Talk with Beik Thano Tin Win

Hill Tribe of Myanmar series 15, by Tin Win, mixed media

ပန်းချီဆရာတင်ဝင်း
အောင်အောင်
နိုဝင်ဘာ ၁၄၊ ၂၀၀၈

ပန်းချီကားချပ်ရဲ့ မျက်နှာပြင် ကင်းဗတ်စပေါ်မှာ အရောင်တွေကို တပြေးညီ ခြယ်ထားခြင်းမရှိဘဲ ဆေးစက်လေးတွေနဲ့ မျက်နှာပြင် အဖု၊ အကြမ်းလေးတွေကို ဖန်တီးထားပြီး ဗုဒ္ဓမျက်နှာတော်တွေကို အရောင်အနုအရင့် ခွဲထားတဲ့ လေးထောင့်စတုရန်းကွက်မျိုးတွေနဲ့တွဲပြီး နီးဝေးမြင်သဘော Space ရဲ့ သဘောတွေကို ခံစားစေဲ့ ပန်းချီဆရာကတော့ ပန်းချီဆရာ တင်ဝင်းပါ။

ဆရာဟာ ဗိဿနိုးပန်းချီပြခန်း တည်ထောင်သူတဦးလည်း ဖြစ်ပါတယ်။ ပန်းချီကားတွေကို နှစ်ပေါင်းများစွာကတည်းက တစိုက်မတ်မတ် ရေးဆွဲလာခဲ့ပြီး၊ လက်ရှိလည်း ပြည်တွင်းပြပွဲတွေသာမက ပြည်ပ ပန်းချီပြပွဲတွေမှာပါ သွားရောက် ပြသနေဆဲဖြစ်တဲ့ ဆရာတင်ဝင်းရဲ့ လက်ရာဟာ တမျိုး ဆန်းသစ်တဲ့ လက်ရာတွေ ဖြစ်ပါတယ်။

နံရံဆေးရေးပန်းချီနဲ့ ရိုးရာကောက်ကြောင်းတွေကို အခြေခံထားတဲ့ ရှေးခေတ်အဆက်ဆက်က ဗုဒ္ဓမျက်နှာတော် ပုံသဏ္ဌာန်တွေကို Space သဘောဆန်တဲ့ ဒြပ်မဲ့ဆေးစက်၊ စုတ်ချက်တွေနဲ့ ပေါင်းစည်း တင်ပြလေ့ ရှိပါတယ်။ ဆရာတင်ဝင်းရဲ့ ပန်းချီကားလက်ရာတွေက ဗုဒ္ဓဘုရားရှင်ရဲ့ မေတ္တာတရား၊ တည်ငြိမ်အေးငြိမ်းချမ်းမှုတွေရဲ့ နက်နဲ ကျယ်ပြောမှု၊ အဆုံးမဲ့မှု၊ လွတ်လပ်မှု စတဲ့ ခံစားမှုတွေကို ပေးစွမ်းနေတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

ဆရာတင်ဝင်း သုံးလေ့သုံးထရှိတဲ့ အရောင်တွေကတော့ အနီ၊ အနက်၊ နီညို၊ ရွှေရောင် နဲ့ တခါတရံ ရွှေဆိုင်းတွေကပ်ပြီး ပန်းချီကားတွေ ဖန်တီးတတ်ပါတယ်။ ဒါကြောင့် ဆရာတင်ဝင်းရဲ့ ပန်းချီကားတွေဟာ ပုံသဏ္ဌာန်အားဖြင့် ဆန်းသစ်ပြီး၊ ရိုးရာဟန်လည်း မပျောက်တဲ့ ပန်းချီလက်ရာတွေလို့ ပြောရမှာ ဖြစ်ပါတယ်။

ဆရာ ပန်းချီလောကထဲကို ဘယ်အချိန်လောက်က စပြီး အခြေချခဲ့တာလဲ။
ကျနော် ၁၉၇၀ မှာ မန္တလေး ပန်းချီ၊ ပန်းပုကျောင်းက ဆင်းတယ်။ နောက် ၁၉၇၂ လောက်မှာ ဆရာပေါ်ဦးသက်၊ ဖေညွန့်ဝေ၊ ကိုဘိုကြည်တို့နဲ့ပေါင်းပြီး ‘မိုးဦးပန်း’ ပန်းချီပြပွဲကစပြီး ပြဖြစ်ခဲ့ပြီး ပန်းချီလောကထဲ ရောက်လာတာပါ။

ပန်းချီစရေးတုန်းက ရေဆေးလား၊ ဆီဆေးလား။
ဆီဆေးပဲ ဗျ။ ဒါပေမယ့် ကျနော်က ရိုးရာလည်း စိတ်ဝင်စားလေတော့ ရေးကတည်းက နံရံပန်းချီလေးတွေ ဘာလေးတွေ ပါတယ်။ ပြီးတော့ ဆရာပေါ်ဦးသက်နဲ့ ဆက်နွှယ်နေတော့ သူတို့ပုံစံမျိုးလေးတွေပေါ့။ ဒါပေမယ့် အရောင်လေးတွေ အမြင်လေးတွေတော့ ကွဲအောင် ရေးပါတယ်။

လေ့လာခဲ့တဲ့ဆရာတွေက ဘယ်သူတွေလဲ။
အများကြီးပါပဲ။ ဆရာကြီးဦးကံညွန့် တို့၊ ဆရာကြီးဦးကျော်လေးတို့ နောက်ပြီး ဦးပေါ်ဦးသက်တို့ပေါ့။

ဘာကြောင့် ရိုးရာကောက်ကြောင်းတွေ အရေးများတာလဲ။
ဒီလိုဗျာ၊ ရိုးရာကောက်ကြောင်းဆိုတာ နံရံပန်းချီ ဗျ။ နံရံပန်းချီ ဆိုတာ အများကြီး ကျယ်ပြန့်ပါတယ်။ အဲဒီလိုဟာမျိုးတွေကို သဘောကျတယ်။ ကျနော်ကိုယ်တိုင်ကလည်း မြန်မာမှုတွေဖြစ်တဲ့ ပန်းချီတွေသာမကဘဲ ပန်းပုတို့၊ ကျေးလက်ပစ္စည်းတွေကိုလည်း ၀ါသနာပါတော့ ဒီဟာနဲ့ ဆက်နွှယ်နေတဲ့ ဟာလေးတွေ ရေးတာများပါတယ်။

အစောပိုင်းရေးခဲ့တဲ့လက်ရာတွေက ဘယ်လိုပန်းချီကားမျိုးတွေလဲ။
အစောပိုင်းတုန်းကတော့ ကျနော့်ဆရာတွေကလည်း မန္တလေးက ဆိုတော့ အသေးစိတ်လေးတွေဗျ။ Technique သုံးပြီး ရေးတာ။ ၁၉၇၂ ၀န်းကျင်ကလည်း Andrew Wyett တို့ ခေတ်စားနေတော့ Life တို့ Time တို့ထဲက ပုံသဏ္ဌာန်မျိုးလေးတွေ အရမ်းရေးကြတာပေါ့။

ဒီလိုဆိုရင် အခု ဆရာရေးနေတဲ့ ကားတွေကျတော့ Space တွေ၊ အရောင်တွေ၊ Texture ဆန်းဆန်းလေးတွေ သုံးပြီးရေးလာတာ ဘာကြောင့်လဲ။
ဒါကတော့ အသက်အရွယ်လည်း ပါတာပေါ့ဗျာ။ ရေးတုန်းကတော့ နည်းမျိုးစုံလည်း ရေးခဲ့ပြီးပြီ။ နောက်ပြီး ကျနော်ကိုယ်တိုင်ကလည်း အကုန်ကြိုက်တယ် ဗျ။ ဘယ်ဟာကြိုက်တယ် ဘယ်ဟာမကြိုက်ဘူး ဆိုတာ မရှိဘူး။ ကိုယ်လုပ်တတ်ရင်တော့ အကုန် လုပ်ကြည့်မှာပဲ။ ဒီလိုပဲ ရေးရင်း ရေးရင်းနဲ့ အမြင်အရ၊ အချိန်အရ၊ ပြောင်းလဲလာတာ ဖြစ်မှာပါ။

Beyond_Pinya_Period

ဆရာ့ပန်းချီကားတွေထဲမှာ ဗုဒ္ဓရုပ်ပွားတော်ပုံစံတွေ ရေးဆွဲတာ များပါတယ်။ ဘာကြောင့်လဲ။
တကယ်က ကျနော့်ကားတွေထဲမှာ အနုပညာ အတွေးအခေါ် ကြီးကြီးကျယ်ကျယ် ဘာတခုမှ မပါဘူး။ တချို့ဗုဒ္ဓရုပ်ပွားတော်အဟောင်းလေးတွေက ကျနော့်မှာရှိတယ်။ ဓာတ်ပုံရိုက်လိုက်တော့ Texture လေးတွေက လှတယ်။ နောက်ပြီး ကျနော် နိုင်ငံခြားတွေ ဘာတွေ ရောက်တဲ့အခါကျတော့ ကျနော့်ပန်းချီကားတွေ ရောင်းချင်တယ်။ ဒါပေမယ့် သူတို့ဆီက မော်ဒန်ကားတွေ မီဖို့ဆိုတာ မလွယ်ဘူး။ သူတို့က ဘ၀မြှုပ်ပြီး ရေးတာဆိုတော့ မီဖို့ မလွယ်ဘူး။ ဒါပေမယ့် သူတို့မော်ဒန်ပုံစံထဲကို ရိုးရာပုံစံလေး ပေါင်းလိုက်ရင် အရောင်လေးတွေ ပေါင်းလိုက်ရင် ပုံစံပြောင်းသွားမယ်။ ရောင်းလို့ရမယ် ဆိုတဲ့ စိတ်ကူးလေးပဲ ရှိတာပါ။ တခြား ဘာမှ မရှိပါဘူး။ ဘုရားမျက်နှာတော်တွေ ရေးတာကလည်း ဘရာဇိုတိုက်ထားတဲ့ မျက်နှာတော်က ပြောင်နေပြီး ဓာတ်ပုံရိုက်လိုက်တော့ လှတယ်။ ပန်းချီရေးချင်တယ်။ ဒါပါပဲ။ နောက်ကနေ အရောင်လေးတွေ ဘာလေးတွေ ထည့်လိုက်ရင် စိတ်ဝင်စားစရာ ကောင်းတယ်။ ရောင်းစားလို့ရတယ် ဆိုတာမျိုးပါပဲ။ တခြား ဘာမှ မပါပါဘူး။

အခုရေးဆွဲနေတဲ့ ပုံသဏ္ဌာန်ကနေ တခြား ပုံသဏ္ဌာန်တွေ ပြောင်းရေးဖို့ အစီအစဉ် ရှိပါသလား။
အတွေ့အကြုံလို့ ဆိုပါစို့ဗျာ။ တချို့ကျတော့ လက်နဲ့ လိုက်လုပ်တာ မဟုတ်ဘဲနဲ့ Technique ဆိုပါစို့။ အဲဒါတွေ စိတ်ဝင်စားတော့ ကင်းဗတ်ကြပ်ကတည်းက မြန်မာဖြစ်ကင်းဗတ်ကို သုံးပြီး ဆေးသုတ်ရင် ဘယ်လိုဖြစ်မယ်ဆိုတာက စပြီး စဉ်းစားတယ်။ ရေးတာကတော့ ဘုရားမျက်နှာတော်။ တခါတလေ ပန်းပုရုပ်တို့၊ ကလေးကစားစရာအရုပ်တို့ ဖြစ်ချင်ဖြစ်မယ်။ ဒင်္ဂါးပြားလေးတွေ ဖြစ်ချင်ဖြစ်မယ်။ ကျနော့်မှာ ပန်းချီဝါဒတွေ ဘာတွေ မရှိဘူး။ တခါတလေ အကြောင်းအရာ ပါချင်ပါမယ်။ တခါတလေ မပါဘူး။ စိတ်ကူးတည့်သလို ရေးတတ်ပါတယ်။

ဆရာ့ရဲ့ဖန်တီးမှုဖြစ်တဲ့ ဗုဒ္ဓမျက်နှာတော်နဲ့ နောက်က လေးထောင့်အရောင်ကွက်တွေ ပေါင်းပြီး ရေးတာ ဘယ်ခုနှစ်လောက်က စခဲ့တာပါလဲ။
၂၀၀၂ လောက်ကစပြီး ရေးခဲ့တာပါ။ ငယ်ငယ်တုန်းကတော့ မျက်နှာတော်ကြီးပဲ တည့်တည့်တို့ ဘေးတိုက်တို့ ရေးခဲ့ပါတယ်။ ဒီဘက်ကျတော့မှ ဒီပြင်အရောင်တွေနဲ့ ပေါင်းပြီး ရေးလာတာပါ။ ပိုပြီး စိတ်ဝင်စားလာအောင်ပေါ့။ တချို့ကျတော့ ပန်းချီကားမှာ Mixed Medium တို့ Acrylic တို့ ရေးကြတယ်။ ကျနော်ကျတော့ ပန်းချီကားမှာ ရွှေဆိုင်းလေးတွေ ချထားတာ ကြိုက်တယ်။ အင်္ဂလိပ်လိုဆိုရင်တော့ Gold Leave on oil & Acrylic on canvas ဆိုတော့ ရွှေပါရင် ပိုပြီး အထင်ကြီးတာပေါ့ဗျာ။ နောက်ပြီး သုံးထားတဲ့ အရောင်တွေကတော့ ကျနော်တို့ ကျောင်းကန်ဘုရားတွေ၊ ယွန်းတွေဆိုရင် အနီ၊ အနက်၊ ရွှေ ဆိုရင် သိပ်ကြည့်ကောင်းတာဗျ။ ဘုရားဆိုရင်လည်း ရွှေဆိုင်းတွေ ဘာတွေကပ်၊ အောက်က ဟင်္သာပြဒါးဆိုရင် ကြည့်ကောင်းတယ်ဗျ။ အဲဒါလေးကို သဘောကျလို့ ကျနော့်ပန်းချီကားဆိုရင် အဲဒီလို အရောင်လေးတွေ တွဲတတ်ပါတယ်။ မြန်မာကြိုက်ပေါ့ဗျာ။ ရွှေပါတာကတော့ ရွှေကို ခံစားလို့ ဘာလို့ မဟုတ်ပါဘူး။ ပန်းချီကားမှာ ရွှေပါတော့ ရောင်းရတာပေါ့ဗျာ။

ဆရာ့ကို ဇီးကွက်တင်ဝင်းလို့လည်း လူသိများတယ်ဆိုတော့ ဇီးကွက်တင်ဝင်းဖြစ်လာပုံလေး။
ဒီလိုဗျ၊ အစောပိုင်းမှာ ‘မိုးဦးပန်း’ စပြတာပေါ့။ ၁၉၇၂ လောက်ကပေါ့။ ကိုစိုးမိုး၊ ဖေညွန့်ဝေ၊ ကိုဝသုန်တို့နဲ့ပေါ့။ ကျနော်က အဲဒီတုန်းက ဇီးကွက်စီးရီးလေးတွေ ရေးတယ်။ အဲဒီတော့ ပြပွဲတွေမှာ ဇီးကွက်ပန်းချီကားလေးတွေ တကားနှစ်ကား အမြဲပါတယ်။ ပွဲတိုင်းလိုလို ပါတယ်။ ပွဲတိုင်းပါတော့ ကျနော့်ကို နောက်ပြီး ခေါ်ကြတာပေါ့။ ဒီပြင်လူတွေကိုလည်း ခေါ်ကြတယ်။ ဖေညွန့်ဝေဆိုရင် နွားတွေဆွဲလို့ နွားဖေညွန့်ဝေလို့ ခေါ်ကြတယ်။ ကျနော့်ကျတော့ ဇီးကွက်တင်ဝင်းပေါ့။ ကိုပေါ်ဦးကျတော့ ကျနော်တို့ခေါ်တာ ကျောင်းကန်ဘုရားပေါ်ဦးသက်၊ ဦးစံဝင်းဆိုရင် အဝေးဘုရားစံဝင်း လို့ ခေါ်ကြတယ်။ အဲဒီလို နောက်ပြောင်ပြီး ခေါ်ကြတာပါ။

မြန်မာပန်းချီလက်ရာတွေရဲ့ ဈေးကွက်နဲ့ ပတ်သက်လို့ ဘယ်လိုလုပ်သင့်တယ်လို့ ထင်ပါသလဲ။
တချို့ပြောသလို မြန်မာပန်းချီကား မြန်မာတွေဝယ်အောင် ဘယ်လိုလုပ်ကြမလဲပေါ့။ ဒါကတော့ ချမ်းသာရင် ၀ယ်ကြမှာပေါ့လေ။ ချမ်းသာပြီး မြတ်နိုးတတ်၊ စုဆောင်းတတ်ရင် ၀ယ်ကြမှာပေါ့လေ။ နောက်တခုကတော့ အသေးစိတ်ရေးတာကို ကြိုက်တယ်။ အရုပ်မပါတာကို မကြိုက်ဘူး။ စသည်ဖြင့် ပြောကြဆိုကြ။ ကျနော်မြင်တာကတော့ ကိုယ်ကြိုက်ရာ ကြိုက်ရာပေါ့ဗျာ။ ကိုယ်ကြိုက်တာ လုပ်နေကြရင် ပျော်စရာ ကောင်းပါတယ်။ ။

(မူရင်း - ဟန်သစ် မဂ္ဂဇင်း၊ ၂၀၀၄ ဒီဇင်ဘာ)

Beyond_Bagan_Period

ဗိဿနိုးတင်ဝင်း၏ ပန်းချီပြပွဲသတင်း ဖတ်ရန် Moemaka ကို နှိပ်ပါ


Comments