Min Thu Wun

နိုင်ငံရေးနဲ့ စာပေအနုပညာ (၈)
အမျိုးသားစာဆိုကြီး မင်းသုဝဏ်
ထိန်လင်း
စက်တင်ဘာ ၂၉၊ ၂၀၀၈
တိုင်းပြည်ရဲ့ ဆိုးဝါးတဲ့အခြေအနေတစ်ခုကို ဖြတ်သန်းရတဲ့အခါ လူတွေရဲ့ ဝါသနာတွေ၊ ကျွမ်းကျင်တဲ့ ပညာရပ်တွေကို ခဏဘေးဖယ်ထားပြီး လုပ်သင့်လုပ်ထိုက်တဲ့ အရာတွေကို လုပ်ဆောင်ရတာတွေ ရှိပါတယ်။ ဒီအခါ ကိုယ်တတ်ထားတဲ့ ပညာရပ်တွေက ပျောက်ပျက်မသွားပေမယ့် ကိုယ့်စိတ်တိုင်းကျ မလုပ်နိုင်တဲ့သဘောတော့ ရှိတတ်ပါတယ်။ ဒီလိုပဲ ကိုယ်ရွေးချယ်လိုက်တဲ့အရာကြောင့် ဆုံးရှုံးတဲ့အရာတွေ ရှိသလို အဲဒီလို ဆုံးရှုံးအောင် တမင် လုပ်တာကိုလည်း ခံရတတ်ပါတယ်။ အထူးသဖြင့် နိုင်ငံရေးနဲ့ ပတ်သက်လို့ စာပေအနုပညာသမားတွေ ဘယ်လို အရင်းအနှီး ပေးရတတ်တယ်ဆိုတာကို စဉ်းစားမိပါတယ်။

၈၈ အရေးတော်ပုံကာလရဲ့ နောက်ပိုင်း တကျော့ပြန် စစ်အုပ်ချုပ်ရေးရဲ့အောက် နှစ်ပေါင်း ၂ဝ ကျော် ဖြတ်သန်းခဲ့ရတဲ့အခါ အထက်မှာ ပြောခဲ့သလို ကိုယ်ပိုင်အရင်းအနှီးတွေဖြစ်တဲ့ အနုပညာတွေ၊ ဘဝတွေကို နိုင်ငံ့အရေး ပါဝင်လုပ်ဆောင်မှုအတွက် ပေးခဲ့ရတဲ့ အနုပညာသည်တွေ အများအပြား ရှိပါတယ်။ အဲဒီအထဲမှာ ရုပ်ရှင် အနုပညာသည်တွေ၊ ဂီတ အနုပညာသည်တွေ၊ စာပေအနုပညာသည်တွေ ပါဝင်ပါတယ်။ စာပေပညာရှင်တွေက အနုပညာလောကမှာ အရေအတွက်အများဆုံးဆိုတော့ နိုင်ငံရေးလို့ပဲပြောပြော၊ ဒီမိုကရေစီရေးလို့ပဲ ဆိုဆို အဲဒီ လှုပ်ရှားမှုကြီးထဲမှာ တခြားသော အနုပညာနယ်ပယ်တွေထက် များပြားတဲ့အရေအတွက်နဲ့ ပါဝင်ခဲ့ပြီး အဖိနှိပ်ခံရတော့လည်း သူတို့ပဲ အများဆုံးဖြစ်ပါတယ်။

ဥပမာအားဖြင့် ကိုဇာဂနာရဲ့ ဖခင် ဆရာ နန်းညွန့်ဆွေ၊ ကဗျာဆရာ ကြည်အောင်၊ ကဗျာဆရာ ကိုလေး (အင်းဝဂုဏ်ရည်) စတဲ့ စာပေနယ်က ပုဂ္ဂိုလ်တွေဆိုရင်လည်း ဒီကနေ့အထိ စာနယ်ဇင်းတွေမှာ ထည့်သွင်းဖော်ပြခွင့် ပိတ်ပင် ခံထားရဆဲပါ။ သတင်းစာဆရာကြီး ဦးဝင်းတင်ဆိုရင်လည်း နှစ်ပေါင်း ၂ဝ နီးပါး ကြာအောင် ဖမ်းဆီးပြီးမှ ပြန်လွှတ်ပေးခဲ့တာပါ။ အဲဒီလို စစ်အာဏာပိုင်တွေရဲ့ အနှိပ်အစက် ခံခဲ့ရသူတစ်ဦးကတော့ ဆရာကြီး မင်းသုဝဏ်ဖြစ်ပါတယ်။

၂ဝဝ၄ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့မှာ ကွယ်လွန်ခဲ့တဲ့ ဆရာကြီး မင်းသုဝဏ်က ၁၉ဝ၉ ခုနှစ်မှာ မွေးတယ်ဆိုတော့ လာမယ့် ၂ဝဝ၉ ခုနှစ်ဆိုရင် နှစ် ၁ဝဝ ပြည့်ပါပြီ။ ဆရာဇော်ဂျီရဲ့ ရာပြည့်ပွဲ ကျင်းပခဲ့သလို ဆရာမင်းသုဝဏ်ရဲ့ ရာပြည့်ပွဲလည်း ပြည်တွင်းမှာ ကျင်းပခွင့် ရမယ်လို့ မျှော်လင့်ပါတယ်။ ဆရာကြီး မင်းသုဝဏ်ဟာ ခေတ်စမ်းစာပေကို ဦးဆောင်ခဲ့သူတွေထဲက တစ်ယောက်ဖြစ်သလို စာပေပညာရှင်တစ်ဦးအဖြစ် စစ်ကြိုခေတ်ကနေ ကွယ်လွန်ချိန်အထိ ရပ်တည်ခဲ့သူဖြစ်ပါတယ်။ စာပေဗိမာန် တည်ထောင်ခဲ့သူတွေထဲမှာလည်း ပါဝင်ခဲ့ပါတယ်။

“ဝါဆိုဝါခေါင် ရေတွေကြီးလို့၊ သပြေသီးမှည့် ကောက်စို့ကွယ်” လို့အစချီထားတဲ့ ‘သပြေသီးကောက်’ ကဗျာ၊ “ဆွမ်းအုပ်နီနီ အမေရွက်လို့၊ နက်ဖြန်မနက် ကျောင်းထွက်မယ်” လို့ အစချီထားတဲ့ ‘ဥပုသ်စောင့်’ စတဲ့ ဆရာကြီးရဲ့ ကလေးကဗျာတွေကို လူတိုင်းလိုလို သိနေကြပါလိမ့်မယ်။ ဒီလိုပဲ မြန်မာပြည် လွတ်လပ်ရေးမရခင် ၁ဝ နှစ်တိတိက ရေးသားခဲ့တဲ့ ‘သပြေညို’ ကဗျာကိုလည်း သိကြမယ်လို့ ထင်ပါတယ်။ အဲဒီလို အရှိန်အဝါရှိတဲ့ စာပေတွေကို ရေးသားခဲ့သလို တခြား မှတ်တမ်းတင်လောက်တဲ့ လုပ်ရပ်တွေကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။ မဆလ ခေတ်မှာ ပြုလုပ်ခဲ့တဲ့ စာတတ်မြောက်ရေးလှုပ်ရှားမှုမှာ အရေးအဖတ်အမြန်သင်ကြားတဲ့ ဝထကလသ နည်းကို တည်ထွင်ခဲ့သလို၊ မျက်မမြင်စာ နည်းသစ်ကို ဦးဆောင်တီထွင်သူ ဖြစ်တယ်လို့ မှတ်တမ်းတစ်ခုမှာ တွေ့ရပါတယ်။

ဆရာဟာ မြန်မာစာပေဆိုင်ရာ ဆောင်းပါးတွေ၊ ဝတ္ထုတိုတွေ၊ ဘာသာပြန်စာပေတွေ ရေးသားခဲ့သလို တက္ကသိုလ် မြန်မာအဘိဓာန် ၅ အုပ်တွဲကိုလည်း ပြုစုခဲ့ပါတယ်။ ဂျပန်နိုင်ငံ အိုဆာကာ နိုင်ငံခြားဘာသာတက္ကသိုလ်မှာ ၁၉၇၅ ကနေ ၁၉၇၉ ခုနှစ်အထိ ဧည့်ပါမောက္ခအဖြစ် သွားရောက်ပြီး တာဝန်ထမ်းဆောင်ခဲ့ချိန်မှာတောင် မြန်မာ-ဂျပန် အဘိဓာန်၊ မြန်မာဖတ်စာ၊ မြန်မာစကား ပြောပုံနည်းမျိုးစုံ၊ မြန်မာကျေးလက်ကဗျာ အစရှိသဖြင့် ပြုစုခဲ့သူဖြစ်ပါတယ်။

ဆရာမင်းသုဝဏ်ဟာ ဘယ်လိုလူမျိုးဖြစ်တယ်ဆိုတာနဲ့ပတ်သက်လို့ ကဗျာဆရာ မောင်စွမ်းရည်က စာပေဟောပြောပွဲတစ်ခုမှာ အခုလို ပြောပြခဲ့ဖူးပါတယ်။

“ဆရာမင်းသုဝဏ်ဟာ ကျောင်းသား ဒေါင်းကဗျာကို ပထမဆုံး ရေးတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အပြင် မှိုင်းရာပြည့်ကဗျာကို ရေးတဲ့ကဗျာဆရာအနေနဲ့လည်း ဒီတစ်ဦးတည်းပဲ ရှိပါတယ်။ ၁၉၆၃ ငြိမ်းချမ်းရေးပွဲကြီး ပျက်သွားတဲ့အခါကျတော့ လူတွေအားလုံး လိုက်ဖမ်းနေတာ၊ ကျောင်းသားတွေအားလုံး လိုက်ဖမ်းနေတာ။ အဲဒီနေရာမှာ ၆၄ ကျတော့ ဆရာကြီးကွယ်လွန်သွားတဲ့အခါကျတော့ စဖတ်ဖို့ ဆရာမင်းသုဝဏ် စီစဉ်ပေးတဲ့ကဗျာက တက္ကသိုလ်ကျောင်းသားတွေကိုပဲ တိုင်းပြည်အနာဂတ်အတွက် အားထားရမှာပါ ဆိုတဲ့ကဗျာကို ရွတ်ခိုင်းတာ ဆရာက။ ရွတ်ခိုင်းပြီးတော့ မှိုင်းရာပြည့်ကဗျာကို ဆရာမင်းသုဝဏ်က ရေးတာ”
ဒီလို မျိုးချစ်စိတ်ရှိတဲ့ ဆရာကြီးမင်းသုဝဏ်ဟာ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးမှာ ပြည်သူဘက်က ရပ်တည်ခဲ့သလို စစ်အစိုးရက ၁၉၉ဝ ပြည့်နှစ်မှာ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံခဲ့ရပါတယ်။ ရွေးကောက်ပွဲနဲ့ မရှေးမနှောင်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၅ဝ ပြည့် မွေးနေ့အတွက် ဆရာကြီးက ‘မွေးနေ့ဆုတောင်း’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ကဗျာတစ်ပုဒ် အခုလို ရေးသားခဲ့ပါတယ်။

မွေးနေ့ဆုတောင်း

ပြည်သူတွေအောင်ပန်း၊ မြဲဆင်မြန်းသည့်
အောင်ဆန်းစုကြည်၊ ရဲဇာနည်ကို
မြန်ပြည်တလွှား၊ ချစ်သူများခဲ့။

တို့အားတို့အင်၊ တို့အရှင်ကို
ကြည်ရွှင်စေသော၊ မာစေသောဟု
မွေးသောနေ့မှာ၊ တို့သူငါသည်
မေတ္တာကြည်လင် ရွှင်ရွှင်ပို့။
ဒေါင်းပျိုအိုးဝေ၊ တွန်စေဖို့
မြတ်ဆုမွန်ကောင်း တောင်းကြစို့။ ။

မကြာပါဘူး၊ မြန်မာပြည်မှာ ထုတ်ဝေတဲ့ စာနယ်ဇင်းတွေမှာ ဆရာကြီးရဲ့ စာတွေ ဖော်ပြခွင့် မရတော့ပါဘူး။ နောက်ပိုင်း ဖော်ပြခွင့်ရပြန်တော့လည်း အကန့်အသတ်တွေ ရှိခဲ့ပါတယ်။ ဆရာကြီးကတော့ သူမြတ်နိုးတဲ့ စာပေတာဝန်ကို ကျေပွန်သလို လုပ်ဆောင်သင့်တဲ့ နိုင်ငံရေးတာဝန်တွေကိုလည်း ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ အခုလည်း ကိုယ့်ယုံကြည်ချက်အတိုင်း ရပ်တည်ခဲ့တဲ့ ဆရာကြီး မင်းသုဝဏ်လို မျိုးချစ်စာဆိုတွေ မြန်မာပြည်မှာ ရှိနေပါတယ်။ သူတို့တွေက သူတို့ရဲ့ အသက်မွေးဝမ်းကျောင်း ပညာရပ်ကို အသုံးချခွင့် မရကြပါဘူး။ တချို့ဆိုရင် အဖမ်းအဆီး ခံထားရပါတယ်။ ဒါဟာ ကောင်းမွန်တဲ့အနေအထား မဟုတ်ပါဘူး။ လက်ရှိအနေအထားကို လွတ်လပ်ပါတယ်လို့ ယူဆနေသူတွေအနေနဲ့ အဲဒီလို မလွတ်လပ်သူတွေအကြောင်းကို စဉ်းစားမိကြမယ်ဆိုရင်တော့ မြန်မာပြည်ရဲ့ အလားအလာက အကောင်းဘက်ကို မြန်မြန်ဦးတည်နိုင်မှာ ဖြစ်ပါတယ်။ ။

ထိန်လင်း (၂၃၊ ၉၊ ၂ဝဝ၈)

၂ဝဝ၈ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့ နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည်ဖော်ပြပါသည်။

Comments