Win Pe Bag - 7

(အသံ နားဆင်လိုပါက ဤနေရာ ကို နှိပ်ရန်)


ဝင်းဖေလွယ်အိတ် အမှတ် ၇
မင်းသားကြီး ဦးထွန်းဝေ
ဝင်းဖေ
နိုဝင်ဘာ ၁၂၊ ၂၀၀၈

သောတရှင်များခင်ဗျား


ပြီးခဲ့တဲ့အပတ်က ရုပ်ရှင် သဘာဝမင်းသားကြီး ဦးထွန်းဝေကို ကျနော်က လေးလေးထွန်းဝေ လို့ ခေါ်ပြီး မင်းသားကြီးကတော့ ကျနော့်ကို ဆရာကြီးလို့ခေါ်ကြောင်း ပြောပြခဲ့ပါတယ်။ ဒါကလည်း ကျနော်ဟာ အနုပညာ ပန်တျာနဲ့ အကကျောင်းမှာ ကျောင်းအုပ်လုပ်ခဲ့တာမို့ လေးလေးအနေနဲ့ ကျနော့်ကို ဆရာကြီးလို့ နှုတ်ကျိုးနေခဲ့တာဖြစ်ပါတယ်။ ရုပ်ရှင်မျိုးရိုး အဆက်အစပ် မရှိတဲ့ ကျနော့်ကို ၀ါရင့် ရုပ်ရှင်ပညာရှင်ကြီး ဦးထွန်းဝေက ဆရာကြီးလို့ ခေါ်တဲ့အတွက် ရုပ်ရှင်နယ်အတွင်း ကျနော့် အစောပိုင်းကာလတွေမှာ အတော်ကြီးကို လုံခြုံမှု ရှိခဲ့ပါတယ်။

ဦးထွန်းဝေဟာ တရုတ်ဗမာကပြား ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ့ယဉ်ကျေးမှု နဲ့ တရုတ်ယဉ်ကျေးမှုကို အထူး လေးစား ဦးထိပ်ထားပါတယ်။ တရုပ်စကား သုံးလေးမျိုးကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်သလို မြန်မာစကားကိုလည်း အလေးအနက် ပြောတတ်သူဖြစ်ပါတယ်။ မင်းသားကြီးဦးထွန်းဝေဟာ နောက်ပေါ် ရုပ်ရှင်မင်းသားတွေက စကားပြောအရာမှာ စံထား အတုယူကြရတဲ့ စံပြအပြောကောင်းသူဖြစ်ပါတယ်။ မြန်မာစကား ပီပြင်ပြီး စာပေါင်ပဲ့အောင် ပြောနိုင်သူဖြစ်ပြီး ခံစားချက်တွေနဲ့ ကိုက်ညီအောင်လည်း ပြောနိုင်သူဖြစ်ပါတယ်။

ကျနော် မန္တလေးကနေ ဖောင်ဖျက်ပြီး ရုပ်ရှင်နယ်ထဲဝင်ဖို့ ရန်ကုန်ကိုပြောင်းလာတော့ သူနဲ့ တရပ်ထဲနေဖို့ အိမ်ကအစ စီစဉ်ပေးတာ မင်းသားကြီးပဲ ဖြစ်ပါတယ်။ နောက် ဖုန်းရော ရုံးသုံးပရိဘောဂတွေပါ အပြည့်အစုံရှိတဲ့ သူ့ရုံးခန်းကို ကျနော့်ရုံးခန်းအဖြစ် သုံးဖို့ အခမဲ့ ခွင့်ပြု၊ ကြည့်ရှု စောင့်ရှောက်ခဲ့သူဟာလည်း မင်းသားကြီး ဦးထွန်းဝေပဲ ဖြစ်ပါတယ်။

ကျနော့် ဒုတိယကားဖြစ်တဲ့ “မဟူရာ”ကို မင်းသားကြီးပိုင် ကုမ္ပဏီက ထုတ်လုပ်ခွင့်ပြုခဲ့ပါတယ်။ မဟူရာရိုက်လို့ သုံးရက်မြောက်တဲ့နေ့မှာပဲ ကဒ် တကဒ်ကို သုံးခါပြန် အစမ်းလုပ်ကြည့်ပြီးတော့မှ တကယ်ရိုက်တော့မယ်လို့ ပြင်ဆင်တဲ့အခါမှာ လေးလေးထွန်းဝေက နောက်တခေါက်ထပ်ပြီး အစမ်းလေ့ကျင့်ပါရစေလို့ တောင်းဆိုပါတယ်။ သူပြောတဲ့အတိုင်း လုပ်ခွင့်ပေးလိုက်တော့ သူနဲ့ အတူ အိုက်တင်လုပ်ကြရတဲ့ အစ်ကိုကြီး ကောလိပ်ဂျင်နေ၀င်းနဲ့ ကိုကျော်ဟိန်းတို့လည်း သိသိသာသာကြီးကို ပိုကောင်းလာတာကို တွေ့ရပါတယ်။

အဲဒီညနေက ရိုက်ကူးရေးပြီးတော့ သူ့အိမ်မှာ ကျနော့်ရဲ့ ပျော့ကွက်ကို ထောက်ပြပါတယ်။ ကျနော်ဟာ အားနာတတ်တယ် တဲ့။ ပြီးတော့ ရသမျှနဲ့ ရောင့်ရဲတတ်တယ် တဲ့။ ရုပ်ရှင်ရိုက်တဲ့နေရာမှာ အဲဒီလို အားနာတတ်ရင် ရသမျှနဲ့ ရောင့်ရဲတတ်ရင် ကိုယ့်အတွက်ရော အများအတွက်ပါ အများကြီး နစ်နာနိုင်တယ် လို့ ရှင်းပြ၊ အကြံပေးပါတယ်။ ကျနော့်အတွက်တော့ တသက်လုံး သုံးသွားဖို့ အလွန် တန်ဖိုးကြီးတဲ့ သတိပေးအကြံပြုချက်တခုကို ရလိုက်တာပါပဲ။

မဟူရာဇာတ်ကား ဇာတ်သိမ်းပိုင်း ရိုက်ရာမှာတော့ ကောလိပ်ဂျင်နေ၀င်းက သူ့ကို သေနတ်နဲ့ သုံးချက်ဆက်တိုက်ပစ်အပြီး သူ့ရင်အုံ သုံးချက်ပွင့်ထွက်သွားအပြီး ကောလိပ်ဂျင်ကို ရိုက်သတ်အပြီး စကားတောင် မပြောတတ်သေးတဲ့ မြေးကလေးကို သွေးရူးသွေးတမ်းနဲ့ မှာကြား၊ ပြောဆိုတဲ့ အခန်းကို ကျနော်က ဘာ အစမ်းမှ လေ့ကျင့်မနေတော့ဘဲ တောက်လျောက် ရိုက်ပါတယ်။ အချိန်က နေ၀င်တော့မှာမို့ အချိန်ကို လုလိုက်တာလည်း ဖြစ်ပါတယ်။ လေးလေးရဲ့ ပညာကို ယုံလို့လည်း ပါပါတယ်။ အလွန်လည်း အောင်မြင်လိုက်ပါတယ်။ ဒါပေမယ့် အဲဒီညနေ အိမ်ပြန်ရောက်ကြတော့ လေးလေးက ကျနော့်ကို ဖွင့်ပြီး ချီးကျူးပါတယ်။ အဲဒီလို အခန်းမျိုးမှာ ပျက်ခါမှ ပျက်ကရော၊ ဒီလိုကို တောက်လျောက် လုပ်ခွင့်ပေးသင့်ကြောင်း၊ အစမ်းလေ့ကျင့်တာတွေ လုပ်မနေသင့်ကြောင်း ရှင်းပြရင်းနဲ့ အားပါးတရ ပြောရှာပါတယ်။ ဒါပေမဲ့ အဲဒီအခန်းကို စစ်အစိုးရဆင်ဆာက ဖြတ်တောက်ပစ်လိုက်ပါတယ်။

အဲဒီ မဟူရာ ကားထဲမှာပဲ ကျနော်က မြန်မာတွေ လက်ဖက်စားပုံကို ပီပီပြင်ပြင် ပြချင်လို့ လေးလေးကို လက်ဖက်စားခန်း ရိုက်ပါတယ်။ လေးလေးက တကယ့် ပီဘိ ရှေးဗမာကြီးတယောက် လက်ဖက်စားနေတာလို ပိုင်ပိုင်နိုင်နိုင် လက်ဖက်စားပြသွားပါတယ်။ လေးလေးဟာ နေရာတကာမှာ မြန်မာ အလွန်ဆန်တာ မှန်ပေမယ့် လက်ဖက်မကြိုက်သူ၊ စားလေ့စားထ မရှိသူ၊ စားကျင့်မရှိသူ ဖြစ်ပါတယ်။ ဒါပေမယ့် သဏ္ဌာန်လုပ် သရုပ်ဆောင်တဲ့နေရာမှာ အလွန် ပီပြင်လှပါတယ်။

မင်းသားကြီး ဦးထွန်းဝေဟာ အကယ်ဒမီဆုများရှင်တယောက်ဖြစ်ပါတယ်။ သူ့ကို အားကျ စံထားပြီး ရုပ်ရှင်နယ်မှာ အောင်မြင်လာကြသူတွေလည်း အများကြီးရှိပါတယ်။ လေးလေးရဲ့ ရုပ်ရှင်လုပ်သက်ဟာလည်း ရာစုနှစ် ထက်ဝက်လောက် ဖြစ်ပါတယ်။ ဒါပေမယ့် ရုပ်ရှင်စိန်ရတုသဘင် ဆင်ယင်ကြတဲ့အခါမှာတော့ စစ်အာဏာရှင် အစိုးရက ဦးဆောင်တာမို့ ရုပ်ရှင်သမိုင်းမှာ ဦးထွန်းဝေကို ချန်လပ်ထားခဲ့တာကို တွေ့ရပါတယ်။ မြန်မာရုပ်ရှင်သက် ၇၅ နှစ်မှာ နှစ်ပေါင်း ငါးဆယ်လောက် လွှမ်းမိုး ထင်ရှားခဲ့တဲ့ ရုပ်ရှင်မင်းသားကြီးတယောက်အကြောင်း မပါဘဲ မြန်မာရုပ်ရှင်သမိုင်းဟာ ဘယ်လိုမှ အင်္ဂါမစုံနိုင်ပါဘူးလို့ ရုပ်ရှင်ပညာသည်တွေနဲ့ လူထုက ကောင်းကောင်းကြီး မှတ်ချက်ပေးခဲ့ကြပါတယ်။

မင်းသားကြီးကို တချိန်က ရက်ပေါင်းငါးရာတိတိ နိုင်ငံရေးအကျဉ်းသားအဖြစ် ထောင်ချ အပြစ်ပေးခဲ့ဖူးပါတယ်။ မေးကြည့်တော့ သူ့ကို ပေါင်းတည်မြို့ စစ်ခေါင်းဆောင်ကြီးမွေးတဲ့အိမ်နဲ့ ငါးအိမ်အကွာမှာ မွေးခဲ့လို့ အခုလို ရက်ပေါင်းငါးရာ ထောင်ချခံခဲ့ရတာဖြစ်တဲ့ကြောင်း၊ ဆယ်အိမ်ကွာမှာ မွေးရင် ရက်ပေါင်းတထောင် ခံရနိုင်ကြောင်း ရယ်မော ပြောဆိုပါတယ်။ စစ်ခေါင်းဆောင်ကြီးရဲ့ ငြိုးမာန်ဖွဲ့မှု ပါနေကြောင်း သွယ်ဝိုက် ပြောပြသွားတာ ဖြစ်ပါတယ်။ နောက်မှ လေးလေးထွန်းဝေအကြောင်း ကြုံသလို ပြောပြပါဦးမယ်။

ကျန်းမာ ချမ်းသာကြပါစေ။ ကျနော် ၀င်းဖေပါ။ ။

(မူရင်း - ဘီဘီစီ၊ မြန်မာဌာန)

Comments