
ဆန်ဖရန်စစ္စကို ဘေးဧရိယာက မြန်မာမိသားစုများ
န၀မအကြိမ်မြောက် စာပေဟောပြောပွဲ ကျင်းပမည်
မိုးမခ အထောက်တော် ၀၀၂
အောက်တိုဘာ ၁၊ ၂၀၀၈
လာမည့် နိုဝင်ဘာ ၈ ရက်နေ့တွင် ဘေးဧရိယာရှိ မြန်မာစာပေချစ်သူ မြန်မာမိသားစု အသင်းအဖွဲ့များ စုပေါင်းသည့် န၀မအကြိမ်မြောက် စာပေဟောပြောပွဲ ကျင်းပကြမည်ဖြစ်ကြောင်း သိရှိရသည်။
မြန်မာစာနှင့် စကား တည့်တန့်ပြန့်ပွားရေး၊ စာပေမြင့်မှ လူမျိုးတင့်မည် စသည့် ရည်ရွယ်ချက်တို့ဖြင့် လွန်ခဲ့သည့် ၈ နှစ်ကတည်းက မြန်မာစာပေဟောပြောပွဲများကို မြန်မာမိသားစုတို့ ဆောင်ရွက်ခဲ့ကြရာ ယခုနှစ် ၉ ကြိမ်မြောက်တွင် အမေရိကန်ပြည်ရောက် စာရေးဆရာ အနုပညာရှင်များဖြစ်သည့် မောင်စွမ်းရည်၊ ဒါရိုက်တာ ၀င်းဖေ၊ တေးသံရှင် မာမာအေး နှင့် နယ်ခံစာရေးသူ ဉာဏ်ဦးမောင်တို့နှင့်အတူ ယခုနှစ်ကမှ ရွှေဝါရောင်တော်လှန်ရေးနောက်ပိုင်း ရွှေ့ပြောင်းလာရသူ ကဗျာဆရာ အောင်ဝေး အပါအ၀င် ပညာရှင် ၅ ဦးဖြင့် စည်စည်ကားကား ကျင်းပမည်ဖြစ်သည်။
နှစ်စဉ်ကျင်းပနေကြ အတွေ့အကြုံရှိပြီးဖြစ်သည့် ဗမာအမေရိကန်ဒီမိုကရေစီရေး မဟာမိတ်အဖွဲ့နှင့်အတူ မြန်မာမိသားစုများ၊ အသင်းအဖွဲ့များက ၀ိုင်းဝန်းကမကထပြု စီစဉ်ကြခြင်း ဖြစ်သည့်အပြင် ဘေးဧရိယာအခြေစိုက် မိုးမခ စာနယ်ဇင်းအဖွဲ့ကလည်း ဟောပြောပွဲ ဝေယျဝစ္စကိစ္စများကို ကူညီဆောင်ရွက်ပေးမည် ဖြစ်သည်။
တဦးတည်း တဖွဲ့တည်းက စီစဉ်ခြင်း မဟုတ်ဘဲ အများစုပေါင်းစီစဉ်သည့် မြန်မာစာပေရေးရာ လှုပ်ရှားမှုအဖြစ် ဆောင်ရွက်သည့်အနေဖြင့် အားပေးထောက်ခံသူများ၊ ၀ိုင်းဝန်းမတည်ပေးလိုသူ စေတနာရှင် စာပေချစ်သူတို့အနေနှင့် အလှူငွေ ဒေါ်လာ ၁၅ ကျပ် အနည်းဆုံးတန်ဖိုးရှိသည့် ညစာလက်မှတ်ကို ၀ယ်ယူပြီး ပွဲတော်ဖြစ်မြောက်အောင် မတည်ပေးနိုင်ပြီဟု ဆိုပါသည်။
မိုးမခ စာနယ်ဇင်းအဖွဲ့အနေနှင့် ၎င်းတို့ထုတ်ဝေသည့် "ကြေးမုံဦးသောင်း (၁၉၂၆-၂၀၀၈) မိုးမခ အမှတ်တရစာစုများ" စာအုပ်နှင့် စာနယ်ဇင်းဆရာကြီး ဦးဝင်းတင်ကို ဂုဏ်ပြုထုတ်ဝေမည့် "ဟံသာဝတီ ဦးဝင်းတင်နှင့် စာနယ်ဇင်း ဆောင်ပါးများ" စာအုပ် ၂ အုပ်ကို ဒေါ်လာ ၁၀၀ နှင့်အထက် လှူဒါန်းသူများအား ပွဲတော်ဖြစ်မြောက်ရေး အထူးမတည်သူများအဖြစ် ကျေးဇူးတင်သည့် လက်ဆောင်ပေးရန် စီစဉ်နေကြောင်း သိရသည်။
ထိုစာအုပ်ဖြစ်မြောက်အောင် ၀ိုင်းဝန်းရေးသား ကူညီခဲ့ကြသော စာရေးဆရာကြီးများကိုယ်တိုင် လာရောက်မည့် စာပေဟောပြောပွဲ ဖြစ်သဖြင့် အဆိုပါ စာရေးဆရာကြီးများ၏ ကိုယ်တိုင်ထိုးပေးသည့် လက်မှတ်များနှင့် စာအုပ်ကို အမှတ်တရ သိမ်းဆည်းထားနိုင်မည် ဖြစ်သည်။
ဆက်သွယ်ရန်မှာ မိုးမခ စာနယ်ဇင်း ၀က်ဆိုက်နှင့် BADA ၀က်ဆိုက်တို့ကို လိပ်မူပြီး စုံစမ်းနိုင်သည်ဟု ဆိုသည်။ လက်ရှိ စာပေဟောပြောပွဲဆိုင်ရာ ပြန်ကြားထားသည့် ဘလော့ဂ်မှာ - http://moemaka2008.blogspot.com ဖြစ်သည်။
Comments