Collider probing mysteries of the universe at the speed of light


ဒြပ်မှုန်ပစ်လွှတ်စမ်းသပ်မှု လူသားတို့၏ သမိုင်းမှတ်တိုင် ဖြစ်သွား

Computerworld

စက်တင်ဘာ ၁၀၊ ၂၀၀၈

သိပံ္ပပညာရှင်များက ဒြပ်မှုန်တန်းတစ်ခုကို ၁ရ မိုင်အရှည် စက်ဝိုင်းပုံစံရှိ ကမ္ဘာ့အကြီးဆုံးသော ဒြပ်မှုန်ရွေ့ရှားမှု အရှိန်မြှင့် စမ်းသပ်ပြွန်အတွင်းသို့ ယနေ့ အောင်မြင်စွာ ပစ်လွတ်နိုင်ခဲ့ပြီး ကမ္ဘာလူသားတို့၏ သမိုင်းဝင် မှတ်တမ်းတစ်ခု ဖြစ်သွားသည်။

Large Hadron Collider (LHC)ဟု ခေါ်သည့် ထိုစမ်းသပ်ပြွန်ကို နျူကလီးယားသုတေသနဆိုင်ရာ ဥရောပအဖွဲ့အစည်း(CERN)က ဒေါ်လာ ၉ ဘီလီယံ အကုန်အကျခံ၍ နှစ်ပေါင်း ၂၀ ကြာတည်ဆောက်ခဲ့သည်။ ဆွစ်ဇာလန်နှင့် ပြင်သစ် နှစ်နိုင်ငံနယ်နိမိတ်အနီး မီတာ ၁၀၀ အောက်တွင် တည်ရှိသည်ဟု သိရသည်။

ထိုစမ်းသပ်မှု၏ ရည်ရွယ်ချက်သည် ဒြပ်မှုန်တန်းနှစ်ခုကို ဆန့်ကျင်ဖက်လားရာမှ အလင်းအလျင်နီးပါးနှုန်းဖြင့် ပစ်လွှတ်ကာ ထိုဒြပ်မှုန်နှစ်ခုတွေ့ဆုံတိုက်ခိုက်သည့်အခါ ပေါက်ကွဲမှုကြီး (big bang theory) အသေးစားနှင့် ပုံစံတူမည်ဖြစ်ပြီး စကြ၀ဠာဖြစ်ပေါ်လာစေသည့် သဲလွန်စကို ရနိုင်မည်ဟု သိရသည်။

"ဒီစမ်းသပ်အောင်မြင်မှုဟာ တကယ့်ကို လူသားတွေရဲ့ သမိုင်းမှတ်တိုင်ဖြစ်ပါတယ်၊ စမ်းသပ်မှုဟာ ပြင်ဆင်ထားတဲ့အတိုင်း လုံးဝအဆင်ပြေချောမွေ့ခဲ့ပါတယ် " ဟု California Institute of Technology မှ ရူပဗေဒပါမောက္ခ Harvey Newman က ပြောကြားလိုက်သည်။

သိပံ္ပပညာရှင်များသည် ဒြပ်မှုန်တန်းတစ်ခုကို အလင်းအလျင်နီးပါး စမ်းသပ်ပြွန်ထဲသို့ အရင်ပစ်လွှတ်ပြီး နောက်ထပ်တစ်ခုကို ဆန့်ကျင်ဖက်မှ ပစ်လွှတ်ခဲ့သည်ဟု သိရသည်။

"ဒီစမ်းသပ်မှု ဘယ်လိုဖြစ်လာမယ်ဆိုတာကို တကမ္ဘာလုံးက စောင့်ကြည့်နေကြတာ အလွန်ကို စိတ်လှုပ်ရှားစရာ ကောင်းပါတယ်" ဟု စမ်းသပ်မှုတွင် ပါဝင်သည့် အမ်အိုင်တီ(MIT)တက္ကသိုလ်မှ ရူပဗေဒပါမောက္ခ Bolek Wyslouch ကလည်း ထုတ်ဖော်ခဲ့သည်။ ဒြပ်မှုန်တန်းနှစ်ခု တကယ် တွေ့ဆုံ တိုက်ခိုက်မည့် စမ်းသပ်မှုကို လာမည့် ရက်အနည်းငယ်တွင် ပြုလုပ်နိုင်မည်ဟု မျှော်လင့်ကြောင်း သူက ဆက်လက်ပြောကြားခဲ့သည်။

အကယ်၍ ဒြပ်မှုန်တန်းတစ်ခု စမ်းသပ်ပြွန်ထဲ၌ ၁၀ နာရီခန့် လှည့်ပတ်သွားနေပါက ခရီးအကွာအဝေး ကီလိုမီတာ ၁၀ ဘီလီယံကျော် ရှိပြီး၊ ကမ္ဘာမှ နက်ပကျွန်း(Neptune)ဂြိုလ် အသွားအပြန် အကွာအဝေးနှင့် ညီမျှသည်ဟု သိရသည်။

သိပံ္ပပညာရှင်အများစု ယုံကြည်ထားသည့် big bang သီအိုရီအရ လွန်ခဲ့သည့် နှစ်ပေါင်း ၁၃ ဘီလီယံခန့်က ဒြပ်ထုများတစ်ခုနှင့်တစ်ခု ထိခိုက်ပေါက်ကွဲမှုကြီးဖြစ်ကာ ကြယ်၊ ဂြိုလ်၊ သက်ရှိ၊ အာကာသတွင်းနက် (black hole) များ ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

CERN အဖွဲ့အစည်းတွင် ယခုအခါ နိုင်ငံပေါင်း ၂၀ မှ သုတေသနပညာရှင်ပေါင်း လေးထောင်ကျော် ပါဝင်သည်။

Comments