ပီကာဆိုရဲ့ပန်းချီကား ၂ကား
လင်းထက်ဇော်
နိုဝင်ဘာ ၁၆၊ ၂၀၀၈
လင်းထက်ဇော်
နိုဝင်ဘာ ၁၆၊ ၂၀၀၈
ပန်းချီကားထဲက ဣတ္ထိယများ
ပန်းချီကားထဲမှာလည်း နာမည်ကြီး မိန်းမလှတွေ ရှိတတ်ပါတယ်။ အထူး ကျော်ကြားသူကတော့ “မိုနာလီဇာ”ပေါ့။ အာရှဘက်မှာ ဆိုရင်လည်း ပန်းချီကားထဲက “သီတာ”ကို မြင်ပြီး ဒဿဂီရိဘီလူးကြီး ခိုက်သွားရတယ် ဆိုတဲ့ ပုံပြင်ဇာတ်လမ်း ရှိပါလေရောလား။ ပန်းချီဆရာအများစုဟာ ယောင်္ကျားတွေ ဖြစ်လို့လားတော့ဖြင့် မသိဘူး၊ အမျိုးသမီပုံဆွဲရတာ အာရုံကျတယ် ထင်ပါရဲ့၊ ပန်းချီကားထဲက မိန်းကလေးတော်တော်များများဟာ လှနေတာ တွေ့ရပါတယ်။
ဒါပေမယ့် ဒီအဆိုဟာ အခါခပ်သိမ်းတော့ မမှန်ပါဘူး။ ဟောဒီပန်းချီကားကို ကြည့်လိုက်ပါ။

“ဒီလောက်အရုပ်ဆိုးတဲ့ဟာတွေ ဘယ်ကောင်ကများ ဆွဲတာပါလိမ့်။ ကြည့်စမ်းပါဦး၊ ကြောက်စရာ ကောင်းလှတဲ့ မျက်နှာကြီးတွေ - - ။ ဒါ ပန်းချီတဲ့လားဗျာ - - ။ ဟင်း - - ကလေးဆွဲခိုင်းရင်တောင် ဒီထက်သာဦးမယ်။”
ဒီလို ပျစ်ပျစ်နှစ်နှစ် အဆဲခံရတဲ့ ပန်းချီဆရာ ဘယ်သူမှတ်လဲ - - ။ မယုံမရှိနဲ့ “ပီကာဆို” မှ “ပီကာဆို” ပါပဲ။ ဟို လွန်ခဲ့တဲ့ ၁၉၀၇ ခုနှစ်က ဒီပန်းချီကား ပေါ်လာတော့ ၀ိုင်းဆဲကြ ဆိုပဲ။ တချိန်တည်းမှာ လူငယ်တချို့ကတော့ သွေးရူးသွေးတမ်း စွဲလန်းသွားကြတယ်လို့လည်း အဆိုရှိပါတယ်။
အဲဒီ ခေတ် လမ်းသစ်ထွင်ချင်တဲ့ လူငယ်ပန်းချီဆရာတွေကြားမှာ “ဂေါ်ဂင်”ဟာ ဘုရင်ပေါ့။ နောက်တော့ “ဆေဇန်း”ဟာလည်း “ဂေါ်ဂင်”နဲ့ အပြိုင်ဖြစ်လာတယ်။ ခုတော့ ဒီလူငယ်တွေ အားလုံးဟာ “ပီကာဆို” မှ “ပီကာဆို” ဖြစ်လာတော့တယ်။ ဒီပန်းချီကားဟာလည်း “ကျူဗစ်ဇင်(Cubism)” ကို စဖွင့်လိုက်တဲ့ သမိုင်းဝင်ဖြစ်သွားတော့တယ်။
ပန်းချီကားရဲ့ မူရင်းအမည်က (Les Demoiselles d'Avignon)ပါ။ စပိန်ဘာသာစကား ဖြစ်မယ် ထင်ပါရဲ့။ အဓိပ္ပာယ် ဘာမှန်းမသိလို့ ‘မိန်းများ’လို့ပဲ ထားကြပါစို့။
ပန်းချီအတတ်ပညာအရဆိုရင်တော့ ‘ပတ်ဘလိုပီကာဆို(Pablo Picasso)’ (၁၈၈၁-၁၉၇၃) ဟာ ဆေဇန်းကို ဆက်ခံသူလို့ သတ်မှတ်ကြပါတယ်။ ဆေဇန်းရဲ့ မျဉ်းဖြောင့် မျဉ်းကွေး ဟာမိုနီကို ချဲ့ထွင်ယူလိုက်တာ လို့ ဆိုပါတယ်။ ဒါပေမယ့် “ပီကာဆို”ရဲ့ ဖြည့်စွက်ချက်က “ဒိုင်းနမစ်”လို့ ဆိုတယ်။ “ဆေဇန်း”က ငြိမ်နေပေမယ့် “ပီကာဆို”က လှုပ်နေတယ်။ ဘာကြောင့် လှုပ်တာလဲ၊ ဆက်ဆန်းစစ်ကြတော့ ‘ဒိုင်မင်းရှင်း’တွေ ပွားယူနိုင်လို့ လို့ အဖြေထွက်လာတယ်။ ဒီအဖြေကိုယ်တိုင်သည်ပင် ‘ကျူဗစ်ဇင်’ ရဲ့ အခြေခံအကောက်အယူလို့ ဆိုပါတယ်။
ပန်းချီကားရဲ့ ဘယ်ဘက်ဆုံးက မိန်းမကို ကြည့်လိုက်ပါ။ သမိုင်းမတင်မီခေတ်က စပိန်ပန်းပုဟန်တွေ ပါနေတယ်။ ညာဘက်အစွန်က မိန်းမနှစ်ယောက်ရဲ့ မျက်နှာကတော့ အာဖရိကအနောက်ခြမ်း နီဂရိုးတွေ သုံးလေ့ရှိတဲ့ မျက်နှာဖုံးတွေလိုဖြစ်နေတယ်။ အလယ်က နှစ်ယောက်ပဲ၊ အဲဒီခေတ် (၁၉၀၇) ဟန်ပါတယ်။
“ပီကာဆို”ရဲ့ အဆိုအရ အလှအပနဲ့ ပတ်သက်တဲ့ ခံစားကြည့်မြင်ပုံဟာ အချိန်တို့ နေရာတို့ ဆိုတဲ့ ဒိုင်မင်းရှင်းတွေ အလိုက်မတူနိုင်ပါဘူး တဲ့။ သူ့ရဲ့ ကျူဗစ်ဇင်ဟာ ဒိုင်မင်းရှင်းမျိုးစုံကို ကင်းဗတ်ပေါ် ဆွဲစုလိုက်တာဖြစ်ပါသတဲ့။
ပန်းချီဝေဖန်ရေးဆရာတွေကတော့ ဒီပန်းချီကားကို အခုလို သုံးသပ်ကြတယ်။ “ပီကာဆို”ရဲ့ မိန်းမတွေမှာ ပါဝါရှိတယ်။ ပြင်းအားပါတယ်။ ဒါကြောင့် ဗို့အားပြင်းတယ် တဲ့။ လှချင်မှတော့ လှမယ်။ ဒါပေမယ့် ဓာတ်လိုက်သလို တွန့်သွားနိုင်တယ် ဆိုပဲ။
မှန်ရှေ့က ကောင်မလေး
ရင့်ကျက်ပြည့်စုံလာတဲ့ ကျူဗစ်ဇင်ကို လေ့လာချင်သပ ဆိုရင်တော့ ပီကာဆိုရဲ့ ၁၉၃၂ က ဆွဲခဲ့တဲ့ မှန်ရှေ့က ကောင်မလေး (Girl before a Mirrow) ကို ကြည့်ပါ တဲ့။

မှန်ထဲကအရိပ်ကို ကြည့်လိုက်တော့ နားမလည်နိုင် ဖြစ်ရပြန်ရော။ ပန်းချီကို ကျော်သွားတဲ့ ဒဿနအမြင်တရပ်ကို ညွှန်းချင်တာလို့ ပြောသံ ကြားဖူးတယ်။ မဆုံးတော့တဲ့ အတွေးတွေနဲ့ “မှန်ရှေ့က ကောင်မလေး”ကို မခွာနိုင် ဖြစ်ရတော့တယ်။ နောက်ထပ် ကြားဖူးတာ တခုက ဒီပန်းချီကားကို ‘အဲလဘတ် အိုင်းစတိုင်း’ သိပ်စွဲသတဲ့။ သုတေသီတချို့ကဆိုရင် အိုင်းစတိုင်းရဲ့ ‘ရီလေတစ်ဗတီ’ နဲ့ ‘ပီကာဆို’ ရဲ့ ‘ကျူဗစ်ဇင်’ကြားမှာ အဆက်မအစပ် ရှိနိုင်တယ်လို့တောင် ပြောကြရဲ့။ ကျူဗစ်ဇင်ဆိုတာ ‘နေရာနဲ့အချိန်ရဲ့ သန္တာန်(Space-time-continuum)’ ကို ပန်းချီနဲ့ ရှင်းပြနေတာဖြစ်တယ် လို့လည်း ပြောကြတာတွေ ရှိတယ်။ ။
(မိုး ဂျာနယ်၊ ၂၀၀၄ ဇွန်လ၊ ခေတ်ပေါ်ပန်းချီကို ခံစားကြည့်ခြင်း ဆောင်းပါး အပိုင်း ၅ မှ ကောက်နှုတ်ချက်)
Comments