Singapore junta put pressure on Burmese activists in Singapore


စစ်အစိုးရဘက်လိုက် စင်္ကာပူအစိုးရကြောင့်
မြန်မာများ ၈ လေးလုံး ကျင်းပရန် အတားအဆီးများနှင့်ကြုံ

မိုးမခ အထောက်တော် ၀၀၃
သြဂုတ် ၆၊ ၂၀၀၈

၈ လေးလုံး အထိမ်းအမှတ်နီးလာသည်နှင့်အမျှ မြန်မာစစ်အစိုးရကို ကန့်ကွက်သည့် လှုပ်ရှားမှုများ နိုင်ငံတကာရောက် မြန်မာများအကြား အထူးတိုးမြှင့် လှုပ်ရှားနေချိန်တွင် စင်္ကာပူရောက် မြန်မာများမှာ စင်္ကာပူအစိုးရ၏ ဖိအားပေးမှုများ၊ အတားအဆီး ပေါင်းစုံနှင့် ရင်ဆိုင်နေရသည်။

တပါတီအာဏာရှင်တိုင်းပြည် စင်္ကာပူနိုင်ငံရောက် မြန်မာများသည် ယခင်က မြန်မာနိုင်ငံရေး မျက်စိပွင့်လင်းမှု အတိအလင်းမရှိခဲ့သော်လည်း ၂၀၀၃ ခုနှစ် မြန်မာပြည် ဒီပဲယင်းတွင် ဒေါ်စု လုပ်ကြံမှုကြီး ဖြစ်ပွားခဲ့ပြီးနောက် အမျိုးသားရေးတက်ကြွလာခဲ့ကြရာ နှစ်စဉ် သင်္ကြန်ပွဲများကအစ အာဇာနည်နေ့၊ ၈ လေးလုံးနေ့များကို ကျင်းပနိုင်သည်သာမက ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး၊ ၂၀၀၈ မေလ စစ်အစိုးရ အခြေခံဥပဒေ ဆန့်ကျင်ကန့်ကွက်ရေးနှင့် နာဂစ်မုန်တိုင်းအရေးတို့တွင် ၎င်းတို့၏ အစွမ်းသတ္တိကို အထူးထုတ်ပြနိုင်ခဲ့ကြသည်ကို တွေ့ရသည်။

သို့ရာတွင် နိုင်ငံရေး နှင့် စီးပွားရေး အကျိုးစီးပွားချင်း တူညီကြသော တရုတ်၊ အိန္ဒိယ၊ ထိုင်းတို့နည်းတူ စင်္ကာပူနိုင်ငံကလည်း မြန်မာစစ်အစိုးရ အလိုကျ မြန်မာနိုင်ငံသားတို့၏ နိုင်ငံရေးပွင့်လင်းမှုတို့ကို ကန့်သတ်ချုပ်ချယ်မှုများ တဖြေးဖြေး တိုးမြှင့်တင်းကြပ်လာခဲ့ရာ ယခုအချိန်တွင် နိုင်ငံရေးတက်ကြွသူ မြန်မာနိုင်ငံသားများကို စာရင်းပြုစုထားပြီး လူဝင်မှုကြီးကြပ်ရေးဌာနက နေထိုင်ခွင့်သက်တမ်း တိုးမပေးခြင်း၊ တရားဝင်နေထိုင်ခွင့်တို့ကို ရုတ်သိမ်းရန် ခြိန်းခြောက်ခြင်း၊ ရဲစခန်းများတွင် ဆူပူမှု မလုပ်ပါဟု ခံဝန်ကတိများ ရေးထိုးစေခြင်းတို့ကို အရေးယူဆောင်ရွက်လာကြောင်း သိရှိရသည်။

“အခုဆိုရင် စင်္ကာပူမှာ ဖွဲ့စည်းထားတဲ့ မြန်မာ့အမျိုးသားရေးအဖွဲ့တွေကို သွယ်ဝိုက်တဲ့နည်းနဲ့ ဖြိုခွဲပစ်ဖို့ လုပ်နေတာဖြစ်ပါတယ်။ လူတွေကို ဗီဇာ ထုတ်မပေးဘူး၊ နေထိုင်ခွင့် သက်တမ်းကို တိုးမပေးဘူး။ စုငွေတွေကို ပြန်ထုတ်ခိုင်းတယ်။ နည်းမျိုးစုံနဲ့ အစိုးရက အနှောက်အယှက်ပေးနေတာ ဖြစ်ပါတယ်။ တရားဝင်တော့ ဘယ် သက်သေ အထောက်အထားနဲ့ လုပ်ပါ့မလဲ။ နိုင်ငံတကာမှာ သူ မျက်နှာ ပျက်မှာပေါ့။ ရာဇ၀တ် မကျူးလွန်တဲ့၊ အကြမ်းမဖက်တဲ့ မြန်မာတွေကို နှင်ထုတ်နေတယ် ဆိုရင် သူ အရှက်ကွဲမှာပေါ့။ ဒါပေမယ့် အောက်လမ်းနည်းတွေနဲ့ မြန်မာတွေကို ဖြိုခွဲနေတယ်။”

ဟု မြန်မာတဦးက ၎င်းခံစားချက်ကို မိုးမခသို့ ပြောပြသည်။

ယခင်က မိခင်တိုင်းပြည်၏ နိုင်ငံကူးလက်မှတ်မရှိသူ နိုင်ငံခြားသားများကို ဒုက္ခသည် ခရီးသွားလက်မှတ် သို့မဟုတ်လျင် တတိယနိုင်ငံတခုက ထုတ်ပေးသော ဌာနေခရီးသွားလက်မှတ်တို့ဖြင့် လာရောက် လည်ပတ်ခွင့်ပေးထားသော စင်္ကာပူ လူဝင်မှုကြီးကြပ်ရေးက ၂၀၀၇ စက်တင်ဘာအပြီးတွင် ထိုစနစ်ကို လူသိရှင်ကြား ထုတ်ပြန်ကြေငြာခြင်း မပြုဘဲ ရုတ်သိမ်းခဲ့သည်။ ထိုအပြောင်းအလဲကို မသိရှိဘဲ ၀င်ရောက်ရန် ကြိုးစားသူ နိုင်ငံခြားသားများကို စင်္ကာပူအစိုးရက လေဆိပ်တွင် ထိမ်းသိမ်းပြီး ပြင်ပသို့ မောင်းထုတ်ခဲ့သည်။

“ မြန်မာ မိသားစုတစု ပြီးတော့ မြန်မာအရေး လှုပ်ရှားသူ လူငယ် တဦးဟာ စင်္ကာပူလေဆိပ်က အချုပ်မှာ တညအိပ်ခဲ့ရဘူးတယ်။ သူတို့က မြန်မာပတ်စ်ပို့ မရှိတော့ တခြား ခရီးသွားလက်မှတ်နဲ့ ၀င်လာတာပေါ့။ အစိုးရက ရာဇ၀တ်သားတွေလိုမျိုး ဖမ်းချုပ်ပြီး နှင်ထုတ်လိုက်တာဗျ။ သူတို့ တိုင်းပြည်ထဲကို သည်လိုမျိုးလူတွေကို လက်မခံဘူး ဆိုတဲ့သဘော။ မြန်မာတွေဆိုတာကလည်း သူတို့က နှိမ်ပြီးသားပဲ။ ထိုင်းမှာ မြန်မာအလုပ်သမားတွေကို ရဲတွေက၊ လုပ်ငန်းရှင်တွေက အနိုင်ကျင့်သလိုမျိုး ဒီမှာလည်း ရှိတာပဲ။ အခုဆိုရင် နိုင်ငံရေးအရကို သူတို့က စိုးရိမ်လာပြီ …”

ဟု မြန်မာတဦးက သုံသပ်ပြသည်။

ယခု ၈ လေးလုံး အခမ်းအနား အထိမ်းအမှတ်ကို ဘုန်းတော်ကြီးကျောင်းများ၊ ဈေးဆိုင်များ၊ ဟိုတယ်ခန်းမကြီးများတွင် ကျင်းပကြရေးထက် မြန်မာအမျိုးသားတို့ လမ်းပေါ်တွင် ငြိမ်းချမ်းစွာဖြင့် ၈ ဂဏန်းပါ တီရှပ်တို့ ၀တ်ဆင်လျက် ဆန္ဒကို ထုတ်ဖော်ပြကြရေးကို တိုက်တွန်း နှိုးဆော်နေရသည်ဟု တဦးက ဆိုပါသည်။

မိုးမခက လက်ခံရရှိသော နှိုးဆော်စာကို ဖော်ပြလိုက်ရပါသည်။ မြန်မာပြည်တွင် မြန်မာစစ်အစိုးရက ၈ လေးလုံး မဆင်နွှဲကြစေရေး လုံ့လစိုက်နေသကဲ့သို့ စင်္ကာပူ အစိုးရကလည်း အလားတူ အရေးယူ ကာဆီးနေသည်မှာ အမှတ်တရ မှတ်တမ်းပြုစရာပင် ဖြစ်သည်။

Comments