
တင်မိုး အိပ်ရာ
မောင်စွမ်းရည်
ဒီဇင်ဘာ ၅၊ ၂၀၀၈
မောင်စွမ်းရည်
ဒီဇင်ဘာ ၅၊ ၂၀၀၈
တနှစ်လည်ပြီ
တချီ ပြန်ရောက်၊ သူ့အိမ်ပေါက်မှာ
ငါတယောက်ထဲ၊ သေတ္တာဆွဲလို့
အားခဲမတ်တတ် ခြေစုံရပ်။
သူ့အိပ်ရာထက် …
ငါ တက်အိပ်တော့
ဆေးလိပ်နံ့တောင် မပြယ်သေး။
သူ့လွယ်အိတ်လည်း …
လွယ်အိတ်သခင်၊ ရှိစဉ်နေရာ
နံရံမှာပဲ၊ ချိတ်မြဲ ချိတ်လျက်။
ရွှေတိဂုံကို …
အာရုံမျက်မြင်၊ သူ ဖူးချင်လို့
ခုတင်ခေါင်းရင်း၊ ပြတင်းဘောင်ထိပ်
သူ ဆွဲချိတ်လျက်။
တယောအိုလည်း …
ငိုမြည်မတ၊ ခန်းဝ ထောင့်ကွေး
တေး မသီတော့၊ ကြိုးတွေ လျော့လျက်
‘သွားတော့ သခင်’၊ နှုတ်ဆက်ချင် သို့။
သူ့အိပ်ရာထက် …
ငါ တက်အိပ်တော့၊ အိပ်မက်ထဲမှာ
သူ ရောက်လာလျက်၊ “ထကွာ … ညီလေး
ဆေးလိပ်လဲ တို၊ နေလဲ ညိုပြီ
ရွာကို ပြန်ကြရအောင်လေ” … တဲ့။
ငါ လန့်နိုးတော့ …
မြင်ရိုး မြင်မြဲ၊ ဆေးလိပ်ခဲလျက်
မှန်ဘောင်ထဲမှာ၊ သူ ပြုံးရှာသည်
ငါ … ဘာလုပ်ရမလဲ သူငယ်ချင်း …။ ။
မောင်စွမ်းရည်
၂ဝဝ၈ နိုဝင်ဘာ ၂၂
(သူ့အိပ်ရာမှာ)
Comments