နေရတာကို ရင်ထဲမှာ တွေးမိတိုင်း တနှုံ့နုံ့ခံစားနေမိတယ်။ ဝမ်းနည်းစိတ်များ၊ နာကျည်းစိတ်များ၊ မခံချင်စိတ်များနှင့်အတူ ကျွန်တော်ရဲ့ နှလုံးသားတွေဟာ တုံခါနေပြီး၊ မျက်ဝန်းအိမ်မှလည်း မျက်ရည်များ ဝေ့ဝဲထွက်ကျလာခဲ့တယ်။ ဒီအချိန်မှာ ကျွန်တော်စိတ်တွေဟာ ကျွန်တော်အမေသေဆုံးစဉ်က ဖြစ်ခဲ့တဲ့ ဝမ်းနည်းမှုမျိုးထက် ပိုလို့ပင် ဝမ်းနည်းမိတယ်ဆိုတာ ကျွန်တော်သတိပြုလိုက်မိတယ်။ လေဘေးသင့်၊ ရေဘေးသင့်ပြည်သူများအပေါ်မှာ မိဘတွေသဖွယ်၊ ညီရင်းအကို မောင်နှမတွေသဖွယ် စာနာတဲ့စိတ်တွေဟာ ကျွန်တော်ရင်မှာ ဖြစ်နေပြီလို့ ဆိုရမှာပါ။

ကျွန်တော်ရဲ့စာနာစိတ်တွေကို လေဘေးသင့်ပြည်သူတွေနှင့် မျှဝေခံစားယင်း ပြည်သူ တွေရဲ့ လိုအပ်ချက်တွေကို သိခွင့်ရခဲ့တယ်။ အများပြည်သူတွေ ဝိုင်းဝန်းပြီး ပေးကမ်းလှူဒါန်းတဲ့ အဝတ်အထည်တွေ၊ အစားအသောက်တွေ၊ အမိုးအကာတွေ၊ အသုံးအဆောင် တွေဟာ လေဘေးသင့်ပြည်သူတို့အတွက် အများကြီးကို အထောက်အပံ့ဖြစ်စေခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအထောက်အပံ့တွေဟာ သူတို့ဘဝအတွက် လုံလောက်ပြီလို့ ပြောလို့တော့ ဘယ်မှာရနိုင်ပါဦးမလဲ။

ပုံဖေါ်ကြည့်နိုင်အောင် ဥပမာလေးတစ်ခုပေး၍ ပြောပါရစေ။ ဘုံးဘုံးလဲသွားတဲ့ လူတစ်ယောက်ကို လဲရာမှ ပြန်ထနိုင်အောင် ထူမပေးရာမှာ ထိုင်နိုင်ရုံမျှ အဆင့်လောက်သာ ရှိပါသေးတယ်။ ရပ်နိုင်တဲ့အထိ၊ ပုံမှန်အနေအထား အတိုင်း သွားလာနိုင်တဲ့အထိ ရောက်အောင်ဆိုတာ အများကြီးကို လိုနေပါသေးတယ်။ အလှူရှင်များ သိချင်မှ သိမှာပါ။ အလှူရှင်တို့ရဲ့ မေတ္တာ စေတနာကို သူတို့ မျှော်လင့် နေကြဆဲပါ။

(၂)

ဤဒေသမှာ နေထိုင်ကြတဲ့ ရွာသူ၊ ရွာသားများနှင့် ကျွန်တော်ဟာ “နာဂစ် (Nargis)” မုန်တိုင်း (၅၊ ၂၊ ဝ၈) မတိုက်ခတ်မီက အကျွမ်းတဝင် မရှိခဲ့ဘူးပါ။ သို့သော် မကြာခင်က တိုက်ခတ်သွားတဲ့ “နာဂစ်”မုန်တိုင်းကြာင့် မမျှော်လင့်ဘဲ ဤဒေသများသို့ ကျွန်တော် ရောက်ရှိသွားခဲ့ပါတယ်။

အဲဒီအရပ်ဒေသတွေကတော့ ဧရာဝတီတိုင်း ငပုတော၊ လပွတ္တာ၊ ပြင်စလူမြို့နယ်များ အတွင်းရှိ ရွာများနှင့် ဖျာပုံ၊ ဒေးဒရဲ၊ ကွန်းခြံကုန်း၊ ကော့မှူးမြို့နယ် အတွင်းမှာရှိ ကျေးရွာတွေပါ။

လွန်ခဲ့တဲ့လက ပြင်းပြင်းထန်ထန် တိုက်ခတ်သွားတဲ့ နာဂစ်မုန်တိုင်းကြောင့် ရန်ကုန် တိုင်းအပါအဝင် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ ပါဝင်ခဲ့ကြတယ်။ ဒီတိုင်းနှင့် ဒီပြည်နယ်တွေထဲမှာ ဧရာဝတီတိုင်းဟာ ကံအဆိုးဆုံးလို့ ပြောရမှာပါ။

ပြင်းထန်လွန်းတဲ့ လေဒဏ်၊ ကြီးမားလွန်းလှတဲ့လှိုင်းဒဏ်၊ သည်းထန်လွန်းလှတဲ့ မိုးဒဏ် တွေကြောင့် ဒီဒေသရှိလူတွေဟာ သိန်းဂဏန်းနှင့်ချီပြီး အသက်တွေကို ပေးခဲ့ရတယ်။ သေဆုံးသည့် လူဦးရေစာရင်းကို နိုင်ငံတော်အစိုးရက တသိန်းကျော်နှင့် ပျောက်ဆုံးသူစာရင်းကို ငါးသောင်းကျော်ပဲရှိတယ်လို့ ဖေါ်ပြထားခဲ့သော်လည်း သေဆုံးသူဦးရေဟာ သူတို့ဖေါ်ပြထားတဲ့ ကိန်းဂဏန်းတွေထက် အဆများစွာ ပိုလွန်တယ်လို့ (NGO) အဖွဲ့များက ထုတ်ပြန် ပြောဆိုကြတယ်။

ကျန်ရစ်ခဲ့တဲ့ ရေဘေးဒုက္ခသည်များကို ကိုယ်တိုင်ကိုယ်ကျတွေ့မြင်ရတော့ ဘဝ မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားခဲ့ရတဲ့ သူတို့ရဲ့ ဘဝလေးတွေကို စာနာမိတာအမှန်ပါ။ သူတို့ဘဝတွေဟာ တကယ်ပဲ ရင်နာဖို့ကောင်းပါတယ်။

ဘဝတစ်ခုရဲ့ ပုံမှန်အနေအထားမျိုး ပြန်ရောက်အောင် ကူညီထောက်ပံ့ချင်သူများရှိပေမဲ့ ထိုကူညီချင်သူများနှင် တွေ့ခွင့်မရရှာကြတဲ့ ပြည်သူတို့ရဲ့ ဘဝတွေနှင့် သတင်းကောင်းများကို ကြားသာကြားနေရပြီး တကယ့် လက်တွေမှာ ဘာမှ ခံစားခွင့်မရရှာကြတဲ့ သူတို့ရဲ့အဖြစ်ကို ကြားရသူတိုင်းလိုလို စိတ်ဆိုးဒေါသတွေ ဖြစ်သူက ဖြစ်၊ ရင်ထုမနာ ဖြစ်ကြသူတွေက ဖြစ်နဲ့ ကမ္ဘာ့လူသားတွေကြားမှာ ဒီဖြစ်ရပ်နှင့် ပတ်သက်၍ ဘယ်လိုမှကို နားမလည်နိုင်အောင် ဖြစ်ခဲ့ကြရတယ်။

ရက်စက်နိုင်သူကပဲ ရက်စက်နိုင်လွန်း၍လော၊ ရေဘေးဒုက္ခသည်တွေရဲ့ ကံကြမ္မာကပဲ ဆိုးလွန်းနေ၍လော။ မည်သူမျှ ဝေခွဲ၍ မရနိုင်အောင် ဖြစ်ရတော့၏။ အဖြစ်ကတော့ ဆိုးလွန်းလှပါတယ်။

(၃)

ကျွန်တော်သွားခဲ့တဲ့ ဒေသတွေထဲမှာ လပွတ္တာ၊ ငပုတောမြို့နယ်အတွင်းရှိ ရွာတွေဟာ အတော်ကို ကံဆိုးရှာကြပါတယ်။ တစ်ရွာလုံး ပျောက်ခဲ့ရတဲ့ ရွာတွေ၊ တစ်မိသားစုလုံး ပျောက်ခဲ့ရတဲ့သူတွေ၊ တစ်စင်းလုံး နစ်မြုပ်သွားတဲ့ လှေ၊ သင်္ဘောတွေ၊ ဒါတွေကို သိလိုက်ရတော့ သူတို့ဘဝတစ်တွေရဲ့ အနာဂတ်ဘဝတွေဟာ ကမ်းမမြင်နိုင်တဲ့ ပင်လယ်ကြီးကို ဖြတ်ကူးနေရသလိုပါ။

သူတို့ဘဝတွေအတွက် မျှဝေခံစားမိရင်း စိတ်မကောင်းလွန်းလို့ပါ။ ကျွန်တော်ဘယ်လောက်အထိ မျှဝေ ခံစားပေးနိုင်မလဲလို့ ကိုယ့်ကိုယ်ကို ပြန်မေးမိရင်း ဝမ်းနည်းစိတ်တွေ ဖြစ်ရပြန်တယ်။

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ သင်္ကန်းကုန်းရွာကြီးအနီးမှာ တည်ရှိသွားတဲ့ အိမ်ခြေ တစ်ရာ့ငါးဆယ်ကျော်ရှိတဲ့ အောက်ပြွန်ဝရွာဆိုတာ လှိုင်းလုံးကြီးတွေ ဝါးမျိုးသွားလို့ တရွာလုံး ပျောက်ဆုံးသွားခဲ့တယ်။ တရွာလုံး ရေအောက်နှစ်မြုပ် ပျောက်ကွယ်သွားခဲ့ရသလို၊ တစ်မိသားလုံး ပျောက်ခဲ့ရတဲ့ လူတွေလည်း ရှိနေခဲ့ပြန်တယ်။ တချို့မှာလည်း တစ်မိသားစုလုံးမှာ တစ်ယောက်တည်းသာကျန်ခဲ့လို့ အထည်းကျန်ဘဝနဲ့ အနာဂတ်ပျောက်နေသူတွေကလည်း ဒုနဲ့ဒေးပါ။

အခွင့်ကြုံလို့ အထီးကျန်ဘဝနဲ့ အနာဂတ်ပျောက်နေတဲ့ အမျိုးသားတစ်ယောက်ကို မေးမြန်းကြည့်တော့ သူလို့ပဲ တစ်မိသားစုလုံးမှာမှ တစ်ယောက်စီသာ ကျန်ရစ်ခဲ့တဲ့ လူဦးရေဟာ သူတို့ရွာတစ်ရွာထဲမှာပဲ စုစုပေါင်း အယောက် နှစ်ဆယ်တောင် ရှိနေတယ်တဲ့။

အဲဒီထဲမှာ အမျိုးသား ဦးရေက ၁၇ ယောက်၊ အမျိုးသမီး ဦးရေက ၁ ယောက်၊ ကလေးဦးရေက ၂ ယောက် စုစုပေါင်း အယောက် ၂၀ ပေါ့။ ဒီတော့လဲ ဒီပွဲမှာ အင်အား ချိနဲ့တဲ့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အသေအပျောက်များခဲ့တယ် ဆိုတာ သိခဲ့ရတယ်။

ပြင်းထန်လွန်းလှတဲ့ လေဒဏ်၊ အင်အားကြီးမားလှတဲ့ လှိုင်းဒဏ်တွေကို အံတုနိုင်သူရယ်လို့ ဘယ်မှာ ရှိနိုင်ပါတော့မလဲ။ တစ်ချို့များမှာဆို ကြီးမားတဲ့ လေဒဏ်၊ လှိုင်းဒဏ်တွေကြောင့် လူတစ်ကိုယ်မှာ အဝတ်တစ်ထည်မျှပင် မကပ်နိုင်တော့ဘဲ အသက်မသေဘဲ ကျန်ရစ်ခဲ့သူတွေ။ တိုင်ပင်စရာရှိလို့မှ တိုးတိုးတိတ်တိတ် တိုင်ပင်ဖေါ်လေးမှ မရှိတော့တဲ့ သူတွေ။ ဘယ်လိုပဲဖြစ်ဖြစ် ဝမ်းနည်းစရာဘက်ကနေ တွေးကြည့်မယ်ဆိုယင်တော့ သူတို့ဘဝတွေဟာ ဝမ်းနည်းလို့ပင် မဆုံးနိုင်အောင်ပါ။

သူတို့အတွက် ဝမ်းနည်းမှုတွေ ဖြစ်ရလွန်းလို့ ဝမ်းနည်းမှုတွေကို သက်သာအောင်ဆိုပြီး “ဘဝဆင်းရဲဆိုတာ ဒါမျိုးတွေပဲ ဖြစ်မှာပါလေ”လို့ မရင့်ကျက်လှသေးတဲ့ တရားသတိဖြင့် သံဝေဂဉာဏ်ကို ကြိုးစားပြီး ဖြစ်ပွားစေခဲ့ရပြန်တယ်။

“သဗ္ဗေသတ္တာ ကမ္မဿကာ” ပေပဲပေါ့ …

(၄)

ဘာပဲဖြစ်ဖြစ်လေ ။ လူကြီးအတွက်ပဲဖြစ်ဖြစ်၊ လူငယ်တွေအတွက်ပဲ ဖြစ်ဖြစ် ဒုက္ခဟာ ဒုက္ခပါပဲ လို့ ပြောနိုင်ပေမဲ့ ဘဝအတွေ့အကြုံများ ရှိထားကြပြီးဖြစ်တဲ့ လူကြီးတွေရဲ့ဘဝဟာ ဖြေသာ နေသာသေးတယ်လို့ ဆိုရမှာပါ။

လတ်တလော ကြုံတွေ့နေရတဲ့ ဒုက္ခ၊ သုက္ခတွေ၊ ဝမ်းနည်းစရာတွေ၊ အခက်အခဲမျိုးတွေကို ဖြေဖျောက်နိုင်ပြီဆိုလျှင်၊ သူတို့အတွက် သူတို့စိတ်တွေဟာ ပုံမှန် အနေအထားမျိုးကို ပြန်ရောက်နိုင်သေးတာမို့ သူတို့အတွက်တော့ ဖြေသာ၊ နေသာတော့ရှိပါတယ်။
ဒါပေမဲ့ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ လူဘဝထဲကို မကြာခင်ကမှ ရောက်လာကြတဲ့ မိဘမဲ့ ကလေး နှစ်ယောက် အတွက်ကိုတော့ တကယ်ပဲ ပူပန်မိပါတယ်။

သူတို့နှစ်ယောက်ထဲမှာ အကြီးဖြစ်သူက မောင်ရဲလင်းအောင်၊ အသက်က ၁၂ နှစ်၊ အတန်းက ၇ တန်းအောင်၊ ယခု လောလောဆယ်မှာတော့ အဒေါ်တစ်ယောက်ကို မှီခိုပြီး အသက် ဆက်နေရသူ။ အငယ်ဖြစ်သူက မောင်ရဲစိုးဦး၊ အသက်က ၆ နှစ်၊ အတန်းမေးတော့ ဖြေကြားခြင်း မရှိ၊ နာဂစ်မုန်းတိုင် ဒဏ်ကြောင့် အဖေရော၊ အမေရော၊ အကို တစ်ယောက်ရော၊ ညီမ နှစ်ယောက်ပါ ဆုံးရှုံး ပျက်စီးသွားခဲ့ရတာမို့ သူ့ဘဝရဲ့ အနာဂတ်ဆိုတာ ဘာဆို ဘာမှ ရေရေရာရာ မရှိတဲ့သူ။ ကံပေးသမျှ ဘဝလေးနဲ့ ကံစီမံသမျှကိုသာ ခံရတော့မဲ့ အဖြစ်မျိုးပေမို့ သူ့အတွက် အလွန်အမင်း ပူပန်မိတယ်။ ယခုလောလောဆယ်မှာတော့ အဖွားနှင့်အတူ “တစ်လှေတည်းစီး၊ တစ်ခရီးထဲသွား” နေလေရဲ့။

ကျွန်တော်ဟာ စာနာစိတ်နဲ့ သူ့တို့ဘဝလေးတွေရဲ့ ဒုက္ခ၊ သုက္ခလေးတွေကို မျှဝေ ခံစားမိပြီး၊ သူ့ဘဝလေးတွေထဲကို ဝင်ရောက်ကြည့်မိတယ်။

နာဂစ်မုန်တိုင်း တိုက်ခတ်စဉ်က မောင်ရဲစိုးဦးဟာ ဆွဲမိ ဆွဲရာ ဆွဲလိုက်ရင်း၊ ဝါး တစ်လုံးကို မိမိရရ ဆွဲခဲ့မိလို့၊ လှိုင်လုံးကြီးများနှင့်အတူ မျှောပါသွားခဲ့ပြီး တစ်နာရီမှာ မိုင် ၁၆ဝ နှုံးနဲ့ တိုက်ခတ်နေတဲ့ လေစုံမှာ မျှောပါခဲ့ရတယ်။ ထန်တဲ့လေ ကြီးမားတဲ့လှိုင်းလုံးကြီးများနှင့်အတူ မြစ်ပြင်ကျယ်ကို ဖြတ်ကျော်ခဲ့ပြီး၊ ၄ မိုင်ဆိုတဲ့ ခရီးကို ဝါးလုံး တစ်လုံးတည်းနှင့် အသက်ဆက်ခဲ့ရတယ်။

ဒီအသက်အရွယ်မျိုးနဲ့ လေထန်၊ လှိုင်းထန်တဲ့ ခရီးကြမ်းကြီးကို မဆုတ်မနစ်တဲ့ ဇွဲ လုံ့လနှင့် ကူးခတ်နိုင်သူဖြစ်လို့၊ “လှိုင်းနှင့်အတူ ပြေး၍ လေနှင့်အတူ ခရီးနှင်” ခဲ့သူရယ်လို့ မှတ်တမ်းတင်ထားထိုက်သူပါ။

(၅)

ဒါပေမဲ့လေ … သူရဲ့ ဘဝပေးအခြေအနေက လေထန်၊ လှိုင်းထန်တဲ့ ခရီးကြမ်းကြီးကို မဆုတ်မနစ် ကူးခတ်နိုင်ခဲ့ပေမဲ့၊ ကြမ်းတမ်းလှတဲ့ လူ့ဘဝခရီးကြမ်းကြီးကို သူ့အသက် အရွယ်နဲ့ ဘယ်လိုများ ကူးခတ်နိုင်ပါမလဲ။ ဒီအတွေးတွေဟာ ကျွန်တော်ရင်ကို လှိုင်းလုံးကြီးများပမာ ဂယက် ထစေခဲ့ပြန်တယ်။

အဲဒီအတွေးများကြောင့် မောင်ရဲစိုးဦးကို ကြည့်ပြီး သနားနေမိပြန်တယ်။

သူ့ဘဝလေးကို သနားလွန်းလို့ မွေးစားဖို့ သူ့အဖွါးကို တောင်းကြည့်မိသေးတယ်။

အများကလည်း ကျွန်တော့်အတွက် ဝိုင်းပြီး တောင်းပေးကြတယ်။
ဒါပေမဲ့ မြေးမြစ်ဆိုလို့ မောင်ရဲစိုးဦး တစ်ယောက်တည်းသာ ကျန်တော့တာမို့ … မထည့်လိုက်ပါရစေနဲ့ … တဲ့။

ကံကြမ္မာရဲ့ သက်ညှာမှုကြောင့် တစ်ယောက်တည်းသာ ကျန်တော့တဲ့ ဒီ မြေးငယ်လေးကို အဖွား ထည့်မပေးနိုင်တာကို ကျွန်တော်တို့အားလုံး အဖွားကို နားလည်ပေးနိုင်ခဲ့ကြတယ်။

အဖွားကလည်း ကျွန်တော်တို့ကို နားလည်းပေးခဲ့ပါတယ်။ အဖွားဟာ စကားများများ မပြောတော့ပဲ စကားလေးတစ်ခွန်းကိုပဲ ဖြေးညှင်းစွာ ပြောဆိုလာတယ်။

သူ့စကားကြောင့် ကျွန်တော်တို့အားလုံးဟာ အဖွားကိုပါ ကရုဏာသက်မိကြတယ်။

“ဒီမြေးလေးဟာ အမှောင်ကျနေတဲ့ အဖွားရဲ့ ဘဝလေးကို အလင်းရောင် ပေးမဲ့ ဖန်မီးအိမ်လေး တစ်လုံးပါ … ” တဲ့။

“အော် အဖွားရယ် … ။ အဖွားတို့ မြေးအဖွား ထာဝရ ရွှင်လန်း ချမ်းမြေ့နိုင်ကြပါစေ”

(Illustation - Paintings from Nargis Art Exhibition)

Comments