Nyan Oo's poem

စိတ်တေလေ

ညံအူး

အောက်တိုဘာ ၅၊ ၂၀၀၈

ဟောဒီလူသားတွေပေါ့

ဒေါသတွေ မျိုမျိုချ

သက်ပြင်းတွေ တဟင်းဟင်းချရင်း

တင်းထားရတဲ့ စိတ်ဓာတ်လေးတွေ

တရိပ်ရိပ် ထိုးမကျရလေအောင်

ကြိုးစားပြီး ရှင်သန်နေရတာ။

ဘဝင်ကျစရာ မရှိတဲ့ဘဝမှာ

အဆင်လှ အမြင်လှစရာဆိုလည်း

ဘယ်မှာရှာလို့ ရနိုင်ပါ့မလဲ။

တခါခါကျ

ရခဲ့တဲ့ လူ့ဘဝဆိုတာ

ရခဲတဲ့ (ဒုလ္လဘ) မှ ဟုတ်ပါလေစလို့

သံသယနဲ့ တွေးနေမိတယ်။

ဘေးကြည့်ပြန်တော့လည်း

ကိုယ်လိုသူချည်းမို့

သူ့ကိုယ်က မကယ်နိုင်

ကိုယ့်ကိုလည်း သူက မကယ်နိုင်

ကယ်နိုင်သူ ရှားသလောက်

ပေါက်ပေါက်ဖောက်သူတွေတော့

တစ်ယောက်ပြီး တစ်ယောက်

ရောက်ရောက်လို့လာတယ်။

မစားရ ဝခမန်း

ဆီမန်း မန်းနေသူတွေကြောင့်

မစားရ အညှော်ခံ

ဒဏ်ရာနဲ့သူတွေမှာ

အနာတွေသာ ပိုရင်းရင်းလာတယ်။

ရောဂါက ကင်းပျောက်တယ် မရှိ။

ရှင်းရှင်းသိသင့်တာက

ငြင်းပယ်နေသူတွေအတွက်

စကားဆိုတာ

ပန်းတစ်ခက်ပေမယ့်

အစွမ်းမထွက်ဘူး ဆိုတာကိုပေါ့။

ရူးချင်ယောင် ဆောင်နေသူတွေကို

ကုစားဖို့ ခက်သလို

ကုစားသူတွေကိုယ်တိုင်က

အူချာချာ ဆိုလျှင်လည်း

ဇာတ်ကြောက ရှည်မျော ဆွဲနေဦးမှာပါပဲ။

အခက်ပါပဲ။

ရက်တွေသာ များများလာတယ်။

ရတက်ပွေ လူသားများနဲ့အတူ

အမှန်တရားကတော့ ရှားမြဲရှားဆဲ။

အသံများကတော့ ကြားမြဲကြားဆဲ။

ဟန်များကလည်း များမြဲများဆဲ။

ဗာလံများကလည်း စားမြဲဝါးဆဲ။

ကဲ

ဆိုပါဦး

ဘယ့်နှယ်လုပ်မလဲ။ ။

Comments