တာရာဝေယံ
(မိုးမခ ဓာတ်ပုံ)
ဒီဇင်ဘာ ၃၁၊ ၂၀၀၈
မြန်မာစာနယ်ဇင်း သရုပ်ဖော်ပန်းချီဆိုတာ မြန်မာပန်းချီသမိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတခု ဖြစ်ပါတယ်။ စာနယ်ဇင်း စာမျက်နှာတွေအတွက် သရုပ်ဖော်ပန်းချီတွေ ရေးနေရင်း ပန်းချီကားများစွာကို ရေးဆွဲသွားခဲ့ကြတဲ့ သရုပ်ဖော် ပန်းချီဆရာကြီးတွေ အများအပြားရှိခဲ့ပါတယ်။
ဦးဘတုတ်၊ ဦးငွေကိုင်၊ ဦးဘလုံ၊ ဦးအုံးလွင်၊ ဦးဘရင်လေး၊ ဗဂျီအောင်စိုး၊ ဦးသောင်းဟန် စတဲ့ ဆရာတွေကနေ မောင်ညိုဝင်း၊ မောင်မောင်သိုက်၊ ကျော်သောင်း၊ ၀သုန်၊ ဇော်မောင်၊ ဘဋ္ဌေးကြည်၊ စိုးနိုင်၊ ဧကစာချိုတို့အထိ တွေ့နိုင်ပါတယ်။
စာနယ်ဇင်း ပန်းချီဆရာတွေစာ သက်ဆိုင်ရာ စာရေးသူတွေရဲ့ အတွေ့အကြုံ၊ အတွေးအမြင်တွေကို ပုံရိပ်အဖြစ် ကိုယ်စားပြု ဖော်ပြတာဖြစ်သလို၊ သူတို့ ဖြတ်သန်းရာ ခေတ်စနစ်တွေကို စာမျက်နှာတွေပေါ်ကနေ အရုပ်တွေ အရောင်တွေနဲ့ မှတ်တမ်းတင်ကြသူတွေ ဖြစ်ပါတယ်။
ဒါကြောင့်မို့ ခေတ်အဆက်ဆက် စာနယ်ဇင်းသရုပ်ဖော် ပန်းချီရေးခဲ့ကြတဲ့ ဆရာကြီးများကို လေးစားသောအားဖြင့် လူငယ်စာနယ်ဇင်းသရုပ်ဖော် ပန်းချီသမားများက ဂါရ၀ပြုခဲ့ကြတာ ၂၁ ကြိမ်မြောက် ရှိပြီ ဖြစ်ပါတယ်။
ဂါရ၀ပြုပွဲကို ကို ၂၀၀၈ ခုနှစ် ဒီဇင်ဘာ ၃၀ (အင်္ဂါ) နေ့ နံနက် ၁၀ နာရီက ၁၂ နာရီအထိ ရန်ကုန်မြို့ ၃၅ လမ်း အထက်ဘလောက်က ဓမ္မာသီရိ ဓမ္မာရုံမှာ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
ကန်တော့ခံဆရာကြီးများကတော့ - ဦးလွန်းကြွယ်၊ ဦးသောင်းဟန်၊ ဦးစန်းလှိုင်၊ ဦးအေးမြင့်၊ ဦးညိုဝင်း၊ ဦးဖေသဏ်း၊ ဦးတင်လှဝင်းထင်၊ ဦးတင်ထွဏ်း၊ ဦးကျော်သောင်း၊ ဦးမောင်မောင်လှမြင့်၊ ဦးစိုးမိုး၊ ဦးမောင်မောင်သိုက်၊ ဦးဇော်ဝင်း (ငှက်ပျောသီး)၊ ဦးမျိုးညွန့် (မောင်ဒီ)၊ ဦးကျော်ညွန့်တို့ ပါဝင်ကြောင်း သိရပါတယ်။
တကယ်တမ်း ခေတ်ကိုပြန်ကြည့်ရင် ၁၉၂၀ ဒဂုန် မဂ္ဂဇင်း ပေါ်ထွက်ချိန်က စတင်ပြီး မြန်မာစာနယ်ဇင်း သရုပ်ဖော်ပန်းချီကို ကျယ်ကျယ်ပြန့်ပြန့် စတင် သုံးစွဲလာတယ်လို့ တွေ့ရပါတယ်။ ပန်းချီဆရာကြီး ဦးဘအုံး၊ ဦးဘိုးလိတ်၊ ဦးဘလုံ၊ ဦးဘကလေး၊ ဦးဘစိန်၊ ဦးဘိုးဘ၊ ဦးစံလွင်၊ ဦးထွန်းကြွယ်၊ ဦးထွန်းမင်း၊ ဆရာမြစ်၊ ဦးသိန်းညွန့်၊ ဦးစောမောင်၊ ဦးချစ်မြဲတို့ရဲ့ လက်ရာတွေ ပါဝင်ခဲ့ပါတယ်။
၁၉၂၅ နောက်ပိုင်းမှာ ဦးမောင်မောင်တင်၊ ဦးချစ်ဖေ၊ ဦးအုန်းလွင်၊ ဦးလှအောင်၊ ဦးဉာဏ်ထွန်း၊ ဦးစု (ရတနာပုံ မောင်စု)၊ ဦးဘဇော် စတဲ့ ပန်းချီဆရာကြီးများရဲ့ သရုပ်ဖော်ပုံ ပန်းချီလက်ရာတွေကို တွေ့လာရပါတယ်။ ၁၉၂၅ ခုနှစ်လောက်မှာ ထုတ်ဝေတဲ့
အဲဒီနောက် ကာလတွေမှာ မဂ္ဂဇင်းစာစောင် အများအပြား ထွက်ရှိခဲ့တာနဲ့ အညီ သရုပ်ဖော် ပန်းချီပညာဟာ ဖွံဖြိုးလာခဲ့ပြီး သရုပ်ဖော်ပန်းချီဆရာ အများအပြား ပေါ်ထွက်လာခဲ့ပါတယ်။
သူရိယ (၁၉၁၇)၊ ဒဂုန် (၁၉၂၀)၊ ပညာမဏ္ဍိုင် (၁၉၂၄)၊ ဂန္ထလောက (၁၉၂၅)၊ က၀ိမျက်မှန် (၁၉၂၇)၊ ဗြိတိသျှဘားမား (၁၉၂၇)၊ လန်ဒန်အတ် (၁၉၂၇)၊ ရန်အောင် (၁၉၂၇)၊ မြန်မာကျက်သရေ (၁၉၂၇)၊ လင်းအရုံ (၁၉၃၀)၊ ကင်းစောင့် (၁၉၃၁)၊ အိုးဝေ (၁၉၃၁)၊ ကြီးပွားရေး (၁၉၃၂)၊ တိုးတက်ရေး (၁၉၃၃)၊ စာဆိုတော် (၁၉၃၅)၊ ဆယ်သန်း (၁၉၃၅)၊ မြန်မာရုပ်ရှင် (၁၉၃၅)၊ လောကအလင်း (၁၉၃၈)၊ မျိုးညွန့် (၁၉၃၈) စတဲ့ မဂ္ဂဇင်းတွေဟာ သရုပ်ဖော်ပန်းချီဆရာများရဲ့ လက်ရာ ဝေေ၀ဆာဆာနဲ့ ထုတ်ဝေခဲ့ကြပါတယ်။
၁၉၄၅ စစ်ကြီးပြီးတဲ့အခါမှာ မဂ္ဂဇင်းတွေ တရှိန်ထိုး ထွက်လာခဲ့ပြီး မြန်မာပန်းချီသစ်ကို ဖန်တီးမယ့်သူတွေဟာ မဂ္ဂဇင်း စာမျက်နှာတွေပေါ်မှာ မွေးဖွားခဲ့ပါတယ်။
တာရာ (၁၉၄၆)၊ ရှုမ၀ (၁၉၄၆)၊ သွေးသောက် (၁၉၄၅)၊ စသည်တို့မှာ ဗဂျီအောင်စိုး၊ ဦးဘကြည်၊ ဦးဘရင်လေး၊ ဦးလှစိုး၊ ဦးစိန်၊ ဦးသောင်းဟန် စတဲ့ ပန်းချီဆရာများ ပေါ်ထွန်းလာခဲ့ပါတယ်။
၁၉၆၀ ပတ်ဝန်းကျင်နှစ်တွေမှာ ပန်းချီ ညိုလှ၊ မောင်ညိုဝင်း၊ တင်လှဝင်းထင်၊ စံတိုး၊ မောင်ဒီ၊ မောင်မောင်သိုက်၊ ၀သုန်၊ ကျော်သောင်း စတဲ့ ပန်းချီဆရာတွေ ပေါ်ထွက်လာခဲ့ပါတယ်။
အဲဒီအချိန်က ပေါ်ထွက်လာခဲ့တဲ့ ဆရာတွေဟာ အခုအချိန်မှာ အသက် ၆၀ ကျော်၊ ၇၀ နီးလာကြပြီ ဖြစ်ပါတယ်။ သူတို့ထက် စောကြတဲ့ ဆရာ ဦးလွန်းကြွယ်၊ ဆရာ ဦးစန်းလှိုင်၊ ဦးအေးမြင့်၊ ဦးသောင်းဟန်တို့ကတော့ အသက် ၈၀ ကျော်စ ပြုနေကြပါပြီ။
ခေတ်အဆက်ဆက်မှာ သရုပ်ဖော် ပန်းချီကို စွဲမြဲစွာ ရေးသွားခဲ့ကြတဲ့ ဖော်ပြပါ ဆရာတွေကို ဂါရ၀ပြု ပူဇော်ကန်တော့ကြတဲ့ပွဲမှာ အခမ်းအနားမှူးအဖြစ် ပန်းချီမောင်မြင့်လွင်က ဆောင်ရွက်ပြီး ဦးလွန်းကြွယ်၊ ဦးအေးမြင့်၊ ဦးသောင်းဟန်တို့က အမှာစကားပြောခဲ့ကြပါတယ်။ ထို့အပြင် သရုပ်ဖော် ပန်းချီပုံများကိုလည်း ပြပွဲသဖွယ် တင်ဆက်ခဲ့ရာမှာ ခေတ်အဆက်ဆက်က ဆရာကြီးများဆွဲတဲ့ လက်ရာတွေကို မှတ်တမ်းတင်ပြီး တင်ဆက်ပေးခဲ့တာကို တွေ့ရပါတယ်။
အခမ်းအနားစီစဉ်သူများက မဲလိပ်များ စီစဉ်ပြီး ဆရာဦးလွန်းကြွယ်၊ ဦးတင်လှဝင်းထင်၊ ဦးမောင်မောင်သိုက်၊ ဆရာမောင်ကျော်ညွန့်၊ ဆရာမ မမွှေး၊ ဆရာ မောင်မောင်လှမြင့်၊ ဆရာသန်းမြင့်အောင် စတဲ့ ပန်းချီဆရာ ၁၃ ဦးရဲ့ ပန်းချီကား ၁၃ ကားကို မဲဖောက်ပြီး အခမ်းအနားတက်ရောက်သူများကို လက်ဆောင်ပေးအပ်ခဲ့ပါတယ်။
Comments