
သြရသ
သြဂုတ် ၂၆၊ ၂၀၀၈
အင်တာနက်က လိုင်း ခဏ ခဏ ကျသွားလို့ မနည်းစာရေးပြီး ပို့လိုက်တယ်။ ရုပ်မြင်သံကြားကကော၊ ပြည်ပ ရေဒီယိုတွေကပါ ဒေါ်စုက ကုလကိုယ်စားလှယ်တွေကို ထွက်မတွေ့ဘူးလို့ ပြောတော့ ကျနော်တို့တတွေက ၀မ်းသာကြတယ်။ ဒေါ်စုရဲ့ ပါဖောမင့်ကို နောက်ကနေလိုက်ပြီး ကပြကြတဲ့ ဂါဝန်ဝတ် တဦးရယ်၊ ဘွတ်နဲ့ ရွှတ်နဲ့ တယောက်ရယ် ပြီးတော့ လုံခြည်ဝတ် လော်စပီကာကိုင် စစ်လက်ကိုင်တုတ်ရယ် ဒေါ်စုအိမ်ရှေ့မှာ ကျွမ်းထိုး ပြနေကြတာကို (စကားအဖြစ်ပြောတာပါ ဟဲဟဲ) ပြည်သူတွေက ကြည့်ပြီး ဟားတိုက်နေကြလေရဲ့။ ဗိလပ်က ပါဖော်မင့်ပညာရှင် ပန်းချီထိန်လင်း ဒီတချီ လွတ်သွားတယ်။
အစစ အရာရာ ချွတ်ခြုံကျနေလို့ နာဂစ် ဂစ်၊ မ ဂစ် ဂစ် … အားလုံး ငတ်ပြတ်နေချိန်မှာ နိုင်ငံရေးကို ပြဇာတ်က သလို လာ ကပြနေတဲ့ စစ်အုပ်စုတွေ၊ သူတို့ နောက်မြီးဆွဲတွေ၊ ပြည်ပက စစ်အုပ်စု အောက်ဆွဲ သေနတ်ဒင်ရိုးတွေ (ပုဆိန်ရိုးဆိုတာက သူတို့သုံးတာလေ၊ ကျနော်က ဝေါဟာရ အသစ်ပေါ့၊ ကုလက လူတွေကို ခေါ်တာ။) ကို ဒေါ်အောင်ဆန်းစုကြည်က စကားတခွန်း မပြောဘဲ၊ မျက်နှာတချက် ထုတ်မပြဘဲ ပညာပေးလိုက်တာ … ကမ္ဘာကြီး တုန်သွားတယ် ထင်ရဲ့။
ရွေးကောက်ပွဲအသစ်ဂျီးကို ၀င်ဖို့ နိုင်ငံရေးသမားဟောင်းတွေက ပါတီထောင်ဖို့ လိုက်စည်းရုံးနေတယ်။ လူတွေက သူတို့ကို လှောင်ကြတယ်။ စစ်အုပ်စုမွေးထားတဲ့ ကျောင်းသားအတု၊ ၈၈ အတုတွေက ခွေးတွေလို ဟောင်နေကြတယ်။ သခင်တင်မြတို့ မြတ်ခိုင်တို့ကတော့ ဂျာနယ်တွေကတဆင့် ရွေးကောက်ပွဲကို ခေါစာပစ်နေကြလေရဲ့။
ကျနော်တို့ကတော့ နေလည်း မထူး။ သေလည်း မထူးပါဘူးဗျာ။ ဒီတိုင်း နေတော့လည်း စစ်အုပ်စုက အနိုင်ကျင့်နေတာပဲ။ ငုံ့ခံနေတာထက် စာရင် ရှုံးရှုံး နိုင်နိုင် ပြန်တော့ ခုခံရမှာပဲ။ အခု ခင်ဗျားတို့ဆီမှာ ရာသီဥတုက သာယာမှာပဲနော်။ ကျနော်တို့ဆီမှာက ရာသီဥတုက ကိုယ့်ဖက်မှာ မရှိဘူး။ မီးပျက်၊ ရေမလာ၊ ဘတ်စကားကြပ်၊ အင်တာနက် မကောင်း၊ ဘယ်တော့ အဲဒါတွေက ပြန်ကောင်းမှာလဲ။
အပြင်က သတင်းထူးရင် ပြောပါဦး။ ဒေါ်စု အစာငတ်ခံ ဆန္ဒပြနေတယ်ဆိုတာ ခင်ဗျားတို့ အပြင်က ပြောမှ သိတာဗျ။ ကျနော်တို့က အစာလည်း ငတ်၊ သတင်းလည်း ငတ်၊ လွတ်လပ်မှုတွေကို ငတ်ပြတ်နေတာ ကြာပါပြီဗျာ … ။ ဒီအတိုင်းကြီးကို နေရင်းထိုင်ရင်း ငတ်နေတာ ဆိုတော့ အဲဒါကို ဆန္ဒထုတ်ပြီးတော့ ပြစရာ လိုသေးလို့လားတောင် တွေးမိပါရဲ့။ ငတ်ပြတ် ဆာလောင်နေပေမယ့် စစ်ခွေးတွေနောက်ကို အမြီးနန့်ပြီးတော့ ဘယ်တော့မှ မလိုက်သေးဘူး။
ခင်ဗျားတို့တတွေ ကျန်းမာပါစေ။ စားနိုင် သောက်နိုင်ကြပါစေ။
Comments