မိုးမခ က ယူနီကုတ် ၅.၁ စနစ်သုံး မြန်မာစာလုံးနှင့် စမ်းသပ် ဆိုက်တခု ထုတ်လွှင့်
မိုးမခ
ဒီဇင်ဘာ ၁၇၊ ၂၀၀၈
၂၀၀၈ နှစ်ကုန်ခါနီးတွင် မိုးမခက ၀က်ဆိုက်တခု တိုးချဲ့ပြီး ယူနီကုတ် ၅.၁ စနစ်သုံး မြန်မာစာလုံးနှင့် သတင်း ဆောင်းပါးများကို တင်ဆက်မည် ဖြစ်သည်။ လက်ရှိ ဆိုက်များ၊ ဘလောက်များတွင် ပုံမှန် ဆက်လက်တင်ဆက်နေမည့်အပြင် ထို ဆိုက်အသစ်တွင် စာမူများကို စာလုံးစနစ်အသစ်နှင့် ကူးယူ တင်ပြထားမည်။
၂၀၀၇ နှစ်ဆန်းက စတင်ပြီး မိုးမခ၀က်ဆိုက်တွင် ယူနီကုတ် မြန်မာစာလုံးစနစ် စတင်သုံးစွဲခဲ့ရာ မြန်မာအိုင်အက်စ်ပီအဖွဲ့၏ ဘီအိုင်တီဖောင့်ကို သုံးခဲ့သည်။ ၎င်းနောက် ၂၀၀၇ စက်တင်ဘာနောက်ပိုင်း ပြည်တွင်းနှင့် ဘလော့ဂါများအကြား လူကြိုက်များသော ဇော်ဂျီဖောင့်ကိုပါ ပူးတွဲ အသုံးပြုခဲ့သည်။ ယခု ၂၀၀၉ အတွက် ကြိုတင်ပြင်ဆင်သည့်အနေနှင့် ယခုပေါ်လာသည့် စနစ်သစ်ဖောင့်ကို စမ်းသပ်ဆိုက်တွင် ပူးတွဲ တင်ဆက်ရန် စီစဉ်ခြင်းဖြစ်သည်။
နည်းပညာအရ ကူညီသည့်အဖွဲ့မှာ သံလွင်ဆော့ဖ် အဖွဲ့ဖြစ်သည်။ ထူးခြားချက်တခုမှာ စနစ်သစ်ဖောင့် မရှိသည့် ကွန်ပျုတာများဖြင့် ထိုဝက်ဆိုက်ကို ကြည့်ရှုပါက ထိုဖောင့်ကို ကူးယူခြင်း ပြုလုပ်စရာမလိုဘဲ ဂျာဗားနည်းစနစ်တခုက မြန်မာစာလုံးကို ဂရပ်ဖစ်ပုံစံများအဖြစ် ပြောင်းလဲပေးမည်ဖြစ်ရာ စာဖတ်သူတို့အတွက် အဆင်ပြေလွယ်ကူစေမည် ဖြစ်သည်။
စိတ်ဝင်စားသူတို့အနေနှင့် http://MoeMaKa.Info သို့ သွားရောက် လည်ပတ်နိုင်ပြီ ဖြစ်သည်။
Comments