
ကုလသမဂ္ဂကိုယ်စားလှယ်သစ် မြန်မာပြည်သို့ရောက်ရှိ
ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် တွေ့ဆုံခွင့်မျှော်လင့်
AP သတင်းဌာန
သြဂုတ် ၃၊ ၂၀၀၈
ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် တွေ့ဆုံခွင့်မျှော်လင့်
AP သတင်းဌာန
သြဂုတ် ၃၊ ၂၀၀၈
မြန်မာပြည်လူ့အခွင့်အရေးအခြေအနေ စစ်ဆေးမည့် ကုလသမဂ္ဂ ကိုယ်စားလှယ်တဦး ရန်ကုန်သို့ ယနေ့ ရောက်ရှိသွားသည်။ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူ သောမတ်စ် အိုဟေးရာ ကင်တာနာ (Tomas Ojea Quintana)က မြန်မာအစိုးရ ခေါင်းဆောင်များ၊ တိုင်းရင်းသားအဖွဲ့များ၊ နိုင်ငံရေးပါတီများကို တွေ့ဆုံခွင့်ရရန် တောင်းဆိုထားကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက် တစောင်တွင် ရေးသားထားသည်။
အကျယ်ချုပ်ကျနေသူ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရေးအကြောင်း ဖော်ပြထားခြင်း မရှိပေ။
ကင်တာနာက ဆိုင်ကလုန်းဒဏ်ခံခဲ့ရသော ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသို့ သွားရောက်ခွင့်အတွက်လည်း တောင်းဆိုထားသည်။ စစ်အစိုးရသည် ပြည်ပမှ အကူအညီပေးရေး ၀န်ထမ်းများကို ၀င်ရောက်ခွင့် ကန့်သတ်ထားကြောင်း စွပ်စွဲခံခဲ့ရသည်။ လေဘေးဒုက္ခသည် ၂ ဒဿမ ၄ သန်းကို အစားအစာ၊ သောက်ရေ၊ ခိုလှုံရန်နေရာများ ထောက်ပံ့ရေးကိုလည်း တုံ့ဆိုင်းခဲ့သည်ဟုလည်း စွပ်စွဲခံနေရသည်။
မစ္စတာ ကင်တာနာက မြန်မာလူထု၏ လူ့အခွင့်အရေးအခြေအနေများ တိုးတက် ကောင်းမွန်ရေးအတွက် အာဏာပိုင်များနှင့် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများ ပြုလုပ်လိုကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ၎င်းတို့နှင့် မစ္စတာ ကင်တာနာ တွေ့ခွင့်ရရေးအတွက် အသိပေးခံရခြင်း မရှိသေးကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ထံ ဆရာဝန်တဦး သွားရောက် စစ်ဆေးခွင့်ရရေးအတွက် မစ္စတာ ကင်တာနာအား ဖိအားပေးမည်ဟု ဆိုသည်။
“ကျနော်တို့ ပြောချင်တာတခုကတော့ ဒေါ်စုနဲ့ သူ့ဆရာဝန် ပုံမှန်တွေ့ခွင့်ရရေးပဲ”ဟု ဦးဉာဏ်ဝင်းက ပြောသည်။ ဒေါ်စုက ဆရာဝန် ဒေါက်တာတင်မျိုးဝင်းနှင့် ပြီးခဲ့သည့် မေလဆန်း နောက်ပိုင်းမှစပြီး တွေ့ခွင့်မရသေးဟု ဆိုသည်။
မစ္စတာ ကင်တာနာက ရှစ်လေးလုံးနှစ်ပတ်လည်နေ့မတိုင်မီတရက်အလို ကြာသပတေးနေ့တွင် မြန်မာပြည်မှ ပြန်လည်ထွက်ခွာမည်ဖြစ်သည်။
- - - - - - - - - - - - - - - - - - - - - - - - - -
www2.ohchr.org မှ အချက်အလက်
လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးအတွက် ကုလသမဂ္ဂက စေလွတ်ခဲ့သော မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်များ
- သောမတ်စ် အိုဟေးရာ ကင်တာနာ (၂၀၀၈ မေလတွင် စတင်တာဝန်ယူ)
- ပေါ်လိုဆာဂျီယို ပီညဲရိုး (၂၀၀၀-၂၀၀၈)
- ရာဇူမာလာလား (၁၉၉၆-၂၀၀၀) (၂၀၀၀ တွင် နှုတ်ထွက်ခဲ့)
- ယိုဇိုယိုကိုတာ (၁၉၉၂-၁၉၉၆)
Comments