Lay Htee Ohn Maung - After 50 years passed ... (3)

နှစ်ပေါင်း ၅ဝ ကြာသောအခါ
လေထီးဦးအုန်းမောင်
နိုဝင်ဘာ ၁၀၊ ၂၀၀၈
သီဟိုဠ်(သီရိလင်္ကာ)မှ အပြန်ခရီး
သီဟိုဠ် (သီရိလင်္ကာ) ရှိ စစ်အဆောက်အအုံ အမှတ်၂၅ (ME 25) စစ်ကျောင်းတွင် သင်ယူ နေသော စစ်သင်တန်းသည် မတ်လ ၈ ရက် (၁၉၄၅ ခု) နေ့တွင် ပြီးဆုံးသွားသည်။

ကျွန်တော်တို့သင်ရသည့် သင်တန်းကာလမှာ ၁၉၄၅ ခု ဇန်နဝါရီလ ၁၅ ရက်နေ့မှ မတ်လ ၈ ရက်နေ့အထိ ၁ လနှင့် ၂၅ ရက် ကြာသည်။

သင်တန်းပြီးဆုံးသွားပြီဖြစ်သဖြင့် သင်တန်းဆင်းနှုတ်ဆက်ပွဲကို မတ်လ ၉ ရက်နေ့တွင် ဟောင်ရာနားစခန်း၌ ကျင်းပသည်။ သင်တန်းဆင်းပွဲသို့ ကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး မာတ်(စ်)ဂရေ့ဗ် (Col Musgrave) နှင့် သင်တန်းဆရာများ၊ သင်တန်းသားများ စုံစုံညီညီတက်ရောက်ပြီး ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကြသည်။ ပျော်ပျော်ပါးပါး စားကြသောက်ကြသည်။

စခန်းတစ်ခုလုံးတွင်ကား ဇွန်းသံ၊ ခက်ရင်းသံ၊ စကားပြောသံ၊ သီချင်းဆိုသံ၊ ကသံခုန်သံများဖြင့် ဆူညံနေ၏၊ မတ်လ ၁ဝ ရက်နေ့ ညတွင်စခန်းမှ ထွက်ခွာရတော့မည် ဖြစ်သဖြင့် သိမ်းဆည်းစရာရှိသော ပစ္စည်းပစ္စယများကို သိမ်းဆည်းကာ တစ်နေ့လုံး အလုပ်ရှုပ်နေသည်။ ထိုနေ့ ည ၇ နာရီတွင် ကျွန်တော်တို့သင်တန်းသား ၉ဝ ကျော်သည် မော်တော်ကားများဖြင့် စခန်းမှ ထွက်ခွာခဲ့ကြသည်။ ထွက်ခါနီး ကားပေါ်နှင့် ကားအောက် တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် နှုတ်ဆက်ကြသည့် အသံများကား ဆူညံနေ၏။ သင်တန်းသား ၉ဝ ကျော်ထဲတွင် မြန်မာဆို၍ ကျွန်တော်နှင့် ကိုသာကျော် (အငြိမ်းစား နိုင်ငံတော် ကောင်စီဝင်) နှစ်ယောက်သာ ပါသည်။

ကိုလံဘိုဘူတာသို့ ည ၈ နာရီတွင် ရောက်ကြသည်။ ကိုလံဘိုဘူတာမှ ည ၉ နာရီတွင် ထွက်ခဲ့ကြသည်။ မီးရထားသည် စစ်တပ်အတွက် သီးသန့်ငှားရမ်းထားသော ရထားဖြစ်သဖြင့် စီးနင်းလိုက်ပါရသည်မှာ သက်တောင့်သက်သာရှိသည်။ လွတ်လပ်မှုလည်း ရှိသည်။ ရထားသည် ကိုလံဘိုမှ တစ်ညလုံး ခုတ်မောင်လာခဲ့ရာ မတ်လ ၁၁ ရက်နေ့ နံနက် ၇ နာရီတွင် သီဟိုဠ် (သီရိလင်္ကာ) မြောက်ပိုင်း လမ်းဆုံမြို့ကလေးတစ်မြို့သို့ ရောက်ကြသည်။ ထိုမြို့မှ အိန္ဒိယ ဘက်သို့ ကူးရန်အတွက် ပင်လယ်ကွေ့ကို ဖြတ်ကူးမည့်သင်္ဘော ပြောင်းစီးကြသည်။

အိန္ဒိယဘက်ကမ်းရှိ ဗဇာဂါပတန် (VIZAGAPATAN) တွင် ရထားပြောင်းစီးပြီး တစ်နေ့လုံး ခုတ်မောင်းလာခဲ့ရာ မတ်လ ၁၂ ရက် နံနက် ၈ နာရီတွင် မဒရပ်သို့ရောက်လာသည်။ တစ်နေ့လုံး တစ်ညလုံး မီးရထား စီးလာရသဖြင့် ငြီးစီစီဖြစ်ပြီး လူမှာ ပင်ပန်းနွမ်းနယ်နေသည်။ ရထားမှာ ယနေ့ မဒရပ်တွင် နားပြီး နက်ဖန်မှ ရထားဆက်၍ ထွက်မည် ဖြစ်သဖြင့် ကျွန်တော်တို့ နှစ်ယောက်သည် Mekey ဆိုသော ဟိုတယ်တွင် တည်းခိုကြသည်။ ဟိုတယ်တွင် နံနက်စာကို စားပြီးနောက် တက္ကစီငှား၍ မြို့ထဲသို့ လှည့်ပတ်ကြည့်ရှုကြသည်။

မဒရပ်မြို့မှာ လှပပြီး သန့်ရှင်းသြော မို့တစ်မြို့ဖြစ်သည်။ တိုက်တာ အဆောက်အအုံများလည်း ခံ့ညား ထည်ဝါသည်။ ထိုတိုက်တာအချို့ကို ပိုင်ဆိုင်ထားသူများမှာ ချစ်တီးများဖြစ်သည်။ ဤချစ်တီးများကို တွေ့ရသောအခါ ကျွန်တော်တို့ မြစ်ဝကျွန်းပေါ်ဘက်တွင် ဒေါ်ဆင်ဘဏ်မှ ငွေများချေးငှားပြီး အဆမတန် ငွေတိုးများဖြင့် တောင်သူလယ်သမားများအား တဆင့်ချေးငှားကာ သွေးစုပ်နေသော ချစ်တီးများကို ပြေး၍ မြင်မိသည်။

မတ်လ ၁၃ ရက် နံနက် ၉ နာရီတွင် ရထားသည် မဒရပ်မှ ဆက်၍ ထွက်ခဲ့ကြပြန်သည်။ ရထားလမ်းတလျှောက်၌ ရထားလမ်းဘေးတွင် နေ၍ ပိုက်ဆံနှင့် အစားအစာများကို လက်ဖြန့်၍ တောင်းနေကြသော ပိန်ချုံးနေသည့် ကလေးများ၊ အဖိုးအိုး အဖွားအိုများကို တွေ့ရသည်။ တချို့ ကလေးများမှာ နေပူကျဲကျဲတွင် ကိုယ်လုံးတီးနှင့် ဖြစ်နေကြသည်။တချို့လူကြီးများမှာ ဝတ်စရာဆို၍ သူ့တို့ခါးတွင်ဝတ်ထားသော ဟောင်းနွမ်းပြီး စုတ်ပြဲနေသော လုံချည်များကိုသာ တွေ့ရသည်။ သူတို့ ကိုယ်ပေါ်တွင်မူ အင်္ကျီများ မရှိကြပေ။ သူတို့ကိုကြည့်ရသည်မှာ သနားစရာကောင်းလှသည်။

ဤကဲ့သို့ တောရပ်ဒေသများတွင် ဆင်းဆင်းရဲရဲနှင့် စားရမဲ့သောက်ရမဲ့ ဘဝမျိုးဖြင့် မွဲပြာ ကျကြသလောက် စစ်နှင့်စီးပွားလမ်းဖြောင့်နေကြသော အိန္ဒိယ အရင်းရှင်ကြီးများ၊ မှောင်ခိုအမြတ်ကြီးစားသမားများမှာ ကျိကျိတက် ချမ်းသာနေကြသည်။

ရထားသည် မဒရပ်မှထွက်လာပြီးနောက် ဘူတာစဉ်အတိုင်း နားနားနေနေနှင့်လာခဲ့ရာ မတ်လ ၁၅ ရက်နေ့ နံနက် ၁၁ နာရီတွင် ကာလကတ္တားမြို့သို့ ရောက်သည်။ ဘူတာတွင် ကျွန်တော်တို့အား လာရောက် ကြိုဆိုနေသော တပ်ဖွဲ့ ၁၃၆ မှ ဗိုလ်ကြီးဆော်လီကို တွေ့ရသည်။ ဗိုလ်ကြီး ဆော်လီသည် ကျွန်တော့်အား တပ်စခန်းတစ်နေရာသို့ ခေါ်သွားသည်။

ထိုမှနေ၍ လေထီးသင်တန်းတက်ရန် ဂျက်ဆိုး (Jessore) သို့ ဆက်သွားရမည်ဖြစ်သည်။ ကိုသာကျော်မှာမူ လေထီးဆင်းဖူးပြီးဖြစ်သဖြင့် လေထီးသင်တန်းသို့တက်ရန် မလိုတော့ပေ။ ထို့ကြောင့် ကိုသာကျော်အား ဆန်းဒေးဗီလာသို့ ပြန်ပို့ပေးလိုက်သည်။


လေထီးသင်တန်းကျောင်းသို့
ကျွန်တော်သည် တပ်စခန်းတစ်နေရာတွင် နံနက်စာ စားသောက်ပြီးနောက် ဗိုလ်ကြီး ဆော်လီက သူကိုယ်တိုင် သူ့ကားဖြင့် ဂျက်ဆိုးသို့ လိုက်ပို့သည်။ ကာလကတ္တားနှင့် ဂျက်ဆိုးမှာ မိုင် ၈ဝ ကျော်ကွာဝေးရာ ကျွန်တော်တို့ ကာလကတ္တားမှ နေ့လည် ၁ နာရီတွင် ထွက်ခဲ့သည်။ ဂျက်ဆိုးသို့ ညနေ ၅ နာရီမှ ရောက်သည်။

ဂျက်ဆိုးသို့ ရောက်သောအခါ မန်းဝင်းမောင်၊ ကိုစိုးမောင် (ကိုချစ်ကောင်း) နှင့် ကိုသန်းတို့ကို တွေ့ရသည်။
ကျွန်တော်တို့ ၄ ယောက်သည် ရန်ကုန်မှ ထွက်လာတုန်းကလည်း အတူတူ၊ သီဟိုဠ် (သီရီ လင်္ကာ) သို့ စစ်ပညာသင်ကြားရန်သွားတုန်းကလည်း အတူတူဖြစ်ကြသည်။ သီဟိုဠ် (သီရိလင်္ကာ) ကိုလံဘိုမြို့တွင် သင်တန်းတက်နေစဉ်အတွင်း မန်းဝင်းမောင်၊ ကိုစိုးမောင်(ကိုချစ်ကောင်း) နှင့် ကိုသန်း တို့က မြန်မာပြည်ထဲသို့ လေထီးဖြင့်ဆင်းရန် အစီအစဉ်ရှိသဖြင့် ကျွန်တော် အရင် ပြန်သွားခဲ့ကြသည်။ ကိုလံဘိုတွင် ကျွန်တော် ကျန်ရစ်ခဲ့သည်။

ယခုတဖန် မမျှော်လင့်ဘဲ ကျွန်တော်တို့ ရဲဘော်၎ ယောက် ဂျက်ဆိုးတွင် ပြန်တွေ့ရပြန်လေပြီ။ မန်းဝင်းမောင်က မြန်မာပြည်ထဲသို့ လေထီးခုန်ချရန် အစီအစဉ်ရှိသဖြင့် လေထီးခုန်လေ့ကျင့်ရန် အတွက် လေထီးသင်တန်းကျောင်းသို့ ရောက်နေခြင်းဖြစ်သည်။ ကိုစိုးမောင် (ကိုချစ်ကောင်း) နှင့် ကိုသန်းမှာမူ လေထီးခုန်လေ့ကျင့်ပြီး မြန်မာပြည် ပျဉ်းမနားနယ်ဘက်တွင် လေထီးဆင်းရန် တပ်ဖွဲ့ ၁၃၆ မှ အင်္ဂလိပ်စစ်ဗိုလ်များနှင့်အတူသွားရာ မြေပြင်မှ အချိန်းအချက်လုပ်ထားသော မီးကို မတွေ့ရသဖြင့် ချိန်းထားသောနေရာသို့ လေယာဉ်ပျံရောက်ပြီးမှ ပြန်လှည့်လာခဲ့ရသူများဖြစ်သည်။ အချိန်းအချက်လုပ်ပြီး လေထီးခုန်ချရန်အတွက် နောက်ထပ် အစီအစဉ်ကို ဂျက်ဆိုးတွင်နားပြီး စောင့်နေကြခြင်းဖြစ်သည်။

ဂျက်ဆိုးတွင် တိုက်တလုံးမှာ ကျွန်တော်တို့တတွေအား သပ်သပ်ထားသည်။ အစားကောင်းကောင်းကျွေးပြီး အနားကောင်းကောင်း ယူခိုင်းထားသည်။ စားလိုက်၊ အိပ်လိုက်၊ စာဖတ်လိုက်၊ လမ်းလျှောက်လိုက်နှင့်သာ တစ်နေ့တာအချိန်ကို ကုန်လွန်စေခဲ့ကြသည်။ ထိုတနေ့လုံးနားပြီးနောက် နောက်တစ်နေ့ဖြစ်သော မတ်လ ၁၇ ရက်နေ့တွင် လေထီးခုန်သည့် အခါ ကိုယ်အနေအထား ခြေလက် အနေအထားမှန်အောင် မြေပြင်လေ့ကျင့်ခန်း (Ground Training) ကို လေ့ကျင့်ရသည်။

ဒူးနှစ်ဖက်ကို ကွေးနိုင်သမျှကွေးထားပြီး လက်နှစ်ဖက်ကိုလည်း တံတောင်ဆစ်များမှနေ၍ကွေးကာ နဖူးကိုလက်သီးများဖြင့် ထိထားလျက် ကိုယ်ကို လှိမ့်ရခြင်း ခပ်မြင့်မြင့်လျှောများပေါ်မှ မွေ့ရာပေါ် လျှောချဆင်းသက်၍ စောစောက ကိုယ်လက်အနေအထားများအတိုင်း ကိုယ်ကို လှိမ့်ရခြင်း၊ စင်မြင့်ကြီးပေါ်မှ အောက်ဘက်သို့ချထားသော လေထီးဆိုင်းကြီးများဖြင့် ကိုယ်ကိုဆိုင်းကာ လေထဲတွင်မြှင့်တင်ပေးခြင်း နှိမ့်ချပေးခြင်း၊ လေထီးဆိုင်းကြိုးများကို မိမိလိုရာသို့ရောက်အောင် ထိန်းပေးခြင်း စသော လေ့ကျင့်ခန်းများကို လေ့ကျင့်ရသည်။

လေထီးခုန်ချသည့်အခါ ဒါကိုတာ (DAKOTA) နှင့် လစ်ဘရေတာ (Liberrator) လေယာဉ်ပျံ အမျိုးအစား နှစ်မျိုးထဲမှ တစ်မျိုးမျိုးနှင့် ခုန်ချရမည်ဖြစ်သည်။ ထို့ကြောင့် လေယာဉ်နှစ်မျိုးစလုံးမှ ခုန်ချရမည့် နည်းများကို လေ့ကျင့်ရသည်။

“ဒါကိုတာ” လေယာဉ်ပျံနှင့် ဆင်းမည်ဆိုလျှင် လေယာဉ်ပျံဘေးတံခါးပေါက်ကြီးမှ ဆင်းရမည် ဖြစ်ရာ သင်တန်းတွင် အတုလုပ်ထားသော တံခါးပေါက်အဝ၌ ခြေထောက်ကို စုံရပ်၍ ကိုယ်ကို မတ် မတ်ထားကာ ရှေ့တည့်တည့်သို့ ကြည့်နေရသည်။ လက်နှစ်ဖက်ကိုလည်း တံခါးပေါက်တစ်ဖက်စီသို့ လက်ကိုဆန့်တန်းကာ ဆုပ်ကိုင်ထားရသည်။ ခုန်ချသည့်အခါ ဘယ်ခြေကို ရှေ့သို့ထိုးကာ ကိုယ်ကို တစ်အားလွှဲ၍ ခုန်ချလိုက်ရသည်။

“လစ်ဘရေးတာ”နှင့်ဆင်းမည်ဆိုလျှင် လေယာဉ်ပျံဝမ်းဗိုက်ပေါက်က ဆင်းရမည်ဖြစ်ရာ ဝမ်းဗိုက်ပေါက်နှင့် ဆက်သွယ်ထားသော ဇလားထဲမှ လျှောချပြီး ဆင်းရသည်။ ဤကဲ့သို့ဆင်းရာတွင် လေယာဉ်ပျံဝမ်းဗိုက်အပေါက်ဘောင်နှင့် မျက်နှာ မထိခိုက်စေရန်အတွက် လက်နှစ်ဖက်ကို ကြက်ခြေခတ်သဏ္ဍာန် ယှက်၍ ဆင်းကြရမည် ဖြစ်သည်။

လေထီးခုန်ချ၍ မြေပေါ်သို့ရောက်သည့်အခါ လေထီးနှင့်လူ တခြားစီဖြစ်သွားစေရန်အတွက် ရင်ဘက်တွင်ရှိသော လေထီးဖြုတ်သော့ကို လက်ဝါးဖြင့် ခပ်ပြင်းပြင်းကလေး တစ်ချက်ရိုက်ပြီး လက် နှစ်ဖက်ကို မြှောက်လိုက်ရသည်။ ဤသို့လုပ်လိုက်ခြင်းဖြင့် လေထီးနှင့်လူ တခြားစီဖြစ်သွားပေသည်။ သို့မဟုတ်လျှင် လေအရှိန်ဖြင့် လေထီးဆွဲရာသို့ တရွတ်ဆွဲပါသွားပြီး မျက်နှာ ခြေလက်များ ပွန်းပဲ့သွားကာ ဒဏ်ရာများ ရရှိသွားနိုင်သည်။

ထို့နောက် လေထီးခေါက်နည်း၊ လေထီးကို ရန်သူက မမြင်မတွေ့ရအောင် မြေကြီးတွင် တူး၍ ဝှက်နည်း သစ်ပင်ပေါ်ချိတ်နေလျှင် ထီးကြိုးကို မိမိတွင်ပါလာသော ဓားနှင့်ဖြတ်၍ အသင့်ပါလာသော ကြိုးနှင့်ဆင်းနည်း၊ ရေထဲကျလျှင် အသက်ကယ်လေအိတ်ကို ခလုတ်ဖြင့် လေသွင်း၍ အသုံးပြုနည်းများအား လေ့ကျင့် သင်ကြားပေးသည်။

စားသောက်ချိန်မှလွဲ၍ တစ်နေ့လုံး စာတွေ့ လက်တွေ့များကို သင်ကြားလေ့ကျင့်ရသည်။ စာတွေ့သင်ကြားလေ့ကျင့်မှုများ ညနေ ၄ နာရီတွင် ပြီးဆုံးသွား၍ နောက်ဆုံး လေ့ကျင့်ခန်းအဖြစ် ညတွင် လေယာဉ်ပေါ်က လက်တွေ့ ခုန်ချကြရမည်ဖြစ်သည်။

အမှန်အားဖြင့် လေယာဉ်ပျံပေါ်က ခုန်ချရသည်မှာ အသက်နှင့်ရင်းရသော စွန့်စားခန်းတစ်ရပ် ဖြစ်သည်။ အခန့်မသင့်လျှင် အသက်ဆုံးရှုံးသွားနိုင်သည်။ အနည်းဆုံး ခြေလက်ကျိုးပြီး ကိုယ်အင်္ဂါ ချို့ယွင်းနိုင်သည့် အန္တရာယ်ရှိသည်။ ထို့ကြောင့်လည်း သာမန်အချိန်ကာလများတွင် လေထီးသင်တန်းကို တစ်လတန်သည် နှစ်လတန်သည်အထိ အချိန်ယူပြီး စိတ်ချရအောင် လေ့ကျင့်သင်ကြားပေးလေ့ရှိသည်။

သို့သော် စစ်ကာလလည်းဖြစ်ပြန်၊ ဖက်ဆစ်တော်လှန်ရေးအချိန်ကလည်း နီးကပ်လာပြီ ဖြစ်သဖြင့် အချိန်ကြာကြာ သင်ကြားမပေးနိုင်တော့ဘဲ တစ်နေ့တည်းနှင့် စာတွေ့ လက်တွေ့ သင်ကြား လေ့ကျင့်ပေးပြီး လေထီးခုန်ခြင်းကိုပါ ဆောင်ရွက်ကြရမည်ဖြစ်သည်။

လေထီးဆင်းရဲဘော်အားလုံးကလည်း မြန်မာပြည်ကို အမြန်ဆုံးပြန်ကာ ဖက်ဆစ်တော် လှန်ရေးတာဝန်များကို ထမ်းဆောင်လိုကြသဖြင့် အချိန်တိုတိုနှင့် သင်ကြားလေ့ကျင့်ပြီး လေထီးခုန်ရသည်ကိုပင်လျှင် သဘောကျ ကျေနပ်နေကြသည်။

လက်တွေ့ လေထီးခုန်ရခြင်း
ကျွန်တော်တို့သည် လေထီးခုန်လေ့ကျင့်ရန်အတွက် ည ၇ နာရီတွင် ဂျက်ဆိုးလေယာဉ်ပျံကွင်းသို့ ရောက်ရှိနေကြသည်။ လေထီးသင်တန်းသားများမှာ လူပေါင်း ၁ဝ ယောက်ရှိသည်။ မြန်မာဆို၍ မန်းဝင်းမောင်နှင့် ကျွန်တော် နှစ်ယောက်သာ ပါသည်။ ကျန်လူများမှာ အင်္ဂလိပ်၊ ပြင်သစ်များ ဖြစ်ကြသည်။ ကျွန်တော်တို့သည် လေထီးအဝတ်အစားများကိုဝတ်ပြီး လေယာဉ်ပျံပေါ်တက်ရန် တန်းစီ စောင့်နေကြသည်။

လေထီးအဝတ်အစားဆိုသည်မှာ နားရွက်ဖုံး ရာဘာဦးထုပ်၊ ကျောပိုးထားသော လေထီးထုပ်၊ လေထီးထုပ်နှင့် ဆက်သွယ်ထားသော လေထီးကြိုးများ၊ ထိုလေထီးများဖြင့် ပေါင်မှခွ၍လည်းကောင်း၊ ပုခုံးမှသိုင်း၍လည်းကောင်း ချည်နှောင်ထားသော လေထီးကြိုးဆိုင်းများဖြစ်သည်။ တင်ပါးကိုလည်း လေထီးကျသည့်အခါ မနာအောင်အတွင်းမှနေ၍ ရော်ဘာပြားများ ခုပေးထားသည်။

လေထီးကြိုးများဖြင့် သိုင်းထား ဆိုင်းထားသဖြင့် လမ်းလျှောက်သည့်အခါ ကွတ ကွတ ဖြစ်ကာ အကြည့်ရ ဆိုးနေသည်။ ကျွန်တော်တို့သည် ကွတကွတဖြင့်ပင် တန်းစီ၍ လေယာဉ်ပျံပေါ်သို့ တက်ခဲ့ကြသည်။ ကျွန်တော်တို့ ခုန်ချရမည့်လေယာဉ်ပျံအမျိုးအစားမှာ “ဒါကိုတာ” အမျိုးအစားဖြစ်သည်။

လေယာဉ်ပျံထိုင်ခုံများတွင် အသီးသီးနေရာယူပြီးလျှင် အင်္ဂလိပ်များက သီချင်းဆို၍ လည်းကောင်း၊ အချင်းချင်း တယောက်နှင့်တယောက် နောက်ပြောင်၍လည်းကောင်း ပျော်ရွှင်ဟန် ဆောင်နေကြသည်။ ကျွန်တော်နှင့် မန်းဝင်းမောင်တို့ကိုလည်း လှည့်၍ နောက်လိုက်ပြောင်လိုက် လုပ်ကြသေးသည်။

စက်နှိုး၍ လေယာဉ်ပျံကောင်းကင်သို့ တက်လိုက်သည်နှင့် စောစောကကြားနေရသော သီချင်းဆိုသံကို မကြားရတော့ပေ။ အားလုံး တိတ်ဆိတ်သွားသည်။ အတွေးကိုယ်စီနှင့် ရှိနေကြသဖြင့် လေယာဉ်ပျံ စက်သံကိုပင် မကြားနိုင်တော့။့ စောစောက နောက်ပြောင်နေသော အင်္ဂလိပ်များကို ကြည့်လိုက်သောအခါ အချို့က ပခုံးနှစ်ဘက်ကို ညာလက်နှင့်တို့ကာ ပါးစပ်က တတွတ်တွတ်နှင့် ဘုရားသခင်ထံ ဆုတောင်းနေသည်ကို တွေ့ရသည်။ အချို့က မိမိတို့၏ မိသားစုပုံများကို မျက်နှာကလေး ညှိုးငယ်စွာဖြင့် ကြည့်နေကြသည်ကို တွေ့ရသည်။

လွတ်လပ်ရေးစိတ်ဓာတ်ကို အရင်းခံထားသော ကျွန်တော်တို့ ဖက်ဆစ်တော်လှန်ရေး ရဲဘော်များမှာမူကား အင်္ဂလိပ်များ အထင်အမြင်အသေးမခံရအောင် တည်တည်ငြိမ်ငြိမ်ဖြင့်ပင် သူတို့၏ရှေ့တွင် မြန်မာ့သွေး၊ မြန်မာ့သတ္တိသာ ပြသရန် ပြင်ဆင်နေကြသည်။

လေယာဉ်ပျံသည် အမြင့်ပေရှစ်ရာမှနေ၍ ပျံသန်းနေသည်။ ကျွန်တော်တို့ လေထီးခုန်ချရန်အတွက် ပြင်ဆင်စရာရှိသည်များကို သင်တန်းဆရာနှစ်ဦးက ကူညီ၍ ပြင်ဆင်ပေးသည်။ သင်တန်းဆရာများက လေထီးထုပ်ထဲမှ ထွက်နေသော လေထီးကြိုးကို လေယာဉ်ပျံ၏အတွင်းဘက်ရှိ သံကြိုးတန်းတွင် ကလစ်(Clip)ဖြင့် ချိတ်ပေးကြသည်။ နောက် ခိုင်မခိုင်၊ မြဲမမြဲ ဆွဲကြည့်သည်။ စိတ်ချရတော့မှ ကျွန်တော်တို့အား အိုကေ (OKAY) ဟု ပြောကာ လက်မကို ထောင်ပြကြသည်။

ပြီးလျှင် ကျွန်တော်တို့အားလုံး လေထီးခုန်ရမည့် လေယာဉ်ပျံတံခါးပေါက်ဝတွင် နံပါတ်စဉ် အလိုက် တန်းစီ နေရာယူ၍ ရပ်နေရသည်။ ရှေ့ဆုံးမှရပ်နေသူကား ကျွန်တော်တို့၏ သင်တန်းဆရာဖြစ်သည်။ သူ့ကိုကြည့်ရသည်မှာ အားတက်ဖွယ်ကောင်းနေသည်။ လေထီးခုန်ရသည်မှာ ဘာမှ ကြောက်စရာမရှိ၊ ဘာမှမထူးဆန်း ဆိုသည့်ပုံမျိုးဖြင့် ခြေကလေး ကြွကြွဖြင့် ပြုံးပြုံးရွှင်ရွှင် ရပ်နေသည်။

သင်တန်းဆရာသည် ခုန်ချရမည့် နံပါတ် ၁ လူ ဖြစ်သည်။ မန်းဝင်းမောင်က နံပါတ် ၂၊ ကျွန်တော်က နံပါတ် ၃၊ ကျွန်တော့်နောက်တွင် နံပါတ် ၄၊ နံပါတ် ၅ စသည်ဖြင့် ခုန်ဆင်းမည့်လူ ၇ ယောက်သည် တန်းစီ၍ရပ်နေသည်။ ကျွန်တော်တို့ရှေ့မှ ခုန်ချပြမည့်သင်တန်းဆရာ၏ အရိပ်အကဲကိုကြည့်ပြီး လေထီးခုန်ချရန် အဆင့်သင့် ပြင်ဆင်ထားကြသည်။ လေယာဉ်ပျံ အပေါက်ဝဘေးတွင် သင်တန်းဆရာ တပ်ကြပ်ကြီး တစ်ယောက်က ကျွန်တော်တို့ခုန်ချရန် သတိပေးဖို့အတွက် ရပ်ပြီးစောင့်နေသည်။

ညဥ့်က မှောင်စပျိုးလာသည်။ လေကလည်း တဟူးဟူးနှင့် တိုက်ခတ်နေ၏။ ကျွန်တော်ခုန်ချမည့် တံခါးပေါက်အပေါ်တည့်တည့်ရှိ မီးနီကလေးသည် ကျွန်တော်တို့လေထီး ခုန်ဆင်းဖို့အတွက် အသင့်ပြင်ဆင်ထားရန် သတိပေးနေသည်။

လေထီးခုန်ရမည့် လေထီးချကွင်း (Dropping Ground) သို့ရောက်သောအခါ လေယာဉ်ပျံကို အနည်းငယ် စောင်းပေးလိုက်သည်။ ဤသို့ လေယာဉ်ပျံစောင်းလိုက်သည်နှင့် သင်တန်းဆရာက “နံပတ်တစ်လူ အသင့်ပြင်” (Action Station No.1) ဟု အော်လိုက်သောအသံကို ကြားလိုက်ရသည်။ ထိုအော်သံနှင့် မရှေးမနှောင်းပင် ဆင်း (Go) ဆိုသောအသံကိုပါ တစ်ဆက်တည်းကြားလိုက်ရပြီး နောက်ရှေ့ဆုံးမှ ဆရာသည် လေယာဉ်ပျံအပေါက်ဝမှ ခုန်ချလိုက်သည်။

သင်တန်းဆရာ တပ်ကြပ်ကြီးက ဆက်တိုက်ဆိုသလိုပင် ကျွန်တော်တို့အား တစ်ယောက်ပြီး တစ်ယောက် ပခုံးကို သူ့လက်ဖြင့်ပုတ်ကာ (Go) (Go) ဟု ဆင်းခိုင်းနေသည်။ ကျွန်တော်ရှေ့မှ မန်းဝင်းမောင်သည် သူ့ခန္ဓာကိုယ်ဝဝကြီးဖြင့် လေထဲသို့လွှဲ၍ ခုန်ချလိုက် သည်။ ကျွန်တော့်အလှည့်သို့ရောက်သောအခါ (Go) ဆိုသောအသံကိုကြားရပြီး ကျွန်တော့်ပခုံးကို သင်တန်းဆရာက ပုတ်လိုက်သည်နှင့် ကျွန်တော်လည်း တံခါးပေါက်မှ လေထဲသို့ ဘယ်ခြေလွှဲကာ တအားခုန်ချလိုက်လေသည်။ ထိုနောက် နံပတ်စဉ်အလိုက် တစ်ယောက်ပြီးတစ်ယောက် ဆက်ကာဆက်ကာ ခုန်ချကြသည်။

ခုန်ချချခြင်း သတိလစ်သလိုဖြစ်သွားကာ ပတ်ဝန်းကျင်ကို ဘာမှမသိလိုက်တော့ပေ။ နှစ်စက္ကန့် လောက်ကြာမှ တစ်စုံတစ်ယောက်က တုံ့ဆွဲလိုက်သလို ခံစားလိုက်ရပြီး သတိရကာ မျက်စိပွင့် သွားသည်။

ခေါင်းပေါ်တွင် လေထီးပွင့်နေသည်ကို တွေ့ရသည်။ လေထီးသည် ပွင့်ပွင့်ခြင်း ငြိမ်ငြိမ်သက်သက်မရှိ။ အနည်းငယ် လှုပ်ယမ်းနေသည်။ လေထီးလှုပ်ယမ်းနေသဖြင့် လူလည်း လှုပ်ယမ်းနေသည်။

လေထီးထိန်းကြိုးကို တအားဆွဲချလိုက်တော့မှ လေထီးရော လူပါ ငြိမ်သက်သွားသည်။ သင်တန်းတွင် လေ့ကျင့်ထားသည့်အတိုင်း မြေကြီးပေါ်ကျသည့်အခါ အန္တရာယ်မရှိအောင် ကိုယ်အနေအထား ခြေလက်အနေအထားများကို ပြင်ဆင်လိုက်လေသည်။

ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်သောအခါ လေထီးများပွင့်ကာ လေထဲတွင် လေဟုန်ဖြင့် လွင့်ပါးနေသော လေထီးဆင်းသူများကို မှုန်ဝါးဝါး လရောင်အောက်တွင် တွေ့ရသည်။ ။

Comments