Win Pe Bag - 3

ဝင်းဖေလွယ်အိတ် အမှတ် ၃
မြို့မငြိမ်းရဲ့စာပေဂီတ

ဝင်းဖေ
အောက်တိုဘာ ၁၅၊ ၂၀၀၈

သောတရှင်များခင်ဗျား -
“ဝင်းဖေလွယ်အိတ်” အမှတ်စဉ် ၁ မှာကတည်းက မန္တလေးက ဂီတပညာရှင် မြို့မငြိမ်း အကြောင်းကို တင်ပြခဲ့ပါတယ်။ တဆက်တည်း မြို့မငြိမ်းရဲ့ ဂီတပညာရှင် အနေအထားကို တတ်နိုင်သမျှ ပေါ်လွင်အောင် ဆက်လက်တင်ပြချင်ပါတယ်။

နိုင်ငံတကာ ဂီတပညာရှင်တွေကို အင်္ဂလိပ်လို အထွေထွေဝေါဟာရအားဖြင့် Musician လို့ သုံးပါတယ်။ နောက် ဂီတ ပညာရှင်တွေကို တခါထပ်ခွဲခြားပြီး တူရိယာပစ္စည်းဆိုင်ရာကျွမ်းကျင်သူ Instrumentalist ။ နောက် သီချင်းရေးဆရာ Composer ။ နောက် ဂီတဖွဲ့နွဲ့မှု ဝိုင်းဖွဲ့နွဲ့မှု ဆိုင်ရာပညာရှင် Arranger စသဖြင့် အမျိုးမျိုး အစားစား ရှိပါတယ်။

ဆရာမြို့မငြိမ်းဟာ တူရိယာပစ္စည်း ကျွမ်းကျင်သူလည်း ဖြစ်ပါတယ်။ အခြေခံအားဖြင့် စောင်း မယ်ဒလင် ဘင်ဂျို စတာတွေ တီးခတ်ပြီး လေမှုတ်ကရိယာ တော်တော်များများကိုလည်း ဂီတဝိုင်းဖွဲ့နွဲ့မှုနဲ့ ပတ်သက်လို့ ဦးဆောင်နိုင်ဖို့ လေ့လာ တတ်မြောက်ထားသူ ဖြစ်ပါတယ်။ အဓိကအားဖြင့် ကမ္ဘာသုံး ဂီတ သင်္ကေတပညာကို ကျွမ်းကျင်နေမှုပဲ ဖြစ်ပါတယ်။ နောက် သီချင်းရေးဆရာ ဖြစ်တဲ့အတွက် Composer လည်း ဖြစ်ပါတယ်။ နောက်ဆုံး မြို့မ သံစုံတီးဝိုင်းကြီးမှာ ပါတဲ့ တူရိယာ ပစ္စည်းအသီးသီးကို သူ့နေရာနဲ့သူ တာဝန်ပေးဖွဲ့နွဲ့နိုင်သူ ဖြစ်တဲ့အတွက် Arranger လည်း ဖြစ်ပါတယ်။ ဒါကတော့ ကမ္ဘာ့ဂီတနယ်မှာ အမြင့်ဆုံးအဆင့်တခု ဖြစ်ပါတယ်။ ဆိုလိုတာက မြို့မငြိမ်းဟာ ဂီတနဲ့ ပတ်သက်လို့ နယ်စုံတဲ့ ဂီတသမား ဖြစ်တယ်လို့ ပြောချင်တာပါ။ နယ်စုံတယ်ဆိုတာ အားလုံးတတ်တယ် ပြီးပြည့်စုံတယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ ကမ္ဘာ့ဂီတလောကမှာ စွယ်စုံ နယ်စုံတဲ့ ပညာရှင်ဟာ အလွန်ရှားပါးပါတယ်။


ဒီတပတ်တော့ မြို့မငြိမ်းရဲ့ ဂီတစာပေ သီချင်းရေးမှုပညာရဲ့ တစိတ်တပိုင်းကို ထုတ်ဖေါ် တင်ပြချင်ပါတယ်။ သောတရှင်တွေ အလွယ်တကူ နားလည်နိုင်တဲ့ စာသား စာပေအပိုင်း ဖြစ်ပါတယ်။

မြို့မဆရာငြိမ်း ကျနော်တို့အခေါ် ဦးလေးငြိမ်းက မန္တလေးသားပီပီ မန္တလေးမြို့ဘွဲ့ “နန်းမြို့တော်” ဆိုတဲ့ သီချင်းကို ရေးသားခဲ့ပါတယ်။ မန္တလေးမြို့တည်နန်းတည် မင်းတုန်းမင်းတရားကြီးဟာ တချိန်က မန္တလေးတောင်တော်ပေါ်မှာ စန္ဒမုခီ ဆိုတဲ့ ဘီလူးမဘဝနဲ့ ရှိစဉ်က မန္တလေးတောင်တော်ကို ကြွချီလာတဲ့ ဘုရားရှင်ထံမှာ မိမိရဲ့သားမြတ်ကိုဖြတ်ပြီး ထူးထူးခြားခြား လှူခဲ့တယ်၊ ပြီးတော့မှ နောင်တချိန်မှာ ဒီတောင်ခြေမြေပြန့်မှာ ထီနန်းတည်ထောင်ပြီး သာသနာပြု ဘုရင်တပါး ဖြစ်လာလိမ့်မယ်လို့ ဗျာဒိတ်ခံယူခဲ့ရတဲ့အကြောင်း သမိုင်းဒဏ္ဍာရီ ရှိခဲ့ဖူးပါတယ်။ ဒီနေရာမှာ အမျိုးသမီးတို့ရဲ့ အလှရတနာ အစိတ်အပိုင်းတခုဖြစ်တဲ့ စနေနှစ်ခိုင်ကို အယဉ်ကျေးဆုံး သားမြတ် ဆိုတဲ့ဝေါဟာရထက် ပိုပြီး သိမ်မွေ့သွားအောင် မြို့မဆရာငြိမ်းက “ဝတ်ပန်းစုံ” ဆိုတဲ့ ဝေါဟာရကို သုံးခဲ့ပါတယ်။

ဒီလို ရှိပါတယ် သီချင်းထဲမှာ - “ရွှေဉာဏ်ကွန်ယက် ဖြန့်ကြက်ကာပင် ရှုတော်မူလိုက်သည်တွင် နောင်သောအခါ၌ ရှင်ချစ်သာသနာ အဓွန့်ရှည်ဖို့ပင် ထွန်းမှာမြင်၊ လဝန်းရည်သို့ စန္ဒမုခီ မန်းတောင်စံ ဗိမာန်ရှင်၊ ဖွံ့ဖွံ့ကြိုင်လျှမ်း ဝတ်ပန်းစုံကို ထူးမြတ်ကဲလွန် ရဲအလှူတွင်” အဲဒီလို စပ်ဆိုခဲ့ပါတယ်။ နှစ်လိုဘွယ်အဆင်းရှိတဲ့ စန္ဒမုခီ ဘီလူးမကို လဝန်းရည်သို့ လို့ တင်စားပါတယ်။ ကြုံကြုံလှီလှီမဟုတ်တဲ့ သားမြတ်နှစ်စုံကို ဖွံ့ဖွံ့ကြိုင်လျှမ်း ဝတ်ပန်းစုံကို လို့ တင်စားပါတယ်။ စွန့်စွန့်စားစား ထူးခြားတဲ့အလှူကို ရဲရင့်သော ရဲအလှူတွင် လို့ တင်စားသွားပါတယ်။ သမိုင်းဒဏ္ဍာရီပါ အချက်အလက်ကိုလည်း ပါရလေအောင် ယဉ်ကျေးတဲ့ နားဝင်လှတဲ့ အသုံးအနှုန်းလည်း ဖြစ်ရလေအောင် ကြိုးပမ်းချက် စာပေ အနုပညာရပ်တခုအဖြစ် တွေ့နိုင်ကြပါတယ်ခင်ဗျာ။

နောက်သာဓကတခုကတော့ “အပျော့ဆွဲ ” ဆိုတဲ့ သီချင်းထဲမှာ အဆိုရှင် မိန်းခလေးက သူ့ချစ်သူဟာ အိညက် အိညက်နဲ့ အပျော့ဆွဲ ဆွဲတတ်လို့ ပျော့ပျော့နဲ့ နံတဲ့ ကြောင်ရဲ့မစင်လိုပဲ လို့ ပြောချင်တာကို ဒီလို စပ်ဆိုထားပါတယ်။
“လေချိုသွေးကာ အပျော့ဆွဲ ဆွဲတယ်၊ အားနာတတ်ရင် အားပါလိမ့်မယ် ကြောင်ကိုဝမ်းနှုတ်ဆေး ကျွေးမိသလို တွေးမိသကို ပျော့ပျော့ကလေးနဲ့ နံမယ့်ပုံပေါ်တယ်၊”
အဲဒီလို နားကြားရိုင်းမယ့် ကြောင်မစင်ကို ရှောင်ပြီး အနိဋ္ဌာရုံကို ခံသာအောင်၊ နားဝင် မရိုင်းအောင် စာပေ အနုပညာ သုံးသွားပါတယ်။

ဆရာကြီး မြို့မငြိမ်းရဲ့ ဂုဏ်ပုဒ်ကို ချီးကျူး ပြောဆိုရင်း ပညာရှိသတိဖြစ်ခဲဆိုသလို ချို့ယွင်းချက်ကလေးတခုကိုလည်း တင်ပြပေးချင်ပါတယ်၊ စောစောက ပြောပြခဲ့တဲ့ “နန်းမြို့တော်” သီချင်းထဲမှာပဲ မန္တလေးမြို့ရဲ့ တည်နေရာကို ခေတ်မီမီနဲ့ ကမ္ဘာသုံး လတ္တီတွဒ်၊ လောင်ဂျီတွဒ်တွေနဲ့ ဖော်ပြဖို့ ကြိုးပမ်းတဲ့ နေရာမှာ “ရာသီစက်လည် ဒွါဒသီတံခါးအညီ၊ ကျုံးမြို့ရိုး ပေ သုံးဆယ် မြင့်တက်၊ တမျက်နှာခြောက်ရာ တာအစီအရင်၊ သုဒဿနမြို့ဝေယံလိုပင် တည်တော်မူလေသည်၊ ဆဲ့ကိုးရာစုနှစ်အလယ်ခေတ်တွင် မြောက်လတ္တီတွဒ် နှစ်ဆယ့်တစ် ဒဿမငါး နဲ့ အရှေ့လောင်ဂျီတွဒ် ကမ္ဘာ့ပထဝီ နေဒီဂရီဆိုလျှင်၊ သိရ ကိုးဆယ့်ခြောက် ဒဿမရှစ်တွင် မြို့မအသင်း ဖွားမြင်၊” လို့ စပ်ဆိုသွားပါတယ်။ လတ္တီတွဒ်တို့ လောင်ဂျီတွဒ်တို့မှာ ဒဿမအသုံးအနှုန်း မရှိပါဘူး၊ ဒီဂရီပြီးရင် မိနစ်နဲ့ စက္ကန့်တွေပဲ ရှိပါတယ်။

သောတရှင်များခင်ဗျား၊ မြို့မငြိမ်းရဲ့ အနုစာပေဂုဏ်နဲ့ ပတ်သက်လို့ နှမ်းတစေ့ သဲတပွင့်မျှကိုသာ တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ နောင်ကို အလျဉ်းသင့်သလို ဆက်လက်ပြီး တင်ပြပါဦးမယ်။

ဒီမိုကရေစီ မြန်မြန်ရကြပါစေ။
ကျနော်ဝင်းဖေပါ။

(မူရင်း - ဘီဘီစီအသံလွှင့်ဋ္ဌာန၊ မြန်မာပိုင်းအစီအစဉ်)

Comments