unity

ညီညွတ်ရေး

သက်ထွန်း
သြဂုတ် ၁၁၊ ၂၀၀၈

ရှစ်လေးလုံး လူထုအုံကြွမှုကြီးအတွင်း ရဟန်းရှင်လူပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှု အပြည့်အဝ ရှိနေရဲ့သားနဲ့ စစ်အုပ်စုက အာဏာသိမ်းတာကို ခံခဲ့ရပြီး၊ စစ်အာဏာရူးတွေရဲ့ လူမဆန်တဲ့ ရက်စက်ယုတ်မာမှု၊ အနိုင်ကျင့်မှုတွေကို ဘာကြောင့် ယနေ့တိုင်ခံနေရသလဲ ဆိုတာ ညီညွတ်ရေး မဲ့ခဲ့လို့၊ ခုချိန်ထိအောင်လည်း လိုအပ်မှန်းသိနေကြရဲ့နဲ့ လျစ်လျူရှုခံထားရတာလည်း ဒီညီညွတ်ရေးဆိုတဲ့အချက်ပါပဲ။ ဒါကြောင့် အနာဂတ်မှာ (ဒီညီညွတ်ရေးဆိုတာကိုပဲ) ဆက်လက် ချောင်ထိုးခံထားရမှာစိုးလို့ ကျနော့်ရဲ့ စဉ်းစားချက်တချို့ကို ၈၈၈၈ အမှတ်တရအဖြစ် တင်ပြလိုက်ပါတယ်။

ဒီကနေ့ မြန်မာ့နိုင်ငံရေးကွင်းပြင်မှာ ပေါ်လစီ ဝေဝါးမှု (သို့) မပြတ်သားမှု (သို့) ရှုပ်ထွေးမှုဟာ အတိုက်အခံ အင်အားစုတွေအားလုံးရဲ့ နိုင်ငံရေး ရှေ့လုပ်ငန်းစဉ်ကို မရှင်းမလင်းဖြစ်စေတယ်။ ဒီအတွက် ဦးဆောင်မှုအခန်းကဏ္ဍမှာ ရှိနေတဲ့ အဲန်အယ်လ်ဒီကို အပြစ်တင်နေရုံ၊ စောင့်ကြည့်နေရုံနဲ့ ပြီးမှာမဟုတ်ဘဲ လှုပ်နိုင်ရှားနိုင်တဲ့ အဖွဲ့အစည်းတွေနဲ့၊ ဦးဆောင်မှုနေရာမှာ ရှိနေတဲ့ လူပုဂ္ဂိုလ်တွေအားလုံးမှာ တာဝန်ရှိနေတာပဲဖြစ်တယ်။

ဒီနေရာမှာ သေချာတာတစ်ခုကတော့ စစ်အုပ်စုရဲ့ တိုင်းပြည်နဲ့လူမျိုးအပေါ် ထားရှိတဲ့ တကယ့်သဘောထား နဲ့ ရပ်တည်ချက်ကို သုံးသပ်တာမှားယွင်းရင် (သို့တည်းမဟုတ်) မျှော်တလင့်လင့်ဖြစ်နေခဲ့ရင်တော့လည်း၊ စစ်အုပ်စုအပေါ် အမြင်နဲ့သဘောထားဟာ ရှင်းရှင်းလင်းလင်းနဲ့ ပြတ်သားမှုရှိမှာမဟုတ်ဘူး။ ဒီအတွက် နောက်ဆက်တွဲဖြစ်ပေါ်နေတာကတော့ အတိုက်အခံတွေကြားမှာ ရှင်းလင်းရေရာတဲ့ ပေါ်လစီမျိုးကို မချမှတ်နိုင်ကြတော့ဘဲ ဟိုတစ်ဖွဲ့တစ်မျိုး၊ ဒီတစ်ဖွဲ့တစ်ဖုံ ဖြစ်နေကြပြီး ပြတ်သားတဲ့မဟာဗျူဟာရေးဆွဲမှုကို မဆုပ်ကိုင်နိုင်ကြဘူးဖြစ်နေတယ်။

ဒါကြောင့် လုပ်ငန်းစဉ်ပိုင်းတွေမှာ အားနည်းချက်များစွာနဲ့ နပန်းလုံး လုပ်ဆောင်နေကြရသလို၊ လူ ငွေကြေးနဲ့ အချိန် စတဲ့ ရင်းနှီးစိုက်ထုတ်မှုတွေဟာ မကြာခဏဆိုသလို အကျိုးမဲ့ ဆုံးရှုံးမှုတွေကိုသာ ကြုံနေကြရတယ်။ ဒီအခြေအနေတွေကို ကျော်လွှားနိုင်ဖို့ရာ လူတချို့၊ အဖွဲ့အစည်းတချို့ဟာ ဘုံလုပ်ငန်းစဉ် ဆိုတဲ့စကားကို သတိပေးပြောဆိုကြတယ်။ သို့သော်လည်း ဒီအနေအထားမျိုးကို ရောက်ဖို့ရာမှာ နအဖ စစ်အုပ်စုအပေါ် ရှုမြင်သုံးသပ်ပုံ တူညီမှုရှိမရှိဆိုတာနဲ့ ဒီမိုကရေစီ တော်လှန်ရေးဖြစ်စဉ်တစ်ခုလုံး (၁၉၈၈ မှ ယနေ့ထိ)အပေါ် ရပ်တည်ချက်နဲ့သဘောထားဟာ အခြေခံကျတဲ့ ပြဿနာတွေဖြစ်တယ်။

ပထမအချက်ဖြစ်တဲ့ နအဖ စစ်ခေါင်းဆောင်တွေအပေါ် ထားတဲ့ သဘောထား အမြင်ကွဲပြားမှု ရှိနေခဲ့ရင် သို့တည်းမဟုတ် မတူညီနိုင်ခဲ့ရင် ပေါ်လစီပိုင်းအရ တူညီနိုင်စရာမရှိတော့သလို မဟာဗျူဟာနဲ့ လုပ်ငန်းစဉ်ပိုင်းမှာလည်း လေးလေးနက်နက် လက်တွဲ လုပ်ဆောင်ဖို့ရာ မလွယ်ကူပါဘူး (မဖြစ်နိုင်ပါဘူး)။

ဘယ်လိုပဲမြင်သည်ဖြစ်စေ စစ်အာဏာရှင်စနစ်ရပ်ခံမှုပေါ်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတာကို ဘယ်တော့မှ တည်ဆောက်လို့ မဖြစ်နိုင်သလို၊ ဒီမိုကရေစီစနစ်ပေါ်ကနေပြီး ဖော်ဆောင်မှသာ စစ်မှန်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ရရှိမှာဖြစ်ပါတယ်။

ခပ်ရှင်းရှင်းပြောရရင်တော့ အမျိုးသားညီညွတ်ရေးဆိုတာ အာဏာခွဲဝေရေး မဟုတ်လို့ပဲဖြစ်တယ်။

ဒုတိယအချက်မှာတော့ မူရင်းရည်ရွယ်ချက်၊ ရည်မှန်းချက်တွေဖြစ်တဲ့ တိုင်းပြည်နဲ့ လူမျိုးရဲ့ အကျိုးစီးပွားဟာ ပထမနေရာက လျှောကျပြီး၊ ကိုယ်ကျိုးစီးပွား (ပုဂ္ဂိုလ်ရေးအကျိုးအမြတ်)ဟာ ပထမအဆင့်ကို ပြောင်းလဲရောက်ရှိသွားခဲ့ပြီ ဆိုရင်တော့၊ လက်တွဲဆောင်ရွက်ကြဖို့မဆိုထားနဲ့ အဖွဲ့အစည်းအရရော၊ ပုဂ္ဂိုလ်ရေးအရပါ (တိုင်းပြည်အတွက်ပါ ဆိုတဲ့ အတိုက်အခံ အင်အားစုအချင်းချင်း) ပိတ်ဆို့ကာဆီးမှုတွေ၊ ပျက်စီးရာ ပျက်စီးကြောင်းကို ကြံစည် လုပ်ဆောင်မှုမျိုးတွေကို အကောင်အထည် ဖော်လာလေ့ရှိကြသလို၊ နိုင်ငံရေးကို စီးပွားရေး လုပ်ငန်းချင်း ပြိုင်ဆိုင်မှုလိုမျိုး သဘောထားလာလေ့ရှိတယ်။ ဒီလိုလုပ်ရပ်မျိုးတွေဟာ ရန်သူအားပေး လုပ်ရပ်ဖြစ်တယ်ဆိုတာကို မတွေးကြ၊ လက်မခြံကဘူးဆိုရင်တော့ တော်လှန်ရေးကြီး အဓွန့်ရှည်ပါစေဆိုတဲ့ စကားကို လက်တွေ့ အကောင်အထည် ဖော်နေကြတာပဲ ဖြစ်မှာသေချာတယ်။

ပစ္စက္ခအနေအထားမှာတော့ တစ်ဦးကောင်းတစ်ယောက်ကောင်းနဲ့ တကယ့်အပြောင်းအလဲကို ဖန်တီးနိုင်ဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူးဆိုတာ အများစုအနေနဲ့ နားလည်ထားပြီးဖြစ်သလို အတိုက်အခံအင်အားစု အားလုံးမဟုတ်ရင်တောင်မှ၊ အများစု (တကယ်လုပ်နိုင်ကိုင်နိုင်တဲ့ ပုဂ္ဂိုလ်၊ အဖွဲ့အစည်း) ပါဝင်တဲ့၊ စုစည်းညီညွတ်ပြီး ခိုင်မာတဲ့ ဘုံလုပ်ငန်းစဉ်တစ်ရပ်ကို ထူထောင်ပြီးမှ နအဖ စစ်အုပ်စုနဲ့အတူ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချ ဖယ်ရှားနိုင်မယ်ဆိုတာ ထင်သာမြင်သာ ရှိလွန်းနေပါပြီ။

သို့သော်လည်း အတိုက်အခံအင်အားစုတွေကြား အကြွင်းမဲ့ညီညွတ်ရေးကို တည်ဆောက်ဖို့ဆိုတာ စိတ်ဆန္ဒသက်သက်ပဲဖြစ်တယ်။ လက်တွေ့ဖြတ်သန်းရတဲ့အခါမှာတော့ အဖွဲ့အစည်း တစ်ခုချင်း အနေနဲ့ အခြေခံရပ်တည်ပုံ၊ တည်ဆောက်ပုံမတူညီကြတဲ့အတွက် အရာရာ တသားတည်းကျတဲ့ အခြေအနေ တစ်ရပ်ကို ဖန်တီးဖို့ဆိုတာ မလွယ်ကူပါဘူး၊ အလွန်မှ ခက်ခဲပါတယ်။ ဒါပေမယ့်လည်း ကြမ်းတမ်းခက်မာပြီး အင်အားကြီးလွန်းတဲ့ ရန်သူနဲ့ရင်ဆိုင်နေရတဲ့အခါ (တော်လှန်ရေးတစ်ရပ်ရဲ့ ရှိသင့်ရှိထိုက်တဲ့ သဘောသဘာဝအတိုင်း) အချင်းချင်းကြားမှာ ရှိသင့်ရှိထိုက်တဲ့ စုစည်းညီညွတ်မှုကိုတော့၊ ရနိုင်သလောက် တည်ဆောက်ယူရမှာဖြစ်ပါတယ်။

ညီညွတ်ရေး ဆိုတာကလည်း စကားလုံးတွေနဲ့ တည်ဆောက်ရုံ၊ အာပေါင်အာရင်းသန်သန် ဟစ်ကြွေးနေရုံတစ်ခုတည်းနဲ့ မလုံလောက်ဘူး။ တကယ်ဖြစ်လိုတဲ့ သဘောထားစိတ်ဆန္ဒနဲ့ လက်တွေ့ကျကျ အကောင်အထည်ဖော်မှုဟာ အဓိက ကျပါတယ်။

လတ်တလော ဦးစွာပထမ လိုအပ်ချက်ကတော့ မဟာဗျူဟာ၊ နည်းဗျူဟာတွေကို ပြန်လည်သုံးသပ်မှု၊ ဆန်းစစ်မှုတွေကို လုပ်ရပါလိမ့်မယ်။ ဒီနောက် လိုအပ်ရင် လိုအပ်တဲ့ ပြင်ဆင်မှု၊ ပြောင်းလဲမှုတွေကို လုပ်ရမှာဖြစ်တယ်။ ဘာကြောင့်ဆို ဥပမာအားဖြင့် အတိုက်အခံ အင်အားစုတွေကြား တစ်သံတည်း မထွက်တဲ့ပြဿနာ (ချဉ်းကပ်ပုံ အမျိုးမျိုး ကွဲပြားမှု၊ ရပ်တည်ချက်ကွဲပြားမှု၊ ရည်ရွယ်ချက် ကွဲပြားမှုများကြောင့်ဖြစ်သည်) ကို အားလုံးမြင်ကြပြီး ဖြစ်လို့ပါပဲ။ ဒါကြောင့် မြန်မာ့နိုင်ငံရေးအပြောင်းအလဲအတွက် ဘယ်ပုံဘယ်နည်းဆိုတဲ့ အရွေ့ဟာ အားကောင်း မောင်းသန် ဖြစ်မလာခဲ့သလို၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာရဲ့ ချဉ်းကပ်မှုဟာလည်း အဓိကအပြောင်းအလဲနဲ့ အလှမ်း ကွာလွန်းနေတာကိုပါ ဘေးထွက်ဆိုးကျိုးအဖြစ် တွေ့လာရပါတယ် ။

တဖက်မှာကလည်း ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်း ဆိုတာဟာ အင်အားကြီး နိုင်ငံတွေ (အဓိက ဗီတိုပိုင်ရှင်တွေ)ရဲ့ နိုင်ငံရေးကစားကွင်းတစ်ခုထက် မပိုသလို၊ နိုင်ငံတစ်နိုင်ငံရဲ့ တကယ့်လိုအပ်ချက်နဲ့ အဟပ်ညီတဲ့ အပြောင်းအလဲမျိုးအတွက်တော့ ပါဝါမဲ့ ကမ္ဘာ့အဖွဲ့အစည်း ဖြစ်တယ်။ နိုင်ငံတကာ ဆိုတာကလည်း သူ့အကျိုးစီးပွားနဲ့သူ တွက်ချက်ပြီးမှ ချဉ်းကပ် ထိစပ်နေကြတာဖြစ်တယ်။ မြန်မာ့နိုင်ငံရေး အတိုက်အခံ အင်အားစုတွေထဲမှာ ဆိုရင်လည်း နအဖစစ်အစိုးရ ရွေ့ရှားမှုကို အကောင်းမြင်တဲ့သူများ (လက်ရှိစစ်အုပ်စုနဲ့ပူးပေါင်းနေသူတွေ)၊ ဘာပဲရရ အချောင်လိုက်ချင်သူများ (စိတ်ကူးရောင်စုံနဲ့ ခြံစည်းရိုး ခွထိုင်နေသူတွေ)၊ အခြေခံကစပြီး ပြောင်းလဲမှ ရမယ်လို့ မြင်တဲ့သူများ (စစ်အာဏာရှင်စနစ်ကို ဖယ်ရှားရန် ကြိုးစားနေသူတွေ) စသည်ဖြင့် အမျိုးမျိုး ကွဲပြားနေမှုကြောင့်၊ အသံဗလံ မျိုးစုံနဲ့ ရှုပ်ထွေးနေပြီး၊ ရှင်းလင်းပြတ်သားတဲ့ ပုံသ¿ာန် တစ်ခုတည်းကို ဆုပ်ဆုပ် ကိုင်ကိုင် ရဖို့ရာ အလွန်ခက်နေပါတယ်။

ဘယ်သို့ဆိုစေ ကျနော်တို့ရဲ့ တိမ်းညွတ်မှုဟာ ဘာကို ရည်ရွယ်တယ်ဆိုတာ အရေးအကြီးဆုံးပါပဲ။

ဒီနေရာမှာ ညီညွတ်ရေးအတွက် တည်ဆောက်ပုံနဲ့ ပတ်သက်ပြီး၊ တင်ပြချက်ဟာ ကျနော့်ရဲ့ အနုမာန စဉ်းစားချက်များသာ ဖြစ်တဲ့အတွက် ပြည့်စုံလုံလောက်တယ်လို့ မဆိုလိုပါဘူး။ အားနည်းချက်များ ရှိကောင်း ရှိနေနိုင်ပါတယ်။ ဒါ့အပြင် အယူအဆအားဖြင့် ဆန့်ကျင်ဘက် ဖြစ်နေသူတွေကို မရည်ညွန်းပါဘူး။ ဘာကြောင့်ဆို ကျနော့်စဉ်းစားချက်ဟာ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် ဖယ်ရှားရေး ဆိုတဲ့ ရပ်ခံမှုကြောင့်ပါပဲ။

နည်းလမ်း ၂ သွယ်ရှိတယ်။ (၁) တပ်ပေါင်းစု ဖွဲ့တဲ့နည်းလမ်းနဲ့ (၂) မဟာဗျူဟာအရ ညှိနိုင်းပြီး၊ လုပ်ငန်း ပူးတွဲဆောင်ရွက်ရေးပဲဖြစ်တယ်။ ဒီနေရာမှာလည်း ပထမနည်းဖြစ်တဲ့ ပြန့်ကျဲနေတဲ့ အင်အားစုတွေကို တပ်ပေါင်းစုပုံသဏ္ဌာန် စုစည်းပြီး တိုက်ပွဲဝင်တဲ့ နည်းလမ်းနဲ့၊ ဒုတိယနည်းဖြစ်တဲ့ မဟာဗျူဟာအရ စုစည်း လှုပ်ရှားတဲ့နည်းလမ်း ၂ ခုကို ပကတိ ဖြစ်နိုင်ခြေပေါ် မူတည်ပြီး စဉ်းစားရမှာ ဖြစ်ပါတယ်။

တပ်ပေါင်းစုဖွဲ့ပြီး တိုက်ပွဲဝင်တဲ့နည်းလမ်းဟာ လက်ရှိဖြတ်သန်းခဲ့တဲ့ အနေအထားအရတော့၊ အတိုက်အခံ အင်အားစုတွေကြားမှာ (ပြည်တွင်းမှာရော ပြည်ပမှာပါ တပ်ပေါင်းစုတွေ ဖွဲ့ခဲ့ကြ၊ ရှိနေဆဲ ဆိုပေမယ့်) တကယ် ခိုင်မာညီညွတ်ပြီး တိုက်ပွဲကို (ပေါ်လစီပိုင်းရော၊ လှုပ်ရှားမှုပိုင်းမှာပါ) ဦးဆောင်မှုပေးနိုင်မယ့် တစ်ခုတည်းသော တပ်ပေါင်းစု ဆိုတာ ဖြစ်နိုင်ဖို့မလွယ်ကူသေးပါဘူး။ ဘာကြောင့်ဆို အတိုက်အခံ အင်အားစုတွေကြား အဖွဲ့အစည်းတစ်ခုချင်းရဲ့ ရပ်တည်ချက်ပုံစံ၊ အခြေခံ သဘောတရား၊ ရည်ရွယ်ချက်နဲ့ အကျိုးစီးပွား ရှုမျှော်ပုံတွေဟာ အလွန်ကွဲပြားနေလွန်းတဲ့ အတွက်ကြောင့် (တချို့နေရာတွေမှာ ပုဂ္ဂိုလ်ရေးအမြင်နဲ့ သံသယတွေအပြင်၊ အတ္တအကျိုး ဖက်တွယ်မှုတွေကြောင့်) စကားလုံးသက်သက် တပ်ပေါင်းစု (နှုတ်ထွက်စကားသက်သက်)သာ ဖြစ်နေခဲ့ပြီး၊ စစ်မှန်တဲ့ တပ်ပေါင်းစုတစ်ရပ်ရဲ့ အသွင်သဏ္ဌာန်မျိုး၊ စုစည်းမှုမျိုးနဲ့ လုပ်ငန်းစဉ်မျိုးကို မရနိုင်ခဲ့ကြဘူးဖြစ်တယ်။

ဒါကြောင့် မဟာဗျူဟာအရ ညှိနှိုင်းပြီး၊ လုပ်ငန်း အကောင်အထည် ဖော်ဆောင်တဲ့အခါမှာ ညီညွတ် မျှတစွာ ပူးတွဲဆောင်ရွက်တဲ့ နည်းလမ်းဟာ (တပ်ပေါင်းစုတစ်ရပ် မတည်ဆောက်နိုင်သေးခင်) မဖြစ်မနေ ဖြတ်သန်းသင့်တဲ့ နည်းလမ်းဖြစ်တယ်။ အတိုက်အခံတွေကြား ညီညွတ်ရေး တည်ဆောက်တဲ့အခါ အဆင့် ၂ ဆင့် ဖြတ်သန်းတဲ့ သဘောမျိုးလည်းဖြစ်တယ်။

အပြန်အလှန်သတင်းဖလှယ်မှု

အဖွဲ့အစည်းများကြား၊ အုပ်စုများကြား (တချို့နေရာများတွင် ပုဂ္ဂိုလ်ရေးထိစပ်မှုပါ အရေးပါ) မှာ

ရပ်တည်ချက်ပုံသဏ္ဌာန်၊ ရွေ့ရှားမှုပုံသဏ္ဌာန်ကိုလည်း အပြန်အလှန် နားလည်မှုရှိစေခြင်း ။

- လုပ်ငန်းဖော်ဆောင်မှုများနှင့် ပတ်သက်၍ အားနည်းချက် ၊ အားသာချက်များ ဖြစ်ပေါ်လာသည့်အခါ အပြန်အလှန်နားလည်မှု ၊ ကူညီထောက်ပံ့မှု (စိတ်ပိုင်း၊ ရုပ်ပိုင်း၊ ငွေကြေး၊ အတွေးအခေါ်ပိုင်း)။

- နိုင်ငံရေးဆွေးနွေးမှုများ (လုပ်ငန်းစဉ်ပိုင်း၊ အခြေအနေပိုင်း)ကို မကြာခဏပြုလုပ်ခြင်း။

- တူညီလုပ်ငန်းများကို ပူးတွဲ၍လည်းကောင်း ၊ အဆင့်လိုက် ခွဲဝေ၍လည်းကောင်း ဖော်ဆောင်ခြင်း အစရှိတဲ့ အနေအထားမျိုး။ အဆင့်မျိုးကို ဆုပ်ကိုင်နိုင်ကြမယ် ဆိုရင်တော့၊ မဟာဗျူဟာအဆင့် ညှိနှိုင်း ဆွေးနွေး သဘောတူရုံမျှသာမက နည်းဗျူဟာအဆင့်တွေမှာပါ တူညီလုပ်ငန်းစဉ်တွေကို ပူးတွဲဆောင်ရွက်နိုင်ကြတဲ့အတွက် အားသာချက် ပိုများလာမှာဖြစ်တယ်။

သို့သော်လည်းပဲ ပုဂ္ဂလိကအကျိုးစီးပွားကို ဆက်လက်ဖက်တွယ်ထားလိုသူတွေကတော့ ညီညွတ်ရေးဆိုတဲ့ လိုအပ်မှုကို အကြောင်းပြချက်မျိုးစုံနဲ့ ညစ်နွမ်းစေပါလိမ့်ဦးမယ်။

ကျနော်တို့ရဲ့ ပြည်သူတွေအတွက် ကျနော်တို့ ဆုံးဖြတ်ရပါလိမ့်မယ်။ နှစ်ပေါင်း ၂ဝ ရှည်ကြာလာပြီဖြစ်တဲ့ ဒီမိုကရေစီအရေးတော်ပုံကြီးရဲ့ နောက်ဆက်တွဲအကျိုးဆက်အဖြစ် ပြည်သူလူထုရဲ့ ဘဝဟာ ဖွပ်သထက်ညစ်လာတာက လွဲပြီး ဘယ်လိုကောင်းမွန်တဲ့ ပြောင်းလဲမှုမျိုးကို ရခဲ့ပါပြီလဲ။ ။

Comments