
နာဂစ်အလွန်အိပ်မက်
စိုးမြင့်သိန်း
စက်တင်ဘာ ၅၊ ၂၀၀၈
ဒီမှာ … ဟေ့လူ
ပင်လယ်ဓားပြ ပခုံးပေါ်မှာ ကြက်တူရွေး ရှိနေတာ …
မျက်စိကို ကာထားတာ …
သေဖို့ မရွံ့တာ …
ခြေတု လက်တု တပ်ရဲတာ …
မိတ်ဆက်ပေးဖို့ မလိုတာ …
အဲဒါ …
အလှဗေဒ (တမျိုး) အဖြစ်
ခင်ဗျား လက်ခံနိုင်မလား။
(၂)
ယုံမှားလွန်မှုတွေက အငွေ့ပျံဆဲ
တခုပြီးတခု (နောက်ထပ်) တခုပြီးတခု
အခင်းအကျင်းသစ်တွေဟာ အခင်းအချင်းဟောင်းတော့
မဖြစ်
တန်ရာ
တံဆိပ်တွေ ပိုစုံလာ …၊ ပလာစတာတွေ ပိုကပ်
ကျားဖြစ်ရင် သမင်ကိုစား၊ ညောင်ပင်မှာ အချိန်မကုန်စေနဲ့
အချစ်က မာတာထက် ဒေါ်လာက ပိုမာနေပြီ
နာဂစ်နဲ့တွေ့ဆုံပြီး … ၊ မြစ်ဝကျွန်းပေါ်ကို ကူညီပြီး …
ပြန်လာကြ
တဖွဲဖွဲ
အရှေ့လေလည်း သန့်ရှင်းမှ၊ အနောက်လေလည်း
သန့်ရှင်းမှ … ။
(၃)
ကရင်မလင်က ဘီတဲလ်တွေရဲ့ Yesterday
သီချင်းကို ကြိုက်တာ
အဓိပ္ပာယ်ရှိပါတယ်
သစ်ပင်ပေါ်က ဆင်းလာခါစ
ရိုးမသုံးသွယ် မျက်နှာသစ် စိမ်းလန်း
ဖိုးရွှေလမင်း ငြိမ်းငြိမ်းချမ်းချမ်း၊ ထမင်းဆီဆမ်း … ရွှေလင်ပန်းနှင့်
… စားကြစို့။
(၄)
ကြီးတဲ့လူကို လေးစားပါတယ်
ရန်သူကိုတောင် လေးစားပါတယ်
(ဒါပေမယ့်)
အနိုင်ကျင့်ခံလို့တော့ မဖြစ်ဘူးလို့
တိုင်းမဂ္ဂဇင်းကို ပူတင်က ပြောခဲ့တယ်။
(၅)
ကော့ကေးရှပ်တောင်တန်းတွေကို လွမ်းမနေနဲ့တော့
ပဉ္စလက် ကတိက၀တ်တွေကို ချွတ်ချခဲ့
Politics is the art of possible
ဒီမှာ …
မင်းနဲ့ငါ လက်ချင်းထိ ပခုံးချင်းထိ
ဟော ဟိုအနာဂတ်ကို ကြည့်ကြရအောင် … ။
Comments