Moemaka radio news

ရွှေရတနာ၊ ရေဗက္က၀င်း ဒေါ့ကွန်၊ တောင်ပြုန်းပွဲ၊ မင်းသိင်္ခဟောကိန်း
မိုးမခရေဒီယိုသတင်း
သြဂုတ် ၁၆၊ ၂၀၀၈


သီလရှင်စာသင်တိုက်က မုန်တိုင်းဒုက္ခသည်များကို ကူညီ
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် သီလရှင်စာသင်တိုက်တခုက နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ အမျိုးသမီးငယ် အယောက် ၃၀ ကို သီလရှင်ဝတ်ပေးထားတယ်လို့ ဒီလ ၅ ရက်နေ့ထုတ် Flower News ဂျာနယ်မှာ ဖော်ပြထားပါတယ်။ ဒီအမျိုးသမီးလေးတွေဟာ မုန်တိုင်းအတွင်း မိဘတွေ ကွယ်လွန်သွားခဲ့သူများရှိသလို၊ မိဘတွေ အသက်ရှင်ကျန်ခဲ့ပေမယ့် နေထိုင်ရေး အခက်အခဲ ရှိသူတွေ ဖြစ်ပါတယ်။ ရွှေရတနာ သီလရှင်စာသင်တိုက်က သူတို့ရဲ့ လုံခြုံရေး၊ ပညာရေးအတွက် အခုလို ကူညီထားတာဖြစ်ပါတယ်။
ဒီစာသင်တိုက်မှာ မူလပထမက သီလရှင် အပါး ၃၀ သီတင်းသုံးနေခဲ့တာဖြစ်ပါတယ်။ မုန်တိုင်းအပြီးမှာ သီလရှင် အပါး ၃၀ ထပ်မံတိုးပွားလာတာဖြစ်ပါတယ်။

နေ့ဘက်မှာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း တက်ပြီး၊ ညနေဘက်မှာ ဘာသာရေးစာပေများ သင်ကြားပေးလျက်ရှိပါတယ်။
မိဘအုပ်ထိန်းသူတွေ နေထိုင်စားသောက်ရေး အဆင်ပြေတဲ့အခါ ပြန်လည် ခေါ်ယူနိုင်ပြီး၊ ပညာဆက်လက်သင်ကြားရေးအတွက်လည်း စီစဉ်ထားတယ်လို့ သိရပါတယ်။

ရေဗက္က၀င်း ဒေါ့ကွန်
အင်တာနက်ခေတ်မှာ စိုင်းစိုင်းခမ်းလှိုင်၊ နေမျိုးဆေး၊ စတဲ့ ထင်ရှားသူတွေက ကိုယ်ပိုင် အင်တာနက်စာမျက်နှာတွေကိုယ်စီ ရှိနေကြပါတယ်။ အခုလည်း ထင်ရှားတဲ့ တယောက်ကလည်း ကိုယ်ပိုင်အင်တာနက် စာမျက်နှာကို ဖွင့်လစ်လိုက်ပါပြီ။ သူကတော့ အဆိုတော်၊ သရုပ်ဆောင် ရေဗက္က၀င်း ဖြစ်ပါတယ်။
ရေဗက္က၀င်း ဒေါ့ကွန် မှာ သူ့ရဲ့ သီချင်းတွေ နားထောင်လို့ရသလို၊ သူ့ရဲ့ သတင်းအချက်အလက်၊ ဓာတ်ပုံတွေကိုလည်း တွေ့နိုင်မှာ ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်မှာ အနုပညာလောကထဲ ၀င်ရောက်လာတဲ့ ရေဗက္က၀င်းက သူ့ကို ဆက်သွယ်လို့ရမယ့် အိမ်လိပ်စာ၊ အီးမေးလ်လိပ်စာတွေကိုလည်း ၀က်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

သူ့ဝက်ဘ်ဆိုက်ကိုတော့ ရွှေအမြုတေ ဒေါ့ကွန်ကို စီစဉ်တည်ဆောက်ပေးခဲ့တဲ့ အိုင်ဒီး တက်ကနိုလိုဂျီ (Ideal Technology) ကုမ္ပဏီက တာဝန်ယူ ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့ အသုံးများနေတဲ့၊ စာဖတ်သူများနဲ့ အဆင်ပြေတဲ့ ဇော်ဂျီဝမ်း ယူနီကုတ်ကို သုံးစွဲထားပါတယ်။ ၀က်ဘ်ဆိုက် လိပ်စာက rebeccawin.com ဖြစ်ပါတယ်။

အောင်မြင်တဲ့ အမျိုးသမီးတယောက်ဖြစ်ရမယ်လို့ ကြေညာထားတဲ့ ရေဗက္က၀င်းက ရန်ကုန်မြို့ နိုင်ငံခြားဘာသာတက္ကသိုလ်မှာ ဂျပန်ဘာသာရပ် သင်ယူနေတာ နောက်ဆုံးနှစ်ရောက်နေပါပြီ။ မကြာသေးခင်ကလည်း တေးဂီတ နဲ့ သရုပ်ဆောင် လောကသားတွေနဲ့အတူ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသက နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရသူတွေဆီကို သွားရောက်ခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ကိုယ်ပိုင်သံစဉ်သီချင်းတွေချည်း ပါဝင်တဲ့ တကိုယ်တော် အယ်လ်ဘမ် စီစဉ်နေတယ်လို့ ဆိုပါတယ်။ ရေဗက္က၀င်းကိုယ်တိုင် ရေးဖွဲ့ထားတဲ့ သီချင်း ၂ပုဒ်လည်း ပါဝင်မှာဖြစ်တယ်လို့ သိရိပါတယ်။

၇၀ သို့မဟုတ် ၇၆နှစ်တွင် ကွယ်လွန်မည်ဟု မင်းသိင်္ခ ဟောကိန်းထုတ်ခဲ့
စာရေးဆရာ၊ ဗေဒင်ပညာရှင် မင်းသိင်္ခဟာ သူခန့်မှန်းတွက်ချက်ထားတဲ့ အချိန်အရောက်မှာ ကွယ်လွန်သွားတာဖြစ်တယ်လို့ မင်းသိင်္ခရဲ့ တပည့်တွေကို ကိုးကားပြီး ရန်ကုန်မြို့မှာ သြဂုတ်လ ၄ ရက်နေ့စွဲနဲ့ ထုတ်ဝေတဲ့ The Voice ဂျာနယ်က ရေးသားထားပါတယ်။
သူ အသက် ၇၀ သို့မဟုတ် ၇၆ နှစ်အရွယ်မှာ ကွယ်လွန်မှာဖြစ်ကြောင်း တပည့်တွေကို ထုတ်ဖော်ပြောကြားခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ဆရာမင်းသိင်္ခဟာ ဒီလ ၁ ရက်နေ့က ကွယ်လွန်သွားတာ ဖြစ်ပါတယ်။

ဆရာမင်းသိင်္ခဆီမှာ ဗေဒင်ပညာ သင်ယူလေ့လာခဲ့သူပေါင်း တသောင်းကျော် ရှိခဲ့တယ် လို့ ဆိုပါတယ်။ အခုအချိန်မှာ ဗေဒင်ဆရာတွေ ဖြစ်နေတဲ့ သူ့တပည့်တွေကို မြန်မာပြည်အနှံ့မှာ တွေ့မြင်နေရပါပြီ။

ခြိမ့်ခြိမ့်သဲ တောင်ပြုန်းပွဲ
ဝါခေါင်လဟာ မြန်မာပြည်က နတ်ကိုးကွယ်သူတွေအတွက် အရေးကြီးတဲ့လ ဖြစ်ပါတယ်။ နတ်ကိုးကွယ်သူတွေ သိန်းနဲ့ချီပြီး စုဝေး ဆင်နွှဲကြတဲ့ တောင်ပြုန်းပွဲကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပတဲ့အချိန် ဖြစ်ပါတယ်။ ဒီနှစ်အတွက် တောင်ပြုန်းပွဲကို သြဂုတ်လ ၂ ရက်နေ့မှာ စတင် ကျင်းပခဲ့တယ်လို့ မနေ့တုန်းက Planet Myanmar အင်တာနက် စာမျက်နှာမှာ ရေးသားထားပါတယ်။

နေရာကတော့ တောင်ပြုန်းပွဲတော် နှစ်စဉ်ကျင်းပလေ့ရှိတဲ့ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက တောင်ပြုန်းရွာမှာပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်က နတ်ကိုးကွယ်သူတွေ အုံနဲ့ကျင်းနဲ့ စုဝေးကြတဲ့ ပွဲတော်ကြီးမှာ ဒီနှစ်မှာတော့ နတ်တွေကို ဝတ်လဲတော် ဆက်သတဲ့အခါ နိုင်ငံခြားဖြစ်ဇာပဝါတွေကို မသုံးနိုင်တော့ဘဲ ဈေးသက်သာတဲ့ ပြည်တွင်းဖြစ်ဇာပုဝါတွေကိုပဲ ဆက်သကြတယ်၊ ဓား ဆက်သသူတွေကလည်း မှန်စီရွှေချဓားတွေအစား ပလတ်စတစ်နဲ့လုပ်ထားတဲ့ ဓားတွေကိုပဲ ဆက်သကြတယ်လို့ ဆိုပါတယ်။ ဒီနှစ်မှာ စီးပွားရေး ပိုမို ကျဆင်းလာကြတဲ့အတွက် ချွေတာကြတာဖြစ်တယ်လို့ သိရပါတယ်။
( မှတ်ချက် - သြဂုတ်လ ၁၃ ရက်နေ့တွင် ထုတ်လွှင့်ခဲ့သော အစီအစဉ်မှ ကောက်နှုတ်ဖော်ပြပါသည်။ ရေဒီယိုအစီအစဉ်သို့ ဤနေရာမှ သွားပါ။ )

Comments