Bamaw Tin Aung by Htet Myet

ဗန်းမော်တင်အောင်နှင့် သူ၏စာပေတာဝန်
ထက်မြက်
နိုဝင်ဘာ ၈၊ ၂၀၀၈
အနှစ် ၃၀ ဆိုသည်မှာ မျိုးဆက်တဆက်၏ သက်တမ်းဟု ယေဘုယျ သတ်မှတ်ထားသဖြင့် လွန်ခဲ့သော ၁၉၇၈ ခုနှစ်သည် မျိုးဆက်တဆက် ခြားခဲ့ပြီဟု ပြောရပေလိမ့်မည်။ ထိုသို့ သတ်မှတ်လျှင် ဆရာဗန်းမော်တင်အောင် ကွယ်လွန်ခဲ့သည့် လွန်ခဲ့သော အနှစ် ၃၀ မှ ယနေ့ကာလအတွင်း မျိုးဆက်တဆက် ဖြစ်ထွန်းခဲ့ပြီဟု ဆိုရပေလိမ့်မည်။ မျိုးဆက်နှင့် မျိုးဆက်တာဝန်ကို ပြောဆို ရေးသားခဲ့ရာတွင် အမျိုးမျိုးအဖုံဖုံရှိသည်။ ဆရာဗန်းမော်တင်အောင် မကွယ်လွန်မီ ရက်ပိုင်းအတွင်း လွန်ခဲ့သော အနှစ်၃၀က မှာကြားသွားခဲ့သည်မှာ အလွန်မှတ်သားဖို့ကောင်းသည်။ သမိုင်းတွင်ကျန်ရစ်သော စကားလည်း ဖြစ်ပါသည်။ ဆရာက “ရာစုနှစ်တခုမှာ မျိုးဆက်လေးခုရှိတယ်။ ၁၈၈၅ ခုနှစ်နောက်ပိုင်း ကိုလိုနီခေတ်ကစပြီး ဒို့အဘိုးတွေဟာ နယ်ချဲ့ကို တော်လှန်ခဲ့ကြတယ်။ အဖေတို့လက်ထက်ကျတော့ အမျိုးသားလွတ်မြောက်ရေးတာဝန်ကို ထမ်းဆောင်ခြင်းပြုခဲ့ကြတယ်။ သားတို့ဟာ ဒီရာစု (၁၈၈၅-၁၉၈၅)ခုနှစ်ရဲ့ နောက်ဆုံးမျိုးဆက်တွေပဲ။ အချို့ဟာ သမိုင်းရဲ့တာဝန်ကို ရဲရဲရင့်ရင့် ထမ်းဆောင်ခဲ့ကြတယ်။ အချို့ကျတော့ သမိုင်းတာဝန်ကို မကျေပွန်ကြဘူး။ လူတယောက်ရဲ့ တန်ဖိုးဟာ သူဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပခုံးပေါ် တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူဘယ်လောက် သယ်ပိုးထမ်းဆောင်ခဲ့တယ် ဆိုတဲ့ အချက်နဲ့ တိုင်းတာရမှာပဲ” ဟု ပြောကြားခဲ့ပါတယ်။

ထိုကဲ့သို့ အနှစ် ၃၀ ကြာပြီးနောက် ‘ဗန်းမော်တင်အောင် ကွယ်လွန်ခြင်း အနှစ် ၃၀ မြောက် အခမ်းအနား’ကို သမီးကြီး ဒေါ်တင်သန်းယု နေအိမ်တွင် ကျင်းပခဲ့လေသည်။ ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့၌ ၉ မိုင်၊ ရွှေနှင်းဆီလမ်းနေအိမ်တွင် ကျင်းပခြင်းဖြစ်သည်။ ကျွန်တော်တို့ ရောက်သွားချိန်တွင် ဆရာပါရဂူ ပြန်ဖို့ ပြင်ဆင်နေပြီ။ မနက် ၉ နာရီမှ ၁၂ နာရီအထိဟု ဖိတ်စာတွင် ပါရှိပြီး ကျနော်တို့က ၁၁ နာရီခွဲလောက်မှ နောက်ကျပြီး ရောက်သွားခြင်းဖြစ်သည်။ စိတ်ကူးချိုချို စာအုပ်တိုက်တွင် စုကြပြီး ဆရာစန်းဦး၊ ဆရာမြတ်သက်၊ ဆရာလေးကိုတင်၊ ဆရာသိမ်းတင်သား တို့နှင့်အတူ လာခဲ့ခြင်းဖြစ်ပါသည်။ ဆရာဗန်းမော်တင်အောင်၏ သမီးကြီး ဒေါ်တင်သန်းယု နှင့် သားကြီးကိုဗဟိန်းအောင်တို့က ဧည့်သည်တယောက်နှင့် စကားပြောနေသည်။ တော်ဘုရားကလေး ဇနီးဒေါ်ခင်မေ(ဒေါ်လေးမေ)တို့ သားအမိ၊ ဆရာမဒေါ်ခင်ဆွေဦး၊ ဆရာမောင်ဝံသ နှင့် ဆရာကြည်နိုင်၊ ဆရာမောင်တင်ဆင့်၊ ဆရာထွန်းဝင်းငြိမ်း စသော ဆရာဗန်းမော်၏ မိတ်ဆွေများ၊ ရဲဘော်များ၊ ရေးဖော်ရေးဖက်များ ရောက်နေကြ၏။ အန်အယ်ဦးအုန်းမြင့်နှင့် အန်ကယ်ဦးသိန်းမောင်တို့လည်း ပြန်ဖို့ပင် ပြင်နေပြီ။

“ကျမ ငယ်ငယ်တုန်းက ဖေဖေပြန်အလာကို မျှော်ကြတယ်။ ညဘက် ဖေဖေပြန်လာရင် ပန်းသေးခေါက်ဆွဲ ၀ယ်လာလေ့ ရှိပါတယ်။ ဒါကြောင့် ဖေဖေ့အမှတ်တရ ဧည့်သည်တွေကို အခုလို ပန်းသေးခေါက်ဆွဲ ကျွေးတာပါ” ဟု သမီးကြီး ဒေါ်တင်သန်းယုက ပြောပြသည်။ မနက် ၉ နာရီခွဲတွင် သင်းအုပ်ဆရာက ပရိသတ်ကို ဆုတောင်းမေတ္တာပို့သည်။

ဆရာဗန်းမော်တင်အောင်၏ စာအုပ်များထုတ်ဝေရာမှ ရရှိသော စာမူခများကို နာမကျန်းဖြစ်နေသော စာရေးဆရာများအား ထောက်ပံ့၏။ ယခု နီဟိန်း၊ မောင်ရန်ပိုင်၊ ခင်ဝင်းသစ်၊ မောင်အောင်နီ၊ ညွန့်သစ် နှင့် ငွေကြည်တို့အား ငွေကျပ် နှစ်သောင်းစီ ထောက်ပံ့ပေးသည်။ ထို့ပြင် ဆရာပါရဂူ၏ စာကြည့်တိုက်အတွက် ငွေကျပ်တစ်သိန်း လှူဒါန်းသည်။ ဆရာဗန်းမော်က ပဲခူးသားဖြစ်ပြီး မိဘမှာ နှစ်ခြင်းခရစ်ယာန်များဖြစ်သည်။ ထို့ကြောင့် ဆရာဗန်းမော် ကွယ်လွန်စဉ်က ခရစ်ယာန်ဘာသာ ထုံးစံအတိုင်း သင်္ဂြိုဟ်ခဲ့သည်။ ဆရာကွယ်လွန်ခြင်း ၂၅ နှစ်တုန်းကလည်း တရားဟောဆရာက ဆုတောင်းခဲ့ပါသည်။ ကွယ်လွန်ခြင်း အထိမ်းအမှတ်ကို နှစ်စဉ်မပြုလုပ်ဘဲ ၂၅ နှစ်လို၊ အနှစ် ၃၀ လို နှစ်ပတ်လည်များတွင်သာ မိသားစုက ပြုလုပ်ခြင်းဖြစ်သည်။ အသက် ၈၉ နှစ် ရှိသော ဆရာဗန်းမော်တင်အောင်၏ အချစ်ဆုံး၊ အရင်းနှီးဆုံးမိတ်ဆွေကြီး ဆရာဒဂုန်တာရာကိုယ်တိုင် ယခု အထိမ်းအမှတ်ပွဲ တက်ရောက်လာသည့်အတွက် ၀မ်းသာဖို့ ကောင်းပါသည်။ ထို့ပြင် ဆရာဗန်းမော်၏ အပေါင်းအသင်းများ၊ သက်တော်ရှည်မိတ်ဆွေကြီးများ၊ ရေးဖော်များ၊ သူ့ရဲဘော်များလည်း သတိတရ တက်ရောက် ဂုဏ်ပြုကြပါသည်။

ဗန်းမော်တင်အောင်သည် ဂုဏ်ပြုထိုက်သော ပုဂ္ဂိုလ်၊ ဂိုဏ်ပြုထိုက်သော စာရေးဆရာဖြစ်သည် ဆိုသည်ကိုကား အထွေအထူး ရှင်းပြနေစရာ လိုမည်မထင်ပေ။ ဗန်းမော်တင်အောင်နှင့် မျိုးဆက်အတော်များများ ခြားသော စာပေ၀ါသနာရှင်လူငယ်များနှင့် လေးနက်မှုရှိသော လူငယ်အများကလည်း ဗန်းမော်တင်အောင်ကို လေးစားကြည်ညိုကြပါသည်။ သို့သော် လူငယ်စာရေးဆရာတယောက်က သူ့အင်တာဗျူးတွင် ဗန်းမော်တင်အောင်စာအုပ်များသည် အငှားဆိုင်တွင် မရှိ၊ လူလည်းမသိ၊ ထိုသို့မသိခြင်းမှာ အနုပညာမရှိခြင်းကြောင့်ဖြစ်သည်ဟု ပြောဆိုသွားသည်ကို ဖတ်လိုက်ရသေးသည်။ စာရေးဆရာတဦး၏ ထင်ရှားမှုကို စာအုပ်အငှားဆိုင်တွင် စာအုပ်အငှားသွက် မသွက်နှင့် တိုင်းတာသော ထိုလူငယ်အသိရေချိန်ကိုလည်း စိတ်မကောင်းဖြစ်မိပေသည်။

လွန်ခဲ့သော နှစ်ပေါင်းအစိတ်လောက်က ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှင့် ပတ်သက်၍ စာရေးဆရာတဦးက တလွဲ ကောက်ချက်ပေးခဲ့ဖူးသည်။ သခင်ကိုယ်တော်မှိုင်းသည် - - လောက် စာမရေးခဲ့၊ - - - လောက် မထင်ရှားခဲ့ဟု ရေးပြီး ဘာကြောင့် ဆရာကြီးကို ဤကဲ့သို့ လေးစားကြည်ညိုနေသလဲ ဆိုသည့် သဘောမျိုး ရောက်အောင် ရေးခဲ့လေသည်။ သူ၏အမြင်မှာလည်း ယခုလူငယ်ကောက်ချက်ချသည်နှင့် မထူးခြားလှပေ။ သခင်ကိုယ်တော်မှိုင်းသည် လူကြိုက်များအောင် ရေး၍ လူကြည်ညိုခဲ့ခြင်းမဟုတ်။ သာမန် ဒွေးချိုး၊ လေးချိုးရေး၍ ‘ဆရာကြီး သခင်ကိုယ်တော်မှိုင်း’ ဖြစ်လာခြင်း မဟုတ်ပေ။ ဗြိတိသျှနယ်ချဲ့သမားကို ဆန့်ကျင်ခြင်း၊ ကိုလိုနီခေတ် အုပ်စိုးမှုကို ရှုတ်ချခြင်း၊ တိုင်းပြည်လွတ်လပ်ရေး နှင့် မြန်မာတို့ကို ကျွန်ဘ၀မှ တော်လှန်ရန် လှုံ့ဆော်ရေးသားခြင်း၊ ဒို့ဗမာအစည်းအရုံးကြီးကို ဦးဆောင်ကာ လွတ်လပ်ရေးခေါင်းဆောင်များအား မွေးထုတ်ပေးခြင်းတို့ကြောင့် သခင်ကိုယ်တော်မှိုင်း ဖြစ်လာရပေသည်။ သခင်ကိုယ်တော်မှိုင်း၏ စာပေလက်ရာများမှာ အနုပညာ ပြောင်မြောက်လှသလို ပြည်သူတို့၏ ဘ၀ကို ဖော်ကျူးခြင်း၊ ပြည်သူဘက်မှ ရပ်တည်ခြင်း၊ အမျိုးသားရေး အမြင်ကျယ်ပြန့် နက်ရှိုင်းခြင်းတို့ကြောင့် မြန်မာစာပေလောက၌ ထိပ်ဆုံးတွင် တင်ထားပြီး ကြည်ညိုလေးစားခဲ့ခြင်း ဖြစ်ပါသည်။

ဆရာဗန်းမော်တင်အောင်ကို စာရေးဆရာများ၊ လူငယ်များက လေးစားကြည်ညိုသည်မှာလည်း သူရေးခဲ့သော ပြည်သူ့ဘက်မှ ရပ်တည်သည့် စာများနှင့် သူ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး၊ ငြိမ်းချမ်းရေး၊ ဆိုရှယ်လစ်ရေး၊ အမြင်အယူအဆများကြောင့် ဖြစ်သည်။ ကျွန်တော်တို့သည် ဗန်းမော်တင်အောင်၏ ဘုန်းမောင်တယောက်တည်းရယ် ၀တ္ထုမှ စတင်စွဲလမ်းခဲ့ပြီး ပြည်တော်သာခင်ခင်ဦး၊ မုန်တိုင်းကထန်၊ အမေ၊ သူပုန်ကြီး၊ မြိုင်၊ ချစ်အဏ္ဏ၀ါဗွေ စသည့် ၀တ္ထုများကို စွဲလမ်းနှစ်သက်ခဲ့သည်။ ကိုလိုနီခေတ် မြန်မာနိုင်ငံတော်သမိုင်း၊ ရုပ်ကမ္ဘာ၊ ကမ္ဘာသုံးခု စသော စာအုပ်များအထိ တလေးတစား ဖတ်ခဲ့ပါသည်။ ပြည်တွင်းငြိမ်းချမ်းရေး နှင့် ကမ္ဘာ့ငြိမ်းချမ်းရေး လှုပ်ရှားမှုများတွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဆရာဒဂုန်တာရာတို့နှင့်အတူ လက်တွဲလုပ်ကိုင်ခဲ့လေသည်။ ဆရာဗန်းမော်တင်အောင်သည် ကင်ဆာရောဂါဖြင့် ကွယ်လွန်သည်အထိ သူ့ဘ၀တွင် အေးအေးချမ်းချမ်း နေခဲ့ရသည်မရှိပေ။ အိမ်နှင့် အနေဝေးခဲ့ရသည်။ သူ့ဝေါဟာရ အရ အင်းစိန်တောရ၊ ရန်ကုန်တောရ၊ ကိုကိုးကျွန်းတောရတို့၌သာ သီတင်းသုံးခဲ့သည်ကများသည်။ စာရေးချိန်ရလျှင်ရသလောက် ၀တ္ထုများကို အဆက်မပြတ် ရေးခဲ့သည်။ ကျနော်၊ အသြတရ၊ မြစ်ဧရာပေါ်ဝယ်၊ စာအုပ်မျာကို ကျွန်တော်တို့ ဖတ်ခဲ့ရသည်။ ဆရာဗန်းမော်တင်အောင် ကွယ်လွန်စဉ်က အသက် ၅၉ နှစ် ရှိပြီ။ (၁၉၁၉-၁၉၇၈) သူတို့နှစ်ဦးမှာ ၁၀ နှစ်ကြီး ၁၀ နှစ်ငယ်ကြ၏။ ကွယ်လွန်သည့်အသက်မှာလည်း ၁၀ နှစ် ကွာလေသည်။ ဆရာဗန်းမော်တင်အောင် စိတ်ငြိမ်းချမ်းမှုဆို၍ ဆေးလိပ်သာသောက်သည်။ အရက်လုံးဝမသောက်၊ လောင်းကစား လုံးဝမလုပ်၊ စာဖတ်စာရေးခြင်းနှင့် ငြိမ်းချမ်းရေးလှုပ်ရှားမှုတွင် ပါဝင်ခြင်းမှလွဲ၍ တခြားအချိန် အကုန်ခံသော အလုပ်မရှိခဲ့ပေ။ သူ၏ အကြီးမားဆုံးနှင့် အားအကောင်းဆုံး အရည်အချင်းမှာ လူတိုင်း (ကလေးမှ လူကြီးအထိ)ကို လေးစားခြင်း နှင့် အလွန်ရိုးသားဖြောင့်မတ်ခြင်း ဖြစ်ပေသည်။

မိတ်ဆွေများနှင့် တွေ့ဆုံစကားပြောပြီးသည်နှင့် ကျွန်တော်လည်း ပြန်ဖို့ ပြင်ဆင်တော့သည်။ ဆရာဗန်းမော်တင်အောင် ကွယ်လွန်ခြင်း အနှစ် ၃၀ ပြည့် အထိမ်းအမှတ်မှာ စည်ကားပါသည်။ ဒေါ်တင်သန်းယု၏ ခြံဝင်းထဲတွင် မိတ်ဆွေအပေါင်းအသင်း အစုံအလင် တွေ့ရသည်။ နှစ်ပေါင်း ၂၀ ကျော် မတွေ့ရဘဲ ကွဲကွာနေသည့် ကျနော့်မိတ်ဆွေ ကိုခိုင်စိုးနှင့် တွေ့ရသည့်အတွက်လည်း ကျနော် အလွန် ၀မ်းသာပါသည်။ သူက နောက်တနေ့ ရခိုင်ပြန်မည်ဟု ပြောသည်။ စာအလွန်ဖတ်သော လူတော်လူကောင်းတယောက်ဖြစ်၍ စာရေးပါဟု ကျနော်က တိုက်တွန်းအားပေးခဲ့သည်။ ကျနော်တို့ ပြန်သောအခါ ကျနော်တို့ ပြန်သောအခါ ကျနော်တို့နှင့် မျိုးဆက်တဆက် ခြားသူများ ကျန်ခဲ့ပါသည်။ သူတို့လည်း လူလတ်များ ဖြစ်နေပြီး သူတို့နှင့်အတူ သူတို့ အောက်လူငယ်မျိုးဆက်များလည်း ကျန်ရစ်ခဲ့သည်။ သူတို့အားလုံးသည် သူတို့၏ သမိုင်းတာဝန်ကို ဘယ်လောက်ကျေပွန်ကြမလဲ ဆိုသည်မှာ သူတို့သာ သိမည်။ သူတို့သာ ဆုံးဖြတ်ကြလိမ့်မည်။ ဆရာဗန်းမော်တင်အောင်တို့ မျိုးဆက်ကား သူတို့၏ သမိုင်းတာဝန်ကို ကျေပွန်ခဲ့ကြသည်ဟု ကျနော်က သတ်မှတ်ပါသည်။

ထိုသို့ဆိုလျှင် ကျနော်ကော ကျနော်တို့၏ တာဝန်ကို ကျနော်တို့ ဘယ်လောက်ကျေပွန်ခဲ့ကြပါသလဲ။ ။

(မူရင်း - အလင်းတန်းဂျာနယ်၊ နိုဝင်ဘာ ၃၊ ၂၀၀၈)

Comments