Child Aid Group in October helped Burmese Orphans in Nargis Delta

နာဂစ်ဘေးသင့် ကလေးသူငယ်များ စောင့်ရှောက်ရေး အတွက်

ဆရာတော်၊ တကာများ ဒုတိယအကြိမ် လှူမျှဝေ ခရီးဆက်ခဲ့

မိုးမခ အထောက်တော် ၀၀၂

အောက်တိုဘာ ၈၊ ၂၀၀၈

နာဂစ်မုန်တိုင်းသင့် မိဘမဲ့ ကလေးများအား အလှူငွေ ထောက်ပံ့ခြင်းကို ပြည်တွင်းပြည်ပရှိ ဆရာတော်များ၊ စေတနာရှင် တကာ၊တကာမများ စုပေါင်းဆောင်ရွက်ကြရာမှာ ယခု အောက်တိုဘာလဆန်းက ဒုတိယအကြိမ်မြောက် ၀ိုင်းဝန်းလှူဒါန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခင် ကလေးသူငယ်ဦးရေ ၂၀၀ ခန့်ကနေ ယခု စာရင်းအရ နောက်ထပ်ဦးရေ ၅၀ ကျော် တိုးလာတဲ့အကြောင်း၊ ဆက်လက်ပြီး တိုးတက်လာဖို့ အလားအလာရှိကြောင်း၊ ဒေသခံ ဘုန်းကြီးကျောင်းများ၊ ရပ်မိရပ်ဖများ အကူအညီနဲ့ မိဘမဲ့ကလေးသူငယ်များကို စောင့်ရှောက်ဖို့ ဆောင်ရွက်ရာမှာ ရပ်နည်းရပ်ဝေး အသီးသီးက နေရာစုံ၊ ထောင့်စုံက အကူအညီများ တိုးတက်ရရှိနေတဲ့အတွက် အားလုံးက တယောက်တလက်ဝိုင်းဝန်းဆောင်ရွက်နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဘာသာရေး အခြေခံ၊ ယဉ်ကျေးမှုနဲ့ လောကနီတိတို့ကို ကလေးသူငယ်တို့ သိတတ်စေဖို့ သင်ကြားပေးရန်လည်း လိုအပ်နေပြီ ဖြစ်တယ်၊ ဘုန်းကြီးကျောင်းတွေကတဆင့်၊ ရဟန်း သံဃာ ကိုရင်များက တဆင့် သင်ကြား ပျိုးထောင်ရမှာ ဖြစ်တယ်လို့ ဦးဆောင်ဆရာတော်တပါးဖြစ်တဲ့ ဆရာတော် ဦးဓမ္မပီယက ပြောကြားခဲ့ပါတယ်။ ယခုလို ကလေးသူငယ်များ စောင့်ရှောက်ရေး ဆောင်ရွက်မှု သတင်းပြန်ကြားရေးတွေကို အများပြည်သူတို့ သိကြားစေရန် အင်တာနက် ဘလော့တခုဖြစ်တဲ့ http://childaid08.blogspot.com မှာ တင်ထားပါတယ်။ ယခုလက်ခံရရှိတဲ့ ဓာတ်ပုံပေါင်း ၁၀၀ ကျော်ကိုလည်း တင်ပြထားပါတယ်။

Comments