
သြရသ
စက်တင်ဘာ ၃၊ ၂၀၀၈
မိုးမခ ၀ိုင်းတော်သားများ
စာရေးလိုက်ပြန်ပြီ။ ဒေါ်စု ပါဖောမင့်လို့ ကျနော်က ရေးလိုက်တော့ စိတ်ဆိုးတဲ့လူက စိတ်ဆိုးတယ်။ ဒေါ်စုက ကန့်ကွက်ဆန္ဒပြတာကို ပါဖောမင့်လုပ်တယ် ရေးရကောင်းလားလို့ မိတ်ဆွေတချို့က ပြောတယ်။ အေးဗျာ … ဒေါ်စုက အဲသည်လို လုပ်လိုက်တယ် ဆိုတော့ နောက်က ကပ်လိုက်လာတဲ့ သတင်းက ဒေါ်စု အစာငတ်ခံ ဆန္ဒပြပြီ ဆိုတဲ့ အသံပဲ။ (သတင်းလို့ မရေးဘူးနော်၊ အသံတွေ ထွက်လာတာ)။
အဲလို အသံတွေ “ထွက်”လာတော့၊ “ထုတ်” လိုက်တော့ ဘာဖြစ်သွားသလဲ ဆိုတော့ ဒေါ်စုပေးလိုက်တဲ့ “အချက်” – “ကုလ ကြားဝင်တာ အလကားပဲ” ဆိုတာက မကျယ်နိုင်ဘဲ ဒေါ်စု သေတော့မယ်တို့ ဘာတို့က ရှေ့ရောက်လာတယ်။
ကောင်းပါတယ် … အဲသလို နိုင်ငံတကာက မြန်မာနိုင်ငံရေး အကြပ်အတည်းကို အာရုံကျလာရာက လူပုဂ္ဂိုလ် ကျန်းမာရေးကိစ္စကိုပါ တုံ့ပြန်လာကြတာ။
သို့သော် တချို့က ဘယ်လောက်တောင် “ထိ” သွားသလဲဆိုရင် ထောင်ထဲက နိုင်ငံရေးအကျဉ်းသားတချို့ အချင်းချင်းမှာ အစာငတ်ခံ ဆန္ဒပြကြမယ်ဆိုပြီး တိုင်ပင်ကြတဲ့ အထိ ဖြစ်သွားခဲ့တယ်လို့ ဆိုကြတယ်။ ထောင်ဝင်စာတွေကို ငြင်းမယ်။ ထောင်စာတွေ မစားဘူး။ အဆင့်ဆင့်နဲ့ တဦးချင်း အဖွဲ့ချင်း ချိတ်ဆက်ပြီး သွားကြရတာဆိုတော့ ချက်ချင်း ထပြီး ဖြစ်ဖို့ မလွယ်ပါဘူး။ သိအောင် ပြောပြတာပါ။
အသံတွေဟာ ဘယ်လောက် တာသွားလဲ ဆိုတာ ပြောပြတာပါ။ သိစေချင်လို့။
ဟိုတုံးက ထောင်တွင်း အစာငတ်ခံ ဆန္ဒပြတိုက်ပွဲဝင်ကြရင် ၁၀ ရက်ဆိုရင် ထောင်သားတွေ သို့မဟုတ် ထောင်လုံခြုံရေးတွေက ၀င်ပြီး ရိုက်ကြတာပဲ။ ပြီးရင် လူတွေခွဲ ဆေးရုံပို့ နှိပ်စက်တာတွေ လုပ်ကြတယ်။ အရင်းအနှီး အကြီးကြီးပေးပြီး တိုက်ပွဲကို ၀င်ကြရတာကို သိစေချင်ပါတယ်။
အခုတော့ ဒေါ်စု သေပြီ ဆိုတဲ့ အသံပြန့် နေပြန်ပြီ။ အရင်တုံးက စစ်တပ်က အဲဒီသတင်းကို ဖြန့်ကြည့်ဘူးတယ်။ သိပ်မပြန့်ခဲ့ဘူး။ အခုတော့ ဒီသတင်းက တော်တော် ပြန့်နေပြီလို့ ဆိုရမယ်။ ရေဒီယိုတွေ အီးမေးတွေမှာ ပြောတာပါ။ စစ်တပ်က အဲလိုမျိုး လုပ်တတ်တယ်လို့ ပြောရင် ခင်ဗျားတို့က ကျုပ်ကိုပါ ယုံတော့မှာ မဟုတ်ဘူး။ အစမှာ ဒီလိုသတင်းမျိုး သူတို့က ဖြန့်တယ်။ မဟုတ်တော့ဘူးဆိုပြီး လူတွေ အေးသွားရင် သူတို့က လုပ်ထည့်လိုက်ရော။
ဒေါ်စု၊ ဦးတင်ဦးနဲ့ အင်န်အယ်ဒီတွေကို ၂၀၀၃ မေလမှာ လုပ်ကြံခဲ့တယ်။ မအောင်မြင်ခဲ့ဘူး။ ပြည်သူလူထုကြီးက ရင့်ကျက်မှု အပြည့်နဲ့ အဲဒီလုပ်ကြံမှုကြီးကို ရင်ဆိုင်ခဲ့ကြတယ်။ ဒေါ်စု ကိုယ်တိုင်၊ အင်န်အယ်ဒီ အဖွဲ့ချုပ်၊ ၈၈ မျိုးဆက် ကျောင်းသားလူငယ်တွေက တိုင်းပြည်ကြီး ရင်ကြားစေ့ဖို့၊ အမျိုးသား ပြန်လည်သင့်မြတ်ဖို့ “အတိတ်ကို ပြန်မလှန်ခဲ့ပါဘူး” (ခင်ဗျားတို့ စာထဲက ကောက်တာပါ)။
အခု အခြေအနေမှာ ကျနော်တို့က သဘောထား ဘယ်လောက်ကြီးကြီး ထားစေကာမူ သူတို့ဖက်က ရက်စက်သူများကလည်း အစွမ်းကုန် ကြီးကြီးကျယ်ကျယ် ရက်စက်ရဲတယ်ဆိုတာကို နာဂစ်ကို သက်သေပြုလို့၊ လွန်ခဲ့တဲ့ စက်တင်ဘာ သံဃာတော်တွေ သွေးကို သက်သေပြုလို့ ပြောလိုက်ချင်ပါတယ်။
လုပ်ကြံမှုကြီးများ မြစ်ဖျားခံရာမှာ လက်နက်မဲ့တွေ မရှိပါဘူး။ လက်နက်ကိုင်တွေ၊ အာဏာရှင်တွေသာ ရှိပါတယ်။ မိတ်ဆွေတို့ ကျန်းမာကြပါစေ။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်၊ ၈၈ မျိုးဆက်များ၊ နိုင်ငံရေး အကျဉ်းသားများ၊ အဖမ်းဆီးခံ သပိတ်မှောက် သံဃာတော်များက ကျနော်တို့ မြန်မာပြည် လွတ်မြောက်ရေးအတွက် ရဲရင့်လို့ နေကြပါတယ်။ သူတို့တွေအားလုံးအတွက် ၀ိုင်းဝန်းကြပါ။
Comments