မတရားဖမ်းဆီးခံ သံဃာများကို စစ်ကြောရေးတွင် ခြိမ်းခြောက် ၀န်ခံချက် ယူကြောင်း
တရားရုံးတွင် သံယာတော် ၁ ပါးက ထုတ်ဖော် ပြောဆို
မိုးမခ အထောက်တော် ၀၀၃
နိုဝင်ဘာ ၁၅၊ ၂၀၀၈
၂၀၀၇ စက်တင်ဘာ သံဃာ့အရေးတော်ပုံတွင် သံဃာတော် အများအပြားကို ဖမ်းဆီးထားခဲ့ပြီး အချိန်ဆွဲ ရုံးထွက်နေခဲ့ရာ မကြာမီရက်ပိုင်းအတွင်းက တချို့ကို ထောင်ဒဏ်များ ချမှတ်ခဲ့သည်။ ယခင်အပတ်က တခါးပိတ်ရုံးထုတ်သည့် တရားခွင်တခုတွင် အဓမ္မလူဝတ်လဲခံထားရသည့် သံဃာတော်တပါးက စိတ်ထိခိုက်ဖွယ် အတွေ့အကြုံကို ထုတ်ဖော်ပြောဆိုခဲ့သည်။
သံဃာတော်မှာ သက်တော် ၈၀ ကျော်ရှိသည့် ရန်ကုန်နှင့် မိုင် အနည်းငယ်အကွာ မြို့မှ ဖြစ်ကြောင်း၊ ဆရာတော်ကြီးတပါး ဖြစ်ကြောင်း၊ စက်တင်ဘာ အရေးတော်ပုံက စစ်ကြောရေးတွင် ထိမ်းသိမ်းထားစဉ် မတရားစွဲချက်များကို အတင်းအဓမ္မ ၀န်ခံခိုင်းကြောင်း၊ ဆရာတော်ကြီးက ငြင်းဆန်နေသောအခါ ထောင်တွင်းမှ မုဒိန်းမှုဖြင့် ထောင်ကျ ၃ ဦးကို အကျဉ်းခန်းအတွင်း ထည့်ထားခဲ့ပြီး မ၀န်ခံပါက ထိုရာဇ၀တ်ကောင်များနှင့် ဆရာတော်ကို အနိုင်ကျင့်နှိပ်စက်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း၊ သို့အတွက် ဆရာတော်ကြီးက ၀န်ခံချက်ပေးခဲ့ရကြောင်း တရားသူကြီးရှေ့မှောက်တွင် စိတ်ထိခိုက်စွာ ရုံးတော်သို့ လျောက်ထားခဲ့သည်ဟု မျက်မြင် တရားရုံးဝန်ထမ်းတဦးက ပြောကြားသည်။
တရားသူကြီးနှင်အဖွဲ့မှာ မည်သို့ ဆုံးဖြတ်ရန် မသိသဖြင့် ရုံးချိန်းပေးလိုက်သည်ဟု သိရသည်။ ထိုကဲ့သို့ ထောင်တွင်းနှင့် စစ်ကြောရေးစခန်းများတွင် မတရားဖမ်းဆီးနှိပ်စက်မှုများ မည်မျှ များပြား တိုးပွားနေမည်ကို မခန့်မှန်းရဲပါဟု ရုံးဝန်ထမ်း တဦးက ပြောကြားသည်။ ၎င်းတို့အနေနှင့် ထို စစ်ချက်များ၊ ၀န်ခံချက်များကို နားနှင့် ဆတ်ဆတ်ကြားနေရသည်မှာ ဆင်းရဲလှသည်ဟု ၀န်ခံသည်။
Comments