နှုတ်ဆက်ခဲ့ခြင်း - ၁
အောင်ဒင်
အောက်တိုဘာ ၂၀၊ ၂၀၀၈
ရှည်လျားလွန်းတဲ့ည
အိပ်မက်တွေများလှတယ် …။
ဖြစ်ချင်တာနဲ့
ဖြစ်နေတာတွေရဲ့ အကွာအဝေးး
တဟုန်ထိုးပြေးနေတဲ့ ရထားတစ်စင်း
ဘဝဆိုတာ …ပျောက်ဆုံးနေတဲ့ ဟင်းလင်းပြင်
နောင်တနဲ့ နောက်ကျမှုတွေသာ
မှတ်မှတ်သားသား .. ခြေရာထင်ထင် … ။
တခါက
ကြိုးပြတ်သွားတဲ့ စွန်ကလေး
မျှော်ငေးရင်း လွမ်းဆွတ်ကြေကွဲ
ငါကိုယ်တိုင်လည်း၊ ဘဝထဲမှာ
ကြေကွဲရ၊ ကြိုးပြတ်ရ
လွင့်မျောရ .. အခါခါ … ။
ကံကြမ္မာ .. တဲ့
မမြင်ရတဲ့ အတိတ်ကာလကိုပုံချ
ကိုယ့်ဘဝ ကိုယ်မပိုင်ကြသလို
မနေ့က၊ ဒီကနေ့၊ မနက်ဖြန်
အချိန်တန်ပါရက်နဲ့
အိမ် မပြန်နိုင်ကြသူများ … ။
နွေဦးကိုကြိုတဲ့ ပန်းတွေ
နွေထဲမှာပဲ ကြွေနွမ်းသွားကြ
အလွမ်းနဲ့စတဲ့ ညတွေ
အလွမ်းမဲ့ ကုန်လွန်ရပါစေသား … ။
ညီမလေးရေ …
အချစ် ဆိုတာ ခါးတယ်
အရက် ဆိုတာ ခါးတယ်
အချစ် နဲ့ အရက်၊ ရောယှက်ချေမွ
ဘဝ ဆိုတာလည်း ခါးတယ်ကွယ့် … ။ ။
(October 17, 2006)
Comments