Joy - Poem - Food


အစာ

ဂျေအိုဝိုင်

အောက်တိုဘာ ၈၊ ၂၀၀၈

ကြယ်နီတွေရဲ့ ဒုန်းဆိုင်းသံ

တသဲ့သဲ့ ကြားက

လသွား နှစ်ထပ်တပ်

မြှားတစ်စင်းကို

အပြုံး တရာသီနဲ့

ရော လွှတ်ခဲ့တယ်။

ပျား ခြောက်ကောင်ကို

ငုံထားဖို့နဲ့

လျှို့ဝှက်ပြီးရင်း လျှို့ဝှက်နေတဲ့

ဥသြသံကလေးကို ကြားရင်

မျက်လုံး ပိတ်လုမတတ်

ရယ် လိုက်ဖို့။

နန်းလုံးကြိုင် ပန်းတစ်ပွင့်ကို

တားရော့ ဗေဒင်

ဟော ပေးခဲ့တယ်။

ခြေဖဝါးမှာ

အုံ့အုံ့ သည်းသည်း

ရွာတဲ့မိုးက

ဆရာကို ဆရာမှန်းမသိအောင်

တပည့်ကို တပည့်မှန်း မသိအောင်

ကျားသစ်ယောင်ဆောင်ပြခဲတယ်။

အစိမ်းရောင် လွန်းပျံယာဉ်တစ်စင်းလို

ဆေတန်ဂြိုဟ်ကို

ချဉ်းကပ်လာခဲ့

သူ့ အလှည့်မှာဖြင့်

ရက်စက်လိုက်တာ . . .။

ခုနှစ်ပြည်တောင်ရဲ့ အလယ်မှာ

တော်ဝင်သူ တစ်ယောက်သာ

ရှိခဲ့မယ်ဆိုရင်

အရှုးတစ်ပိုင်း ပင်လယ်ထဲ

ဘယ်လက်ပစ်ကူးစရာ လိုလိမ့်မလဲ။

တောင်တန်းကြီးရဲ့

ဟိုဘက် တခြားမှာတော့

ဝံပုလွေဖြူတစ်ကောင်

အမြီးဖွားတွေ

ငတ်ငတ်ပြတ်ပြတ် လှုပ်ရှားရင်း

ကိုယ့်စိတ်ကိုယ်ပဲ

တစ်လုပ်ချင်း ဝါးစားနေတယ်။

Comments