2008 International Burma Studies Conference


`mn`pvpvarp;eNHaPlHy"

မြန်မာပြည်ပညာရပ် နှီးနှောဖလှယ်ပွဲ

စောလူ

စက်တင်ဘာ ၁၂၊ ၂၀၀၈

ကြားဖူးတော့ ကြားဖူးမှာပါ့။ မကြာားဖူးသူတော့ ဘယ်ကြားဖူးပါ့။ ဒါက နိယာမပဲဟာ။

နိယာမတာ မမတာ အပထား၊ မြန်မာပြည်ပညာ ရပ်နှီးနှောဖလှယ်ပွဲဆိုတာ ဘာကြီးလဲ။

မြန်မာပြည် ပညာရပ်တွေနဲ့ ပတ်သက်လာရင် တခုတည်းသော ဆွေးနွေးနှီးနှောပွဲ။ ၂ နှစ်မှ တခါသာ ကြုံရဆုံရတတ်တဲ့ ပွဲ။ နိုင်ငံတကာက ပညာရှင်တွေ အစုံအညီ တွေ့ရတတ်တဲ့ပွဲ။ ဒီနှစ်တော့ အောက်တိုဘာ ၃ ရက်က ၅ ရက်အထိ အမေရိကန်ပြည်ထောင်စု မြောက်အီလီနွိုင်း တက္ကသိုလ်မှာ ၀ှဲချီးကျင်းပတော့မည့်ပွဲ။

မြန်မာပြည် ပညာရပ် ဆိုသည့်အသုံးကို နားထွေးကောင်း နားထွေးနိုင်သဖြင့် အနည်းအကျဉ်း ရှင်းပြဖို့ လိုကောင်းလိုမည်။ “ပညာရပ်”ဆိုသည်မှာ studies ဟူသော အင်္ဂလိပ်ဝေါဟာရကို မြန်မာဘာသာပြန်ထားတာပါပဲ။ Oriental Studies ဆိုသည်ကို အရှေ့တိုင်းပညာဟု မြန်မာပြည်တွင်းမှာ ခေါ်ကြပြောကြ သုံးကြသည်မှာ အသားကျနေပြီ မဟုတ်ပါလား။

၂၀၀၆ခုနှစ်က စင်္ကာပူမှာ မြန်မာပြည် ပညာရပ်နှီးနှောဖလှယ်ပွဲကြီး ကျင်းပတော့ သတင်းဆရာအများ သုံးကြသည့်စကားက “မြန်မာ့အရေး ဆွေးနွေးပွဲ” တဲ့။ မူလအဓိပ္ပာယ်နဲ့ ကွာသွားတော့ တမျိုး မြင်စရာ၊ တလွဲထင်စရာ ဖြစ်ကုန်ပါရောလား။ နိုင်ငံရေးပဲ ဇောင်းပေးတော့မလိုလို၊ မြန်မာပြည်နိုင်ငံရေးနဲ့ ပတ်သက်လို့ပဲ ဆုံးဖြတ်ချက်တွေ ချတော့မလိုလို။ တကယ်တော့ ထိုသို့မဟုတ်။ မြန်မာပြည်ပညာရပ်ဆိုသည့်အတိုင်း မြန်မာပြည်နှင့် ပတ်သက်သည့် ပညာရပ်တွေ အစုံပါမည်။ သမိုင်းပါမည်။ စီးပွားရေး ပါမည်။ ဘာသာစကား ပါမည်။ အနုသုခုမပညာ ပါမည်။ နိုင်ငံရေးပညာလည်း တခန်းတကဏ္ဍအဖြစ် ပါမည်။ ပညာရပ်ဖလှယ်ကြ နှီးနှောကြမည့်ပွဲသာ ဖြစ်သည်။

ပညာရပ်ဆွေးနွေးပွဲတော့ ဟုတ်ပါပြီ။ ဘယ်သူတွေက ဦးဆောင် ဆော်သြနေကြပါသနည်း။ ဒါလည်း သိချင်ကြမည်။ သိကောင်းတဲ့ ကိစ္စ ဖြစ်သည်။ ဟိုးရှေးရှေးက စပြောရလျှင် လွန်ခဲ့တဲ့ ၂၂ နှစ်ကို ပြန်သွားရမည်။ အဲဒီအချိန် ၁၉၈၆ က မြန်မာပြည်အကြောင်း စိတ်ဝင်တစားရှိကြသူတွေ စုမိကြသည်။ စိတ်ဝင်တစား ရှိကြသူတွေထဲမှာ မြန်မာပြည်ဖွား ပြည်ပရောက်နေသူများလည်း ပါသည်။ မြန်မာပြည်မှာ မဖွားပေမယ့် မြန်မာပြည်ထဲမှာ အကြောင်းအားလျော်စွာ ရောက်ဖူးနေဖူးသူ ပြည်ပသားများလည်း ပါသည်။ ဘာအကျိုးပေး ဘာရေစက်ကြောင့်ရယ် မဆိုနိုင်။ မြန်မာပြည်ဆိုသည်က တခေါက်တခါ ရောက်ဖူးနေဖူးရုံနှင့် သံယောဇဉ်ငြိသွားတတ်သည့်နေရာ ဖြစ်နေသည်။ နိုင်ငံရပ်ခြားသားများ ကိုယ့်ရပ်ကိုယ့်ဌာနေ ပြန်ရောက်သည်အထိ မစွဲမလမ်းဘဲ မနေနိုင် မထိုင်နိုင် ဖြစ်တတ်ကြသည်။ သို့နှင့် မြန်မာပြည်အကြောင်း စိတ်ဝင်စားသူတွေ စွဲလမ်းသူတွေက မြန်မာပညာရပ် ရန်ပုံငွေအဖွဲ့ ဆိုပြီး ဖွဲ့လိုက်ကြသည်။

စွဲလမ်းတာတော့ ဟုတ်ပါပြီ။ ဖွဲ့တာတော့ ဟုတ်ပါပြီ။ ဘာလုပ်ကြပါမည်နည်း။ ကိုယ်ချည်း စိတ်ဝင်စားတာထက် ကိုယ်စိတ်ဝင်စားသလို တခြားသူတွေ စိတ်ဝင်တစားရှိလာအောင် အဖော်ညှိရ မကောင်းဘူးလား။

ပြည်တွင်းမှာရောက်နေစဉ်က စုဆောင်းလာတဲ့ မြန်မာ့ဂုဏ်ဆောင် အနုပညာပစ္စည်းတွေကို ကိုယ်တယောက်တည်း တိတ်တိတ် ခံစားနေမယ့်အစား တနေရာရာမှာ စုစည်းထားပြီး အများတကာ တန်ဖိုးသိလာအောင် လုပ်ရ မကောင်းဘူးလား။ ဒီထက်ပိုပြီး မြန်မာပြည်ပညာရပ်တွေကို အကျယ်အပြန့် ဖြန့်ရရင် မကောင်းဘူးလား။ တွေးကုန်ကြသည်။ တွေးမိသမျှ အားလုံး ကောင်းပါသည်။

ကောင်းတာ ဟုတ်ပါပြီ။ အတွေး ကောင်းနေရုံနှင့် ပြီးရောလား။ အကောင်အထည် ဖော်နိုင်မှ တကယ်ကောင်းမှာ။ မိမိတို့စုဆောင်းထားသော ပစ္စည်းတွေကို သိမ်းနိုင် ဆည်းနိုင် တခမ်းတနား ပြနိုင်ဖို့ ပညာရပ်ဆိုင်ရာ ကျောင်းများကို ရှာရတော့သည်။ တက္ကသိုလ်တွေကို စာပို့သည်။ မိမိတို့ အဖွဲ့အစည်းမှာ စာအုပ်စာတမ်းတွေရှိသည်။ အနုပညာပစ္စည်းတွေ ရှိသည်။ ထိုထိုပစ္စည်းများကို စည်းကမ်းတကျ ထိန်းသိမ်းစောင့်ရှောက် ပြသဖို့ စိတ်ဝင်စားလျှင် အဖွဲ့အစည်းကို ဆက်သွယ်နိုင်ကြသည်။ တက္ကသိုလ် အတန်များများက ဆက်သွယ်ကြသည်။ သူ့တက္ကသိုလ်မှာ ထားပါ။ ကိုယ့်တက္ကသိုလ်မှာထားပါ။ အဆုံးမတော့ မြောက်အီလီနွိုင်းတက္ကသိုလ်ကို အဖွဲ့က ရွေးလိုက်သည်။ မြောက်အီလီနွိုင်းတက္ကသိုလ်မှာက အရှေ့တောင်အာရှ ပညာရပ်ဌာန အခိုင်အမာရှိပြီး ဖြစ်သည်။ ရှေးဟောင်း အနုပညာပါမောက္ခတဦးကို ညွှန်ကြားရေးမှူးမူလျက် မြန်မာပြည်ပညာရပ်ဌာန ငွားငွားစွင့်စွင့် ပေါ်ထွန်းလာသည်။

မြန်မာပြည်ပညာရပ်ဌာန ရှိလာတော့ မြန်မာပြည်ပညာရပ် ပြန့်ပွားရေးတွေကို နည်းအမျိုးမျိုးနှင့် လုပ်လာနိုင်ကြသည်။ မြောက်အီလီနွိုင်း တက္ကသိုလ်မှာ ဗမာဘာသာစကားသင်တန်း ဖွင့်လာနိုင်သည်။ မြန်မာ့ရှေးဟောင်း အနုပညာသမိုင်းသင်ရိုးကို နှစ်စဉ်ပုံမှန်ဖွင့်ပေးနိုင်သည်။ တက္ကသိုလ်စာကြည့်တိုက် အရှေ့တောင်အာရှပညာဌာနတွင် မြန်မာစာကြည့်တိုက်မှူးတဦးကို ခန့်လိုက်နိုင်သေးသည်။ မြန်မာဘာသာ စာအုပ်စာတမ်းလည်း သောင်းကျော် စုဆောင်းမိနေပြီ။ မြန်မာအနုပညာပြခန်းကိုလည်း တနှစ်မှာ တကြိမ်နှစ်ကြိမ်ပြနိုင်သည်။ ကျောင်းပရ၀ုဏ်ကို ကျော်၍ ရှီကာဂိုမြို့ထဲက ပြခန်းများသို့ပင် မြန်မာ့အနုပညာပစ္စည်းများ ခြေဆန့်ခွင့်ရသည်။ မြန်မာ့ပညာရပ်ဂျာနယ်ကို အနည်းဆုံး တနှစ်တကြိမ် ထုတ်ဝေနေပြီ။ ဆိုခဲ့သည့်အတိုင်း မြန်မာ့ပညာရပ် နှီးနှောဖလှယ်ပွဲကြီးကို ၂နှစ်တကြိမ် ပုံမှန် ကျင်းပနေနိုင်ခဲ့ပြီ။

မြန်မာ့ပညာရပ်နှီးနှောဖလှယ်ပွဲကြီးကို အရင့်အရင်က မြောက်အီလီနွိုင်းတက္ကသိုလ်မှာသာ ကျင်းပနေကျ။ သို့သော် ၂၀၀၂ကစ၍ အမေရိကပြင်ပသို့ နယ်ကျော်စပြုပြီ။ ၂၀၀၂မှာ ဆွီဒင်၊ ၂၀၀၆ မှာ စင်္ကာပူ။ လေးနှစ်ခြား ပြည်ပတွင် ကျင်းပတော့မည်။ ကြား ၂နှစ်မြောက်ကတော့ ပင်ရင်း မြောက်အီလီနွိုင်းတက္ကသိုလ်မှာ။ အခုနှစ်သည် မြောက်အီလီနွိုင်းတက္ကသိုလ်အလှည့်။ နောက် ၂နှစ်အကြာတွင် ကျင်းပရာနေရာသည် ဥရောပက ပါရီမြို့ဖြစ်ဖို့များနေသည်။

ဒါထက် ဒီနှစ် မြန်မာပညာရပ်နှီးနှောဖလှယ်ပွဲကြီးမှာ ဘာတွေ လုပ်ကြမှာပါလိမ့်။ ပညာရှင်တွေ စာတမ်းဖတ်မယ်ဆိုတာတော့ ပြောနေဖို့မလို။ လိုင်းပေါင်းစုံ အတတ်ပေါင်းစုံ အသံပေါင်းစုံ ကြားရမည်။ ဘာသာရေး စီးပွားရေး ပညာရေး ဘာသာစကား၊ အဆုံးပြောရလျှင် ခုတလော ခေတ်စားနေသော ယူနီကုတ်အကြောင်း ပြောမယ့်ဟောမယ့်သူပင် လာဦးမည်။ အတတ်ပေါင်းစုံ အသံပေါင်းစုံ ကြားရသည့်နည်းတူ ပညာရှင်တွေက လူမျိုးစုံ။ ဂျပန်တို့ အမေရိကန်တို့ အင်္ဂလိပ်တို့ တရုတ်တို့။ မြန်မာမဟုတ်သော ပညာရှင်များက မြန်မာပညာရပ်အကြောင်း ဖတ်ကြနှီးနှောကြမည်။ နို့ဖြင့် မြန်မာဟုတ်သော ပညာရှင်များက ဘယ်ချောင် ရောက်နေပါသနည်း။ မေးနေ စောကြောမနေနှင့်။ နှီးနှောဖလှယ်ပွဲကြီး အရှိန်ရလာသည်နှင့်အမျှ မြန်မာပညာရှင်များ တတပ်တအား ပါဝင်လာပြီ။ မြန်မာပြည်တွင်းက ချီတက်လာကြမည့် မြန်မာပညာရှင်တွေလည်း ဆွေးနွေးကြမည်။ သမိုင်းရော စီးပွားရေးရော ဘာသာစကားရော ရုပ်သေးအနုပညာရော။ ပြည်ပရောက်နေသည့် မြန်မာပညာရှင်တွေလည်း ချီတက်လာကြမည်။ မင်းပေါင်းစုံမည့်ပွဲ။

ဒီအထဲ အချိုပေါ်သကာလောင်းထားတာက ရှိသေး။ ပညာရှင်တွေ စာတမ်းဖတ်ရ၊ အာဘောင်အာရင်းသန်သန် ဝေဖန်ဆွေးနွေးကြရ၊ အချင်းချင်း ပညာသတင်းပလင်း ပုဂ္ဂိုလ်အတင်းအဖျင်း ဖလှယ်ကြရနှင့် မောရှာကြမည်ကို မြန်မာပညာရပ်ဌာန လက်ရှိညွှန်ကြားရေးမှူးက သိထားသည်။ ဒီတော့ ညပိုင်းမှာ အပန်းဖြေစရာ အစီအစဉ်တွေက အပြည့်။ မြန်မာထမင်းဟင်းနဲ့ မြိန်မြိန်ရှက်ရှက် ညစာစား။ ညစာစားပြီးတာနဲ့ အနုပညာခန်းမထဲကို ကြွကြ။ အမေရိကရောက် နိုင်ငံတော်ဆိုင်းဆရာလေးရဲ့ ဆိုင်းလက်သံနဲ့ အတူ မြန်မာ့အဆိုကျော်တွေရဲ့ တေးသံကို နားဆင်ကြ။

ပျော်စရာ့ ပျော်စရာကြီး ဖြစ်မှာပါ့။ ပျော်ချင်ရင် ဧဟိ ဧဟိ လာလှည့်ကြ။ ပညာရှင်ဆိုသူများ မဟုတ်သည်ကို ဆိုသည့်အခါ ဆုံးမရန် လှမ်းခဲ့ကြ။ ဒီထက် စုံစုံ သိချင်သေးသပဆို ဟောဒီ ၀က်ဘ်ဆိုက် ကြည့်လိုက်ပါ့။ http://www.grad.niu.edu/burma/BURMA_confpage_3.html

Comments