
ပိန်းပိတ်အမှောင်၊ ချောအိသိမ်း နဲ့ …
မေငြိမ်း
ဒီဇင်ဘာ ၁၅၊ ၂၀၀၈
အဲဒီညမှာ ကျမကိုယ်တိုင် ပိန်းပိတ်နေတဲ့ အမှောင်တိုက်ထဲ ပြန်ရောက်သွားပါတယ်။ အဲဒီ အမှောင်တိုက်ထဲကနေ.. ကျမ ကိုယ်လွတ်ရုန်းခဲ့တာ ခုဆို ၄နှစ်တောင် ကျော်ခဲ့ပြီ။ ဒါဖြင့် အဲဒီ အမှောင်တိုက်ထဲက လွတ်ပြီတဲ့လား..။
ချောအိသိမ်းရဲ့ အမှောင်ထဲက လှမ်းနေတဲ့ လက်တွေက ကျမရဲ့ လွတ်မြောက်တယ်လို့ ထင်ယောင်မှုကို ပုတ်နှိုးပါတယ်။ ပြီးတော့ အ၀ကျဉ်း အိုးတလုံးထဲက ပြွတ်သိပ်နေတဲ့ အသက်မဲ့ မျက်နှာတွေ.. ဒါပေမဲ့ မျက်လုံးတွေကတော့ ကြောက်စရာကောင်းလောက်အောင် ရှင်သန်လို့။ အဲသလိုပဲကဲ.... ကျမတို့ ဗမာနိုင်ငံသားတွေ ဘယ်သူ တကယ် လွတ်မြောက်နေပါသလဲ..။ ကျမတို့ ခေါ်ဝေါ်နေတဲ့ လွတ်မြောက်နယ်မြေဆိုတာကရော...။ ကိုယ့်တိုင်းပြည်နဲ့ အဝေးကြီးမှာ နေနေတာဆိုတဲ့ ဗမာပြည်သားတွေရော...။ တကယ်ပဲ စိတ်ရော ကိုယ်ပါ လွတ်မြောက်နိုင်ကြ သတဲ့လား...။
အခါများစွာမှာ ...
ပကတိ တိတ်ဆိတ်နေခြင်းတွေက ကြောက်စရာအကောင်းဆုံး ကြွေးကြော်သံကြီးတခုကို ဖြစ်စေနိုင်တယ်..။ ကျမယုံတယ်။
အခါများစွာမှာ …
အတင်းအကျပ် တုတ်နှောင်ခံထားရခြင်းတွေက အံ့သြစရာအကောင်းဆုံး လွတ်မြောက်မှုကြီး တခုကို ဖြစ်စေနိုင်တယ်..။ ကျမယုံတယ်။
အခါများစွာမှာ …
ပိန်းပိတ်အောင် မှောင်မိုက်ခြင်းတွေက အတောက်ပနိုင်ဆုံး အလင်းကြီးတခုကို ဖြစ်ထွန်းစေနိုင်တယ်..။ ကျမယုံတယ်။
အခါများစွာမှာ …
အကြိမ်များစွာ ပြိုလဲခဲ့ရခြင်းတွေက အခိုင်မာဆုံး ထူမတ်မှုတခုကို ဆောက်တည်ပေး နိုင်တယ်..။ ကျမယုံတယ်။
အခါများစွာမှာ...
ကမ်းလင့်တောင်းခံနေကြတဲ့ လက်တွေက အားအကြီးဆုံး ပိုင်ဆိုင်မှုကို ရနိုင်တယ်..။ ကျမယုံတယ်။
အဲသလို ယုံကြည်မှုကိုပဲ ချောအိသိမ်းရဲ့ ပန်းချီကားတွေထဲမှာ... အနုပညာထဲမှာ... ကျမ ခံစားရနေတယ်။ သံကြိုးတည်း တုပ်နှောင် ခံထားရတာတောင်မှ လက်သီးဆုပ်မပျက်တာ... ခေါင်းမတ်မပျက်တာ.. ကျမတို့ လူထုခေါင်းဆောင် နိုင်ငံရေးအကျဉ်းသားတွေကိုယ်စား ပြောပြနေတဲ့ အနုပညာ။
ပြီးတော့ လက်ရှိအချိန်လေးမှာ ရှိနေတဲ့ ကျမတို့ နိုင်ငံသားတွေရဲ့ ခေတ်ပြိုင်ခံစားမှု။ ဘုရား တရား သံဃာ သည်သာ ခိုကိုး အားထား ဖက်တွယ်ရာ.. ဆိုတာကို သာသနာ့အလံ နောက်ခံ … သင်္ကန်းရောင်နောက်ခံတွေနဲ့ လက်တွေရဲ့ ပူဇော်အားကိုးငံ့လင့်မှု။
ဘုရားရှင်ကိုယ်တော်မြတ် ကို အားကိုးတကြီးဖက်တွယ်နေတဲ့ လက်တွေ..။ ပြီးတော့ မှောင်အတိကျနေတဲ့ ငမိုက်သားတွေရှေ့မှာ ရင်ဆိုင်ရပ်နေတဲ့ ရွှေဝါရောင် သင်္ကန်းရဲ့ ခိုင်မာတည်ကြည်မှု ...။ တကယ်ကို ရဲရဲပပ။
သင်္ကန်းတွေ သွေးစွန်းခဲ့ရတဲ့ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးဟာ ပန်းချီဆရာမကို တော်တော် ထိထိခိုက်ခိုက် ရိုက်ခတ်ပုံရပါတယ်။ စက်တင်ဘာခံစားချက်ကို ရင်ဖွင့်ထားတဲ့ အလျား ၆ မီတာ အနံက တမီတာခွဲရှိတဲ့ နံရံပြည့်ပန်းချီကားက သက်သေပေါ့။
ပန်းချီဆရာမ ကတော့ ဘယ်လောက်ပဲ နာကျင် ပင်ပန်း ဆင်းရဲပါစေ.. ချိုးဖြူငှက်ကလေးကိုသာ အန်ထုတ် ပေးလိုက်ချင်တော့တာကိုလည်း တွေ့ရတယ်...။
နာဂစ်ရဲ့ နောက်ဆက်တွဲ နာကျင်မှုတွေကလည်း.. တိတိကျကျ ဖော်ပြရခက်တဲ့ ဝေဒနာ... ငရဲဆန်ဆန်။ ကြည့်နေရင်းနဲ့ကို ကိုယ်ပါ နာနာကျင်ကျင် စူးစူးဝါးဝါး အော်ဟစ် ငိုကြွေးပစ်လိုက်ချင်လာတဲ့ နာဂစ်... ကိုလည်း ပန်းချီဆရာမက ပြခဲ့တယ်။
ချောအိသိမ်းက ခေတ်ကို မှတ်တမ်းတင်ရာမှာ တာဝန်ကျေပုံကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ၃၀ရက်နေ့ည ကောင်းကင်မှာ ကြာသပတေးကြယ် သောကြာကြယ်နဲ့ လတို့ ရှားရှားပါးပါး တိုက်တိုက်ဆိုင်ဆိုင် နီးနီးလေး ထွန်းလင်းနေခဲ့ကြတာကို ကြည့်ပြီး ကျမတို့ မြန်မာပြည်သူတွေက အတိတ်နိမိတ်ကောင်းရယ်လို့ ရင်ခုန်မျှော်လင့်ခဲ့ကြတာကိုပါ အချိန်မီ ပန်းချီရေးလို့ မှတ်တမ်းတင်ထားတာပါ တွေ့ရပါသေးတယ်။
ဘယ်လိုပဲဖြစ်ဖြစ်.. အနုပညာဟာ ခေတ်ကို ပြတယ်.. ခေတ်အပေါ် တာဝန်ကျေတယ်.. ခေတ်ကို ခံစားတယ်။
ဒါကြောင့်ပဲ အနုပညာသမားတွေဟာ ခေတ်နဲ့အတူ နာကျင် ကြေကွဲကြ … ခေတ်နဲ့အတူ လိုက်ပါပျော်ရွှင်ကြ ...
ခေတ်နဲ့ အတူ … … …
ချောအိသိမ်းက သူ့ Self portrait မှာ ပါးစပ်နေရာမှာ မျက်လုံးကို ထည့်ခဲ့တယ်...။ အင်းး ပန်းချီဆရာဆိုတာ... မျက်လုံးတွေကို ပြောပြနေရတာလား..။ မျက်လုံးတွေနဲ့ ပြောပြနေ တာလား ...။ သေချာတာတော့ ပန်းချီဆရာပြောသမျှကို ကျမတို့က မျက်လုံးတွေနဲ့ ကြားနေရတာ သေချာတယ်။ အဲဒီမှာ … … စကားလုံးတွေအများကြီး ကျမ တွေ့တယ်။
ချောအိသိမ်းက
ဒါဟာ သူ့အလုပ်ပါ.. ပြီးတော့ အနုပညာသမားရဲ့ အလုပ်ပါ..။ ကျမတို့နဲ့ ခေတ်ပြိုင်လို့ ဆိုနိုင်တဲ့ ၁၉၆၉ခုနှစ်မှာ မွေးဖွားရှင်သန်ခဲ့တဲ့ ချောအိသိမ်းက ကျမတို့ရဲ့ ခေတ်အပေါ် သူတတ်နိုင်တာကို ပေးခဲ့ပါပြီ။ ကျမတို့လည်း သူပေးတဲ့အထဲက တတ်နိုင်သလောက် ရယူခဲ့ပါပြီ။ အဲဒီအခါ ကျမတို့ရဲ့ ခေတ်ကို တတ်နိုင်သလောက် လှပကောင်းမွန်အောင် မွမ်းမံပေးကြဖို့အတွက် ဆက်ပြီး ကြိုးစားဖြစ်ဖို့ လက်တို့ချင်လို့ ဒီစာကို ရေးဖြစ်တာပါပဲ။
သေချာတာကတော့ In this dark and closed space Exhibition အတွက် ချောအိသိမ်းနဲ့
(မှတ်ချက်.. ဒီဆောင်းပါးက ပန်းချီဆရာမရဲ့ အမြင်မဟုတ်ပါ.. ပြပွဲကြည့်သူ ကျမရဲ့ ခံစားချက် သက်သက်သာ ဖြစ်ကြောင်း)
မေငြိမ်း။ ၁၅ ဒီဇင်ဘာ ၂၀၀၈။ ဇင်းမယ်။
Comments