The hermitage

ကျောင်းသင်္ခမ်း
ဇိုးဇက်
နိုဝင်ဘာ ၁၅၊ ၂၀၀၈


အခုရက်ပိုင်းအတွင်းမှာ နိုင်ငံရေးယုံကြည်ချက်ကြောင့် ဖမ်းခံရသူတွေ စီရင်ချက်ချခံရတယ်။ ၂နှစ်ကနေ ၆၅ နှစ်အထိ။ မကြားဝံ မနာသာပဲ။ စွဲချက်ပုဒ်မတွေက ကျန်သေးတော့ ဒီအတိုင်း ဆက်ထောင်ချနေရင် ၈၈တွေတော့ နှစ် ၁၀၀ ကျော်သွားနိုင်တယ် တဲ့။ ပြစ်မှုတွေကတော့ ငြိမ်းချမ်းစွာ ဆန္ဒပြလမ်းလျှောက်မိလို့၊ မေတ္တာသုတ်ရွတ်ရင်း စီတန်းဆန္ဒပြလို့၊ ဘလောဂ် ရေးမိလို့၊ ကဗျာနဲ့ သရော်လို့… ။

သူတို့ မိဘ ဆွေမျိုးတွေများလည်း ဘယ်လောက် ခံစားမိမလဲ။ သြော် .. ကိုယ်ချင်းမစာ ရက်စက်လိုက်တာလို့ စိတ်ထဲ ဖြစ်မိတယ်။

ဒီကြားထဲ တယောက်က “ရွေးကောက်ပွဲမလုပ်ခင် လွတ်ငြိမ်းချမ်းသာလာမှာပါ”လို့ စစ်အစိုးရအပေါ် ရက်ရက်ရောရော အကောင်းမြင်တတ်လွန်းတော့ .. “မြန်မာထောင်ထဲမှာ တရက်တည်း နေကြည့်ပါလား” လို့ မေးစမ်းချင်တယ်။


မြန်မာထောင်တွေကို “ဘ၀တက္ကသိုလ်” တို့၊ “သူရဲကောင်းပြတိုက်” တို့၊ အရင်က တင်စားလေ့ရှိကြတယ်။ ကျနော်ကတော့ .. ငြိမ်းချမ်းပြီး မြင့်မြတ်စိတ်ရှိသူတွေအတွက် ကဗျာ တပိုဒ်နဲ့ပဲ တင်စားချင်တယ်။ ၁၇ရာစုက အင်္ဂလန်ကဗျာဆရာ Richard Lovelace ရဲ့ To Althea, from Prison ကဗျာထဲက တပိုဒ်ကို ဗီအိုအေက အန်ကယ် ဦးကျော်ဇံသာ လွှင့်သွားတာ သဘောကျလို့ သူ့မူရင်း ပြန်ထားတဲ့အတိုင်း အဲဒီကဗျာရဲ့ အပိုဒ်လေး ဖော်ပြလိုက်ပါတယ်။

အားလုံး ငြိမ်းချမ်းကြပါစေဗျား ..

Stone walls do not a prison make,
Nor iron bars a cage;
Minds innocent and quiet take
That for an hermitage;

ကျောက်နံရံများ ကာရံထားလည်း
ထောင် ကား မဖြစ်လာနိုင်ပါဘူး . .
သံတိုင် သံချောင်းများ စိုက်ထူထားတိုင်းလည်း
လှောင်ချိုင့်ဖြစ်မလာနိုင်ပါဘူး . .
အထဲမှာ ရှိနေတဲ့သူတွေဟာ
အပြစ်မဲ့သူတွေ
ငြိမ်းချမ်းဆိတ်ငြိမ်တဲ့ စိတ်ထားရှိသူတွေသာ ဖြစ်နေခဲ့ရင်တော့
ဒါတွေဟာ ကျောင်းသင်္ခမ်းတွေပါပဲ . . . . . . ။ ။

(မူရင်း - http://zoezat.blogspot.com/ )


Comments