တနင်္ဂနွေ နံနက်ခင်း၊ ဟော်လိုဝင်း နှင့် ရင်တွင်းဝေဒနာ
အရှင်ဉာဏိက
အောက်တိုဘာ ၂၈၊ ၂၀၀၈
အရှင်ဉာဏိက
အောက်တိုဘာ ၂၈၊ ၂၀၀၈
ဒီနေ့ တနင်္ဂနွေနေ့။ နံနက်စောစော အချိန်ရလို့ အနီးအနားရပ်ကွက်ထဲကို လမ်းလျှောက်ထွက်ဖြစ်တယ်၊ တစ်နာရီနီးပါးကြာကြာ။ အိမ်ရှေ့တွေမှာ ဟော်လိုဝင်း (Halloween)အထိမ်းအမှတ် သင်္ကေတတွေ ချိတ်ဆွဲ တန်ဆာဆင်ထားတာကို တွေ့ရတယ်။ ကြောက်ရွံ့ထိတ်လန့်စရာအရုပ်တွေ ချိတ်ဆွဲထားပေမယ့် စိမ်းလန်းတဲ့ မြက်ခင်းပြင်တွေ၊ ပန်းခင်းတွေ၊ အလှစိုက်ထားတဲ့ သစ်ပင်လေးတွေ၊ သစ်လွင်တောက်ပပြီး သပ်ရပ်ကောင်းမွန်လှတဲ့ အိမ်တွေ အောက်ခံ နောက်ခံနဲ့ဆိုတော့ တွေ့မြင်ရတဲ့အရုပ်တွေက ကြောက်ရမယ့်အစား နှစ်သက်သဘောကျစရာ ဖြစ်နေတယ်။
ဟော်လိုဝင်းနေ့ (Halloween Day)ကို အောက်တိုဘာ ၃၁ ရက်နေ့မှာ ကျင်းပလေ့ရှိကြတာမို့ ဒီသီတင်းပတ်ကုန်မှာပဲ ဟော်လိုဝင်းနေ့ လာတော့မယ်။ သို့ပေမယ့် ဟော်လိုဝင်းနေ့နဲ့ ဆက်စပ်နေတဲ့ အမှတ်အသားတွေကတော့ လွန်ခဲ့တဲ့ တစ်လကျော် နှစ်လလောက်နီးပါးကတည်းက တစ်နိုင်ငံလုံး နေရာအနှံ့မှာ တွေ့မြင်ကြရတာပါ။ ဈေးဆိုင်တွေမှာ၊ ကျောင်းတွေမှာ၊ အိမ်ရှေ့မြက်ခင်းပြင်တွေမှာ၊ လမ်းဘေးသစ်ပင်တွေမှာ။ ကြောက်မက်ဖွယ်အရုပ်တွေ၊ လူဦးခေါင်းခွံတွေ၊ အရိုးစုတွေ၊ ကြောက်နက်တွေ၊ ဇီးကွက်တွေ၊ ကင်းအိမ်တွေ၊ လင်းနို့မည်းတွေ၊ ရွှေဖရုံသီးတွေ၊ ဝတ်ရုံနက်တွေ၊ ပုံသဏ္ဌာန် အမျိုးမျိုး။ တံခါးဝမှာ ရွှေဖရုံသီးမှည့်တွေဆိုတာကလည်း အစီအရီ။ ဟော်လိုဝင်းမှာ အများဆုံးလွှမ်းမိုးတဲ့အရောင်ကတော့ အနက်ရောင်၊ လိမ္မော်ရောင်၊ ရွှေဖရုံသီးမှည့်ရောင် ပေါ့။
မြို့ရွာအနှံ့မှာလည်း သူရဲအိမ်တွေ၊ ကြောက်ရွံ့ထိတ်လန့်ဖွယ်အဆောက်အဦတွေ ဆောက်လုပ်လို့ ဖျော်ဖြေရေးတွေ၊ ငွေရှာမှုတွေ အမျိုးမျိုးပြုလုပ်ကြတယ်။ တယ်လီဗေးရှင်းအစီအစဉ်တွေ၊ ရုပ်ရှင်တွေမှာလည်း ကြောက်ရွံ့တုန်လှုပ်စရာ အစီအစဉ်တွေ၊ ဇာတ်လမ်းတွေကို အထူးတလည် စီစဉ်ရိုက်ကူးလို့ တင်ဆက်ကြတယ်။ ဟော်လိုဝင်းယဉ်ကျေးမှုက တကယ့်ကိုမှ ကျယ်ကျယ်ပြန့်ပြန့် နက်နက်ရှိုင်းရှိုင်း။ သူတို့ယဉ်ကျေးမှု သူတို့အစဉ်အလာကို သူတို့တွေ ထိန်းသိမ်းကြခြင်းပေါ့။ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံကြီးမှာ ခုလို ရိုးရာယဉ်ကျေးမှု အစဉ်အလာဟောင်းတွေကို တခမ်းတနား ဆက်လက်ပြုလုပ်နေကြခြင်းဟာဖြင့် အဝေးကြားဆိုလျှင် မယုံကြည်နိုင်လောက်စရာပါ။

ကမ္ဘာကသိတဲ့ ဟောလိဝုဒ်ယဉ်ကျေးမှုကနေ ကျော်လွန်ပြီး ခုလို ဟော်လိုဝင်းယဉ်ကျေးမှုမျိုးတွေ ဆိုတာလည်း ခိုင်ခိုင်မာမာရှိနေသေးတာကို တွေ့ရမြင်ရတော့ ဒီဟော်လိုဝင်းအကြောင်းကိုလည်း စူးစမ်းချင်မိသလို ကိုယ့်နိုင်ငံ ကိုယ့်ယဉ်ကျေးမှုအကြောင်းကိုလည်း ပြန်လည်စဉ်းစားမိတယ်။ ဟိုရှေးရှေးက သင်္ကြန်မှာ ငွေဖလားနဲ့ ရေကစားကြတယ် တဲ့။ ဟုတ်မှဟုတ်ပါရဲ့လားလို့ သံသယဖြစ်မိတယ်။ ခုခေတ်သင်္ကြန်မှာက ဘီယာမူးပြီး ရူးကြတာကိုပဲ တွေ့နေရ မဟုတ်လား။ ထားလိုက်ပေါ့နော။
ဟော်လိုဝင်းဆိုတာ All Hallows' Even ဆိုတဲ့ စကားကနေ လာတာပါတဲ့။ Even ရယ် Eve ဆိုတာက Evening ရဲ့ အတိုကောက်စကားလုံးတွေ။ Halloween မှာပါတဲ့ n ကတော့ Even ကနေ ယူထားတာပါ တဲ့။ Hallow ဆိုတာကတော့ သူတော်စင်၊ မြင့်မြတ်သူ Saints လို့ အဓိပ္ပာယ်ရှိပါသတဲ့။ ဒီတော့ Halloween Day ရဲ့ အဓိပ္ပာယ်က the eve of "All Hallows' Day ပေါ့။ ‘သူတော်စဉ်များနေ့ အကြိုညနေချမ်း’ လို့ပြန်ဆိုနိုင်မလားပါ။ All Saints Day ကို (Western Christianity) အနောက်တိုင်းခရစ်ယာန်လို့ခေါ်ဝေါ်ကြတဲ့ (Latin Rite) လက်တင်ဘာသာကို အလေးထားတဲ့ ရိုမာန်ကက်သလစ်ဘာသာဝင်တွေ၊ အင်ဂျလိကန်ဂိုဏ်းဝင်တွေ၊ လူသာရင်ခရစ် စယန်ဂိုဏ်းနဲ့ ပရိုတက်စတင့်ဂိုဏ်းဝင်တွေက နိုဝင်ဘာ (၁) ရက်နေ့မှာ ကျင်းပလေ့ရှိကြတယ်။ ဒါကြောင့် the eve of 'All Hallows' Day ဆိုတော့ အောက်တိုဘာ (၃၁) ရက် ဟော်လိုဝင်းဒေးက All Saints Day ရဲ့ အကြိုနေ့ ဖြစ်ရတော့တာပေါ့။
ရွှေဖရုံသီးထဲက အတွင်းသားတွေကိုထုတ်၊ ရွှေဖရုံသီးကို ဦးခေါင်းတစ်ခုအသွင်ဖန်တီးပြီး ပါးစပ်ပြဲပြဲ သွားကြဲကြဲ အတွင်းမှာ ဖရောင်းတိုင်ထွန်းတာက ထင်ရှားတဲ့ ဟော်လိုဝင်းနေ့ရဲ့ အဓိက အထိမ်းအမှတ် သင်္ကေတတစ်ခုပေါ့။ ဒါကို jack-o'-lantern လို့ခေါ်ပါသတဲ့။ ဦးခေါင်းဆိုတာ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အဓိကနေရာ။ ဒီခေါင်းထဲမှာပဲ ဝိဉာဏ်ဆိုင်ရာတွေ၊ အသိဉာဏ်တွေ၊ တန်ခိုးပါဝါဆိုင်ရာတွေ ပါဝင်နေတယ်လို့ သူတို့ရိုးရာ အယူအဆတွေမှာလည်း လက်ခံကြပါတယ်။ Ghost tours တို့ Bonfire တို့ဆိုတာတွေလည်း ဟော်လိုဝင်းနေ့အထိမ်းအမှတ် ယဉ်ကျေးမှုတွေပါပဲ။
ဟော်လိုဝင်းရဲ့ ရိုးရာအဝတ်အစားတွေကတော့ သူရဲတွေ၊ စုန်းကဝေ တစ္ဆေတွေ၊ မကောင်းဆိုးဝါး မိစ္ဆာတွေပေါ့။ ဟော်လိုဝင်းရဲ့ ယဉ်ကျေးမှုတွေထဲမှာ Trick-or-treat ဆိုတာလည်း တစ်ခုအပါအဝင်ပါ။ ဟော်လိုဝင်းညဦးမှာ ဟော်လိုဝင်းရိုးရာဝတ်စုံလေးတွေကိုဝတ်၊ ရွှေဖရုံသီးမီပုံးလေးတွေ လက်မှာဆွဲပြီး အိမ်တံခါးမှာလာရပ်ကာ Trick-or-treat လို့ အော်ပြောတတ်တဲ့ ကလေးငယ်တွေကို နှစ်စဉ်တွေ့နေကြ။ တစ်ခုခုပေးလျှင်ပေး၊ မပေးလျှင်တော့ သူတို့ တစ်ခုခုလုပ်မယ်ပေါ့။ ကလေးငယ်လေးတွေရဲ့ နုညံ့တဲ့ ခြိမ်းခြောက်စကားလေးပါ။ သူတို့တွေလာလျင် ပေးနိုင်အောင် သကြားလုံးတွေ ကြိုဝယ်ထားတတ်ကြတာကလည်း အစဉ်အလာတစ်ခုပေါ့။ ၇ဝ ရာခိုင်နှုန်းလောက် လူကြီးများက ကလေးတွေအတွက် ကြိုတင်ပြင်ဆင်ထားတတ်သလို ကလေးငယ် ၉ဝ ရာနှုန်းလောက်ကလည်း အိမ်နီးနားချင်းတွေဆီကို လှည့်လည်ကာ သကြားလုံး တောင်းတတ်ကြတယ်လို့ စစ်တမ်းတွေအ ရသိရပါတယ်။
Trick-or-treat ဆိုတဲ့ စကားလေးနဲ့အတူ ၁၉၅ဝ ပြည့်နှစ်ကစလို့ ကုလသမဂ္ဂ အစီအစဉ်နဲ့ ကမ္ဘာ့ကုလသမဂ္ဂ ကလေးသူငယ်များရန်ပုံငွေအဖွဲ့အတွက် Trick-or-treat for UNICEF ဆိုတဲ့ အလှူခံသေတ္တာငယ်လေးတွေ ဖွင့် လှစ်ပြီး ကလေးငယ်တွေက အလှူငွေကောက်ခံပေးခဲ့တာ ဒေါ်လာ (၁၁၉) မီလျံကျော်ကျော် ရရှိခဲ့သတဲ့။ လုံခြုံရေး ပြဿနာကြောင့် ၂ဝဝ၆ ခုကစလို့ အစီအစဉ်လေး ရပ်နားသွားခဲ့ပြီ။ ဝမ်းနည်းကြေကွဲစရာ။ ငွေဆုံးရှုံးရတာထက် ကလေးငယ်လေးတွေရဲ့ ဖြူစင်တဲ့ လူမှုရေးစိတ်ဓာတ်၊ ဆင်းရဲချို့ငဲ့တဲ့ ဘဝတူလူသားကလေးငယ်တွေကို ကူညီရိုင်းပင်း လိုတဲ့ သူတို့လေးတွေရဲ့ မြင့်မြတ်တဲ့ စိတ်ဓာတ်လေးတွေ ကန့်သတ်ခံလိုက်ရတာ တကယ့်ကိုမှ နှမြောတမ်းတစရာပါ။ ကမ္ဘာတစ်ဝှမ်း ဘယ်အချိန်အခါ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် လုံခြုံမှုပြဿနာကြောင့် လှပပြီးချစ်စရာကောင်းတဲ့ ကလေးငယ်လေးတွေရဲ့ ကြည်နူးဖွယ်လုပ်ရပ်လေးတွေကို ကန့်သတ် ချုပ်ချယ်လိုက်ရမှာမျိုး၊ ပိတ်ပင် တားဆီးခံလိုက်ရမှာမျိုးတွေ ကင်းပျောက်စေချင်လိုက်တာ။ ကလေးငယ်တိုင်း ကလေးငယ်တိုင်းအတွက် လုံခြုံအေးချမ်းပြီး ကြောင့်ကြမဲ့စွာ လေ့လာသင်ယူခွင့်ရှိစေနိုင်တဲ့၊ လွတ်လပ်စွာမြူးတူးပျော်ပါးကစားနိုင်တဲ့ ပတ်ဝန်းကျင်မျိုးချည်းသာ ဖြစ်စေချင် လိုက်တာ။
နိုင်ငံအလိုက် ဒေသအလိုက် အနည်းငယ်ကွဲပြားပေမယ့် အခြေခံအားဖြင့် ဟော်လိုဝင်းပွဲ ကျင်းပုံခြင်းကတော့ အတူတူပါပဲ။ ဟော်လိုဝင်းယဉ်ကျေးမှုဟာ ၂ဝ ရာစု ဦးပိုင်းမှသာ အမေရိကကို စတင်ရောက်ခဲ့ပေမယ့် ခုတော့ ခရစ်စမတ် ပွဲတော်ပြီးရင် ဒုတိယအကြီးမားဆုံး အထိမ်းအမှတ် တန်ဆာဆင်ယင်တဲ့ ယဉ်ကျေးမှုပွဲဖြစ်နေပါပြီ တဲ့။ စစ်တမ်း တွေအရ ဟော်လိုဝင်းအတွက် သုံးစွဲငွေက ခန့်မှန်းခြေ ၅ ဘီလီယံကနေ ၇ ဘီလီယံလောက်အထိ ရှိပါသတဲ့။ ပျမ်းမျှ အားဖြင့် လူကြီးတစ်ယောက်လျှင် ၆၅ ဒေါ်လာ သုံးစွဲပါတယ်တဲ့။ သကြားလုံးအတွက်က ၂၁ ဒေါ်လာ၊ လက်ဆောင်ကဒ် အတွက်က ၁၂ ဒေါ်လာနဲ့ ဟော်လိုဝင်းဝတ်စားတန်ဆာအတွက် ၃၈ ဒေါ်လာ ၅ဝ ဆင့်ပါတဲ့။ တစ်နှစ်ထက် တစ်နှစ်လည်း ပိုမိုပြီးသုံးစွဲလာကျပါတယ်တဲ့။
ဟော်လိုဝင်းရောက်တိုင်း တောက်တောက်ပြောင်ပြောင် သားသားနားနား ဝတ်ဆင်ပြီး လမ်းတွေပေါ်မှာ၊ ကျောင်းတွေမှာ၊ ဈေးဆိုင်တွေမှာ၊ အပန်းဖြေစရာ ပန်းခြံနဲ့ ကစားကွင်းတွေမှာ၊ အိမ်ရှေ့တွေမှာ၊ လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် ပြေးလွှားပျော်ပါးဆော့ကစားနေတဲ့ ကလေးသူငယ်တွေမြင်တိုင်း ဝတ်စရာ လုံလုံ ခြုံခြုံမရှိရှာလို့ အဝတ်ဗလာ ဖြစ်နေရှာတဲ့ ကလေးငယ်တွေ၊ စားစရာမရှိရှာလို့ အမှိုက်ပုံအမှိုက်ကြား မွှေနှောက်ရှာဖွေ စားသောက် နေရရှာတဲ့ ကလေးငယ်တွေ၊ ဦး ပေးပါ၊ အဒေါ် ပေးပါနဲ့ လာသမျှလူအပေါင်းကို လက်ဖြန့်ကာ တောင်းနေရရှာတဲ့ ကလေးငယ်လေးတွေကို ပြေးပြေးမြင်နေမိတယ်။ တကယ်တော့ ကလေးငယ်တွေဆိုတာက အပြုအစုအယုယခံရမည့် အရွယ်။ အေးအေးချမ်းချမ်း ပညာသင်နေရမည့်အရွယ်။ လူကြီးမိဘတွေရဲ့ ယုယုယယနဲ့ (Treat) ပြုစုစောင့်ရှောက်တာကို ခံယူနေရမှာ။ ဒါပေမယ့် ကမ္ဘာ့နေရာ တော်တော် များများမှာ ကံဆိုးလှစွာ ကလေးငယ်ပေါင်းများစွာခမျာ လူကြီးဆိုသူတွေရဲ့ (Trick) လုပ်တာ၊ လှည့်ဖြားညစ်ပတ်တာကို မသိနားမလည်ဘဲ ခံစားနေကြရတာ။ လူကြီးတွေ မိုက်မဲမှုကြောင့် ဖြစ်ရတဲ့ ဒဏ်ချက်တွေကို ခါးသီးစွာ နင့်နင့်သီးသီး ခံနေကြရတာ။ ဘယ်လောက်များ နာကျင်ထိခိုက် ကြေကွဲဝမ်းနည်းစရာ ကောင်းလိုက်ပါသလဲ။ ဘယ်လို ဖြေတွေးလို့မှ မရနိုင်လောက်အောင် ရင်နာလွန်းလှပါတယ်။ ။
Comments