News on the road from Rangoon - 14th Oct 2008

အပြေးအလွှားသတင်းများ

ဖိုးဂျံ

အောက်တိုဘာ ၁၄၊ ၂၀၀၈

သတင်းကို အပြေးအလွှားပဲ တင်လိုက်ပါတယ်။ အချိန်မရဘူး။ “အပြေးအလွှားလေး လုပ်လိုက်အုံးမယ်” ဆိုတာ ၈၈ နောက်ပိုင်း ၉၀ ရွေးကောက်ပွဲမတိုင်ခင်က ထောက်လှမ်းရေးတွေ သုံးတဲ့စကားပါ။ ကျောင်းဆင်းချိန်တွေမှာ ထောက်လှမ်းရေးတွေက ကလေးတွေနဲ့ ရောပြီး သတင်းလိုက်တာ၊ လူစောင့်ဖမ်းတာ လုပ်လေ့ရှိပါတယ်။ သူတို့က အဲဒီအချိန်ကို အပြေးအလွှားအချိန်လေးလို့ သုံးတယ်။ သတိရမိတာ ပြောတာပါ။

သတင်းခေါင်းစဉ်တွေက ဒီလိုပါ -

သခင်မြပန်းခြံက အစိုးရရုံးများကို စစ်တပ်က ဖယ်ခိုင်း

ကားသမားများက ဂက်စ်အိုးက ပေါက်ကွဲမှုမဖြစ်နိုင်ဟု ငြင်းကြ

ရန်ကုန်မှာ ပေါ်တာဆွဲနေပြန်ပြီ တဲ့

တပ်မတော် စစ်ကြောရေးစခန်းများ ညှင်းပန်းနှိပ်စက်သည့် ငရဲခန်းများ အဖြစ် စံချိန်တင်ဆဲ

မယ်လမင်းပါသည့် တရုတ်နို့မှုန့် မြန်မာလူဆင်းရဲတို့ “ပီး” သည်ဟု ဆို

သခင်မြပန်းခြံက အစိုးရရုံးများကို စစ်တပ်က ဖယ်ခိုင်း

ရန်ကုန်က သခင်မြပန်းခြံကို စစ်တပ်က ၀ယ်လိုက်ပါတယ်တဲ့။ ပြီးတော့ အဲဒီက အစိုးရရုံးတွေက ခြက်ခြင်း ပြောင်းခိုင်းလို့ သူတို့တွေ ပန်းဆိုးတန်းကို ရွှေ့နေကြပါတယ်တဲ့။ သခင်မြပန်းခြံက စည်ပင်သာယာမြို့တော်အပိုင်ပါ။ ခုတော့ စစ်တပ်က သိမ်းလိုက်တယ်တဲ့။ ကွန်ဖန်းကတော့ သူများတွေ လုပ်ပါလိမ့်မယ်။

ကားသမားများက ဂက်စ်အိုးက ပေါက်ကွဲမှုမဖြစ်နိုင်ဟု ငြင်းကြ

ဘတ်စကား ပေါက်ကွဲမှုဖြစ်ပွားပြီး နောက်ပိုင်း အစိုးရက အကြမ်းဖက်သူများဖောက်တဲ့ ဗုံးလို့ ပြောပါတယ်။ တချို့ကတော့ စီအင်ဂျီဂက်စ်အိုး စနစ်အားနည်းလို့ ဂက်စ်အိုးပေါက်တာလို့ ပြောကြပါတယ်။ ကားသမားများကတော့ ပြာပြာသလဲ ငြင်းကြပါတယ်။ သူတို့ အသက်အပ်ပြီး မောင်းနေတဲ့ကားတွေမှာ ဂက်စ်ပေါက်အောင်အထိ သူတို့ မပေါ့ရဲကြောင်း ပြောပါတယ်။ တက္ကစီသမားတွေကလည်း ခရီးသည်တွေ ဆင်းတိုင်း “ထ သွား ပြန်ကြည့် ကျန်ရှိပစ္စည်း တာဝန်မယူ” ဆိုတာက ခရီးသည်မဟုတ်ဘဲ ကားမောင်းသူ ဖြစ်နေပါတယ်တဲ့။

ရန်ကုန်မှာ ပေါ်တာဆွဲနေပြန်ပြီ တဲ့

ကရင်ပြည်နယ်မှာ ကရင်အမျိုးသားအစည်းအရုံး လက်နက်ကိုင် တပ်များနဲ့ စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေတဲ့ လက္ခဏာအဖြစ် ညဥ့်နက်ပိုင်း တချို့ရပ်ကွက်တွေမှာ ရှေ့တန်းလုပ်အားပေးတွေ ဆွဲနေပါတယ်တဲ့။ ပေါ်တာပဲ ဆွဲတာလား၊ ပြန်ပေးပဲ ဆွဲတာလားကတော့ “လိုက်” အားပေါ် မူတည်ကြောင်း သားချင်းများက မျက်ရည်လည်ရွှဲနဲ့ ပြောနေပါတယ်။ လူ ၃၀ ဆွဲသွားတယ်လို့ အသိတဦးက ပြောပါတယ်။

တပ်မတော် စစ်ကြောရေးစခန်းများ ညှင်းပန်းနှိပ်စက်သည့် ငရဲခန်းများ အဖြစ် စံချိန်တင်ဆဲ

လူ့အခွင့်အရေး အတွက် လှုပ်ရှားသူ ဦးမြင့်အေးကို စစ်အစိုးရ လက်ပါးစေတွေက လူပုံအလယ်မှာ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ကြပြီး သြဂုတ် ၈ မှာ ဖမ်းဆီးလိုက်ပါတယ်။ သူရဲ့ မိတ်ဆွေ လုပ်ဖော်ကိုင်ဖက် လူငယ်တွေကိုပါ ဖမ်းဆီးခဲ့ရာမှာ သူတို့တွေကို စစ်ကြောရေးစခန်းမှာ ရက်ရက်စက်စက် နှိပ်စက်ပြီး မတရားစစ်ချက် ရယူခဲ့တယ်လို့ သိရပါတယ်။ ပြီးတော့ သတင်းစာရှင်းလင်းပွဲမှာ သူတို့တွေကို အကြမ်းဖက်ဖောက်ခွဲရေးသမားတွေလို့ စွပ်စွဲခဲ့ပါတယ်။

သူတို့တွေကို နှိပ်စက်တဲ့နေရာမှာ ဒဏ်ရာ မပေါ်အောင် ကိုယ်တွင်း ဒဏ်ရာတွေ ရအောင် နှိပ်စက်ခဲ့တယ်။ ပြီးတော့ အနှိပ်စက်ခံထားရတဲ့ လူငယ်တွေကို ဦးမြင့်အေးရှေ့ကို ခေါ်ထုတ်ပြပြီး အကြိမ်ကြိမ် အကြပ်ကိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်အာဏာရှင်တွေက သူတို့လက်ပါးစေတွေကို အတိုက်အခံအင်အားစုနဲ့ ရန်တိုက်ပေးတဲ့နေရာမှာ အရင်က ကွန်မြူနစ်တစ္ဆေကို ထုတ်သုံးပါတယ်။ အခုတော့ အကြမ်းဖက်ဖောက်ခွဲရေးသမား တံဆိပ်ကပ်ပါတယ်။ နိုင်ငံရေးသမားတယောက်ကို ရိုက်သတ်ပစ်တာထက် အကြမ်းဖက်ဖောက်ခွဲရေးသမားတယောက်လို့ စွပ်စွဲပြီး နှိပ်စက် ညှင်းပမ်းဖို့ သွေးထိုးထားပုံရပါတယ်။ ၂၀၀၇ သံဃာအရေးအခင်းတုန်းကလည်း သံဃာ အတုတွေကို ရိုက်တာ သတ်တာဟာ တရားတယ်။ သာသနာကို ကာကွယ်တာ၊ သန့်ရှင်းအောင်လုပ်တာ ဖြစ်တယ်လို့ သူတို့က သူတို့လက်ပါးစေတွေကို မှိုင်းတိုက်ခဲ့ဖူးတာပါပဲ။

မယ်လမင်းပါသည့် တရုတ်နို့မှုန့် မြန်မာလူဆင်းရဲတို့ “ပီး” သည်ဟု ဆို

အေးဗျာ။ သတင်းတော့ သတင်းပဲ။ မယ်လမင်းပါတဲ့ တရုတ်နို့မှုန့်ကို စစ်အစိုးရက ပိတ်လိုက်တယ်။ နို့မှုန့်လှောင်ထားတဲ့သူတွေက ဈေးကို မှောင်ခိုပြီး ချရောင်းတယ်။ သာမန်အချိန်မှာ နို့မှုန့် မတတ်နိုင်တဲ့ အခြေခံလူတန်းစားတချို့က အဲဒီ နို့မှုန့်ကို အားပေးကြတယ်လို့ ဆိုပါတယ်။ သူတို့က ပြောပါတယ်။ ဓားပီး ဒုတ်ပီး သေနတ်ပီးတယ်လို့ ဘယ်ဟုတ်ပါ့မလဲ … တဲ့။ ငါတို့ ခန္တာကိုယ်က မယ်လမင်းပါတဲ့ နို့မှုန့်လောက်ကတော့ “ပီး” ပါတယ် ဆိုပဲ။ အေးဗျာ …

Comments