Burmese in US to welcome 2009 with Stage Shows

၂၀၀၉ နှစ်ကူးတွင် အမေရိကန်က မြန်မာတို့ ကပွဲများနှင့် ကြိုမည်

မိုးမခ အထောက်တော် ၀၀၂

ဒီဇင်ဘာ ၂၅၊ ၂၀၀၈

မြန်မာပြည်က ၆၁ နှစ်မြောက် နှစ်ပတ်လည် လွတ်လပ်ရေးနေ့က ဇန်န၀ါရီ ၄ ရက်မှာ ကျရောက်မှာ ဖြစ်ပြီး အဲဒီ စနေနဲ့ တနင်္ဂနွေ ရက်သတ္တပတ်မှာ အမေရိကန်ရောက် မြန်မာတွေက ကပွဲများ၊ အငြိမ့်ပွဲများနဲ့ အထိမ်းအမှတ်ပြုကြမယ် ဖြစ်ပါတယ်။


ဇန်န၀ါရီ ၃ ရက်နေ့မှာ အမေရိကန်အရှေ့ဖက်ခြမ်း ၀ါရှင်တန်ဒီစီရောက် မြန်မာမိသားစုများက ၆၁ နှစ်မြောက် လွတ်လပ်ရေးနေ့နဲ့ ၈၈ နှစ်မြောက် ရန်ကုန်တက္ကသိုလ်မွေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ကျင်းပမယ်လို့ သိရပါတယ်။ စာပေနဲ့ အနုပညာရှင်တွေဖြစ်တဲ့ ဒါရိုက်တာဦးဝင်းဖေ၊ ကဗျာဆရာ မောင်စွမ်းရည်၊ တေးသံရှင် မာမာအေး၊ ကဗျာဆရာ အောင်ဝေးနဲ့ စန္ဒယား အောင်ဝင်းတို့ကို ဖိတ်ကြားပြီး ဟောပြောပွဲပြုလုပ်မှာ ဖြစ်သလို သီချင်း၊ အက၊ ပြဇာတ်တို့နဲ့ တင်ဆက် ဖျော်ဖြေကြမယ်လို့ ဆိုပါတယ်။ (ကိုရင်အေး၊ ဖုံး - ၃၀၁ ၉၀၅ ၇၅၉၁)


အဲဒီ တရက်တည်းမှာပဲ နယူးယောက်က မြန်မာမိသားစုများက ပြည်တွင်းက နိုင်ငံရေးအကျဉ်းသားတွေကို ကူညီရန် ရန်ပုံငွေပွဲတရပ် ကျင်းပမယ်လို့ ပြောပါတယ်။ အဲဒီပွဲကို ဦးဆောင်သူတွေကတော့ ဘားမားပွိုင့်အဖွဲ့လို့ ဆိုပါတယ်။ မြန်မာ့အရေး မှတ်တမ်းတင် ရုပ်သံ တင်ဆက်ခြင်း၊ မြန်မာ့အရေးတို့ကို တင်ပြဆွေးနွေးခြင်းတို့ ပြုလုပ်မယ်လို့ သိရပါတယ်။ (ဘားမားပွိုင့်၊ ဖုံး - ၇၁၈ ၃၉၆ ၁၄၆၄)


ဇန်န၀ါရီလ ၄ ရက်နေ့မှာတော့ အမေရိကန် အနောက်ခြမ်း လော့အိန်ဂျလိစ်က မြန်မာမိသားစုတွေက “သီးလေးသီးနဲ့ ဆေးရောင်စုံ အငြိမ့်အဖွဲ့” နဲ့ ပဒေသာကပွဲတခု ကျင်းပမှာ ဖြစ်ပါတယ်။ (ကိုသူရ - ၇၁၄ ၃၃၁ ၅၈၀၄)

Comments