ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ် (၂၅၄)
သံဃာတော်များနေ့
မာမာအေး
နိုဝင်ဘာ ၂၃၊ ၂၀၀၈
သံဃာတော်များနေ့
မာမာအေး
နိုဝင်ဘာ ၂၃၊ ၂၀၀၈
သောတရှင်များ ကျန်းမာတော်မူကြပါစရှင်-
မာအေးချစ်တဲ့ သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့ အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
သောတရှင်တို့ရေ၊ အရင်တပတ်က တန်ဆောင်မုန်းလကို ရှေးက တန်ဆောင်မှုန်းလလို့ ခေါ်ခဲ့ကြတဲ့အကြောင်း မီးထွန်းပွဲ ဖြစ်လာရတာက အဖသတ်သား ‘အဇာတသတ်’မင်းကြောင့်လို့ ပြောပြမယ် လို့ စတုန်းအချိန်မှာ ဗြုန်းဆို အချိန်က ကုန်သွားတာနဲ့ ခုမှ ဆက်ပြောရပါတယ်ရှင်။ နှလုံးလှတဲ့ ဘုရင်ကြီး ဗိမ္မသာရနဲ့ မိဖုရားကြီးဝေဒေဟီတို့ရဲ့ မိဘချစ်ခြင်း၊ ခွင့်လွှတ်ခြင်း၊ သားရင်း ‘အဇာတသတ်’ရဲ့ အာဏာရူးခြင်း၊ ရက်စက်ခြင်းဆိုတာတွေကို သားသမီးနဲ့ မိဘတို့အကြား အဆိုးတရားတွေ ပေါ်လာဖြစ်လာကြတဲ့အခါ ဇာတ်နာနာ ခံစားနားလည်စေဖို့ ဒီသားအဖရဲ့ ဇာတ်လမ်းနဲ့ ယှဉ်ပြီး ပြောပြဆိုပြ ဆုံးမ ရှေ့တန်းတင်ကြပေါင်း များလွန်းလို့ ချစ်ဆွေတို့ သိကြတာတွေ ထပ်နေရော့မယ် ထင်ပါရဲ့။ မာအေး ဆိုခဲ့ဖူးတာကိုလည်း ကြားဖူးမယ် ထင်ပါရဲ့နော်။
(လမင်းသာချိန်မှ) xxx တကာမုနိ ကြွေလုသည်းဆိုင် တတ်နိုင်ပါဘဲ သူနိုင်ငါမင်းပြုတော့သည်။ ဓားတလက်လက်နဲ့ ခြေဆွ၊ ဆားတစက်စက် အရည်ချ၊ စကားတချက်တချက်တောင် မပီသ၊ ဗိမ္မသာရ ဘုရင် နန်းကျ မရွှင်လန်းသပ၊ သြော် ဘ၀င်မချမ်းမြ ၀ဋ်တရားကို ခံစားရတော့သည် xxx
ဒါကတော့ သားလူမိုက် အဇာတသတ်မင်းက ဖခင်ဖြစ်သူကို လမ်းလျှောက်ပြီး ကမ္မဋ္ဌာန်းတရား အားထုတ်နေလို့ အသက်ရှင်နေတဲ့အကြောင်း သိရတဲ့အတွက် လမ်းမလျှောက်နိုင်အောင် ဘုရင်ကြီးရဲ့ ခြေဖ၀ါးကို ဓားနဲ့ခွဲ၊ ဆားနဲ့ကြဲပက်၊ ရှားမီးနဲ့ ကျက်စေရင် အသက်ရှင်စရာအကြောင်း
မရှိတော့ဘူးလို့ အာဏာရူးစိတ်နဲ့ မိုက်မိုက်ကန်းကန်း ဆိုးသွမ်းယုတ်မာ မလုပ်သင့်တာလုပ်တဲ့ အခန်းမှာ ဆိုဖို့ ရေးခဲ့တဲ့ ရွှေတိုင်ညွန့်ဆရာ့လက်ရာက တပိုဒ်ပါပဲ။ ‘လမင်းသာချိန် နေကွယ်ချိန်’ လို့ခေါ်တဲ့ တေးသရုပ်ဖော်ကို ဂီတစာဆို မောင်ကြေးမုံက ရေးတော့ အလိုက်သင့်ကလေး ထည့်သွင်းပေးခဲ့တာပေါ့ရှင်။
မာအေးဆိုလိုက်တဲ့ ဒီသီချင်းလေးရဲ့ အဓိပ္ပာယ်လို အင်မတန် ဆိုးဝါးလှတဲ့ အဇာတသတ်မင်း ဆိုတာ မတရားမင်းပဲလေ။ ဖအေကို သတ်တဲ့သား မဟုတ်လား။ ဘုရား တရား သံဃာ မိဘ ဆရာ ဆိုတဲ့ အနန္တဂိုဏ်းဝင် ဖခင်ကို သတ်တော့ ပဉ္စာနန္ဒြိယကံကြီးထိုက်မှာပါ။ ဒီငါးပါးကို အကျိုးမဲ့ သေစေ ဖြစ်စေခဲ့တဲ့ သူတွေလည်း ပဉ္စာနန္ဒြိယကံ ထိုက်မှာပါပဲတဲ့ရှင်။
ဖခင်ကို သတ်လိုက်လို့ အကုသိုလ် အတုံးလိုက် ၀င်လာတဲ့ အဇာတသတ်မင်းဟာ သူ့မျက်လုံးကို လှံပေါင်းများစွာနဲ့ အထိုးခံရသလို ခံစားနေရပါတယ်။ အိပ်လို့မရ ဖြစ်လာတဲ့အခါကျတော့ သူ့ရဲ့အမတ်ကြီးတွေနဲ့ တိုင်ပင်ပြီး တိတ္ထိဆရာကြီး (၆)ဦးထံ သွား၊ ‘ရဟန်းပြုခြင်းရဲ့ အကျိုးတရား’ကို မေးတဲ့အခါ ကျေနပ်တဲ့အဖြေ မရဘဲနဲ့ အိပ်မရတာဟာ ဖြစ်မြဲဖြစ်နေခဲ့ပါသတဲ့။
ဒါနဲ့ ဂေါတမရှင်တော်ဘုရားနဲ့ ရင်းတဲ့ ဒါယိကာ သမားတော်ကြီးဇီဝကကို အကူအညီ တောင်းခဲ့ရပါတယ်။ ဘုရင်ဖြစ်ပြီး အသတ်ကြီးသတ်မိလို့ ဘုရားရှင် မနှစ်မြို့မှာ စိုးလို့လားမှ မသိတာနော်။
* ရမဏိယာ ၀တ - မွေ့လျော်ဖွယ်ကောင်းသောညပါတကား
* အဘိရူပါ ၀တ - အလွန်လှပသောညပါတကား
* ဒသနီယာ ၀တ - ရှုဖွယ်ကောင်းသောညပါတကား
* ပါသာဒိကာ ၀တ - ကြည်လင်ရွှန်းပသောညပါတကား
* လက္ခဏာ ၀တ - မေ့မရနိုင်သော ညပါတကား
အဲဒီလိုသာ ရေရွတ်နိုင်တယ်။ အလွန်ကြည်နူးသာယာတဲ့ တန်ဆောင်မုန်းညမှာလည်း အဇာတသတ်ဟာ အလှအပကို မခံစားနိုင်၊ မအိပ်နိုင်ဘူး တဲ့။
ဒါကြောင့်မို့ ဇီဝကက အဇာတသတ်မင်းရဲ့ အသက် အန္တရာယ်ကို မထိခိုက်စေရအောင် ဦးဆောင် ပို့ပေးခဲ့ရတာပေါ့ရှင်။ အမျိုးသားတွေမပါစေရဘူးတဲ့ရှင့်၊ အမျိုးသမီးတွေကိုချည်း စောင့်ရှောက်ခိုင်းတာပါ။ ကိုယ်ရံတော်ဖြစ်တဲ့ သက်တော်စောင့် ၅၀၀ ကို ဆင်မယဉ်သာ ၅၀၀ ပေါ်တင်၊ စစ်သည်တော် ၅၀၀ လိုက်ပါရမှာကိုလည်း အမျိုးသမီးများသာထား၊ အားလုံး ယောင်္ကျားအ၀တ်အစား ၀တ်၊ ယောင်္ကျားသားလို ဆင်ပြီး စောင့်ရှောက်သွားကြရပါသတဲ့ရှင်။ “သတ်ဖူးတဲ့လူ အကြောက်ထူ”ပေါ့လေ။
ဘုရားသခင် ကိုယ်တော်မြတ်ကြီး ရာဇဂြိုဟ်မြို့အနားက ဆရာဇီဝက လှူထားတဲ့ သရက်ဥယျာဉ်တော်မှာ သီတင်းသုံးနေတဲ့အခါ ဖြစ်လေတော့ မြို့တော်ရဲ့ အရှေ့တံခါးပေါက်ကနေ ထွက်ပြီး ဘုရားရဲ့ကျောင်းဆောင်ကို သွားရပါတယ်။ သစ်ရိပ်ဝါးရိပ်တွေ ရှိတဲ့လမ်းမို့ ညအခါ မှောင်မိုက်တာနဲ့ ပို့တဲ့သူလိုက်တဲ့သူအားလုံး မီးရှူးမီးတိုင် ကိုယ်စီ ကိုင်ကြရတာကိုး။ အဲဒါကို အကြောင်းပြုပြီး မီးထွန်းတဲ့လ ‘တန်ဆောင်မှုန်း’လို့ ခေါ်ခဲ့ကြရာက အခု တန်ဆောင်မုန်းလရယ်လို့ ခေါ်ခဲ့ကြရတာတဲ့ရှင်။
အဇာတသတ်မင်းကြောင့် ဖြစ်ပေါ်လာတာလို့ ပါရမီစာပေထုတ် အခါတော်များနေ့ စာအုပ်မှာ ဆရာတော် မာဂဓိ(သာစည်) ရေးထားတာကို ဖတ်ရလို့ အရင်တပတ်က အံ့သြရတယ်လို့ ပြောမိတာလေ။
ဆိုးတေလေမျိုး ဆိုးထက်ဆိုးအကျော် ဘုရင်အဇာတသတ် ဖူးမျှော်လာတဲ့အခါ မဟာ ဂရုဏာတော်အရှင် ဗုဒ္ဓသခင်က ‘သာမညဖလသုတ္တန်တရားတော်’ကို ဟောကြားတော်မူခဲ့ပါတယ်။ ဒါကြောင့် တန်ဆောင်မုန်းလပြည့်နေ့ကို ‘သာမညဖလအခါတော်နေ့’လို့ ခေါ်နိုင်ပါတယ်။ ‘သာမညဖလ’ ဆိုတာဟာလည်း ‘ရဟန်းပြုခြင်း၏အကျိုး’ လို့ အဓိပ္ပာယ်ဖြစ်တဲ့အတွက် “သံဃာတော်များနေ့” လို့လည်း ဆိုနိုင်ပါတယ်ရှင်။
(သာမညဖလ ကဗျာမှ)
သံဃာကျင့်စဉ် ဂုဏ်တော်ထူးကို၊ စုံဖော်ကျူးလို့ ပူဇော်တယ်၊ လပြည့်တန်ဆောင် သည်ရက်ထူးမှာ၊ သံဃာကျေးဇူး မမေ့ဘူးကွယ်၊ သံဃံ သရဏံ ဂစ္ဆာမိ လို့၊ ဦးထိရိုကျိုး ကန်တော့မယ်၊ ကျေးဇူးတွေကို ချေကာ မဖျက်ဖို့၊ စေတနာဖက်လို့ နှိုးဆော်တယ်၊ သံဃာကျေးဇူး မမေ့ဘူး၊ အထူးပူဇော်မယ်၊ အဲဒါကြောင့် သံဃာတော်နေ့ အစဉ်မမေ့ကြစေဖွယ်။ ။
(မူရင်း - ဘီဘီစီ၊ မြန်မာဌာန)
Comments