
မေမေနဲ့ စကားပြောခြင်း
အောင်ဒင်
ဒီဇင်ဘာ ၁၉၊ ၂၀၀၈
ဒီကနေ့
မေမေနဲ့ စကားပြောဖြစ် တယ် ။
အံ့ဩမိရဲ့
မိုင် တ သောင်းကျော် အကွာအဝေးက
တယ်လီဖုန်း အသံလှိုင်းတွေဟာ
စကားလုံးတွေကို သာမက
ချစ်ခြင်းမေတ္တာ ကိုပါ သယ်ဆောင်ပေးကြ ။
ကြည်နူးမိရဲ့
အနှစ် လေး ဆယ်ကျော် အိုမင်းခဲ့တဲ့ သံယောဇဉ်
နူးညံ့ နက်ရှိုင်း ရှင်သန် နေဆဲ
ဘဝ ရဲ့ မုန်တိုင်းတွေ ကြားထဲ .. ။
အခက်ခဲဆုံး စိန်ခေါ်မှုတွေကို ရင်ဆိုင်ရတော့
ကျနော့ရဲ့ အခိုင်မာဆုံး အားပေးသူဟာ မေမေပေါ့ ။
အဆိုးဝါးဆုံး နှစ်တွေကို အပြိုပြို အလဲလဲ ဖြတ်သန်းရတော့
ကျနော့ကို ခိုင်မတ်စေခဲ့တာ မေမေပေါ့ ။
ပထမဆုံး ရင်းနှီးချစ်ခင်ရသူ
ပထမဆုံး အားထားကိုးကွယ်ရသူ
ဘဝ တလျှောက်လုံး ယုံကြည်ရဲ ခဲ့ရသူ
နောက်တော့လဲ …..ချန်ခွဲ ထားရစ် ခဲ့ရသူ ။
ကြေကွဲမိရဲ့
မေမေ့ရဲ့ အထီးကျန်ဆုံး နေ့ရက်တွေမှာ
ကျနော် တတ်နိုင်တာက
မိုင် တ သောင်းကျော် အကွာအဝေးက
ပြတ်တောင်းတုန့်ဆိုင်း အသံလှိုင်းများသာ … ။ ။
ဒီဇင်ဘာ ၁၅၊ ၂၀၀၈
(illustation extracted from Ko Ko Naing - 2006 works from Mahaythi Magazine)
Comments