စာရေးဆရာမကြီး ခင်မျိုးချစ် (၁၉၁၅ - ၁၉၉၉)
ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့် အထိမ်းအမှတ်
အမှတ်တရစကားများ စုစည်းချက်
မိုးမခ
ဇန်န၀ါရီ ၇၊ ၂၀၀၉
ဦးဝင်းတင် အမှတ်တရ စကား
အမကြီးကွယ်လွန်တာ ၁၀ နှစ် ရှိပြီ ဆိုပေမဲ့ ကျနော့်အဖို့တော့ ကွယ်လွန်တယ်ဆိုတာကို မဟုတ်သလိုဘဲ။ ကျနော်စိတ်ထဲမှာ အမကြီး သက်ရှိထင်ရှား ရှိနေတုန်းလိုပါပဲ။ အမကြီးသာ မဟုတ်ဘူး။ ဆရာဦးခင်မောင်လတ်လည်း သက်ရှိထင်ရှားရှိတုန်းပဲလို့ ကျနော်ခံစား ထင်မြင်နေတုန်းပဲဗျာ။
အဲဒီလို ထင်မြင်နေမိတဲ့ အကြောင်း ရှိတယ်။
ကျနော် အမကြီးတို့ ဆရာဦးခင်မောင်လတ်တို့ မိသားစုနဲ့ နောက်ဆုံး တွေ့ခဲ့ရတာ ၁၉၈၈ သြဂုတ်လ ၈ လေးလုံး အရေးတော်ပုံကာလတုန်းကပါ။ မဆလ တပါတီ အာဏာရှင်စနစ်ဆိုးကြီးကို ရိုက်ချိုး ဖြိုဖျက်ဖို့ လူထုအုံကြွမှုကြီး ပေါ်ထွက်လာတဲ့ အချိန်ကာလပေါ့။
အဲဒီအချိန်က ကျနော်တို့ စာနယ်ဇင်းသမားတွေစုပြီး မဆလအာဏာ ယန္တရားကြီးကို ဖြိုဖျက်ချဖို ကန့်ကွက်ကြတယ်။ ကန့်ကွက်စာတမ်းကို စာနယ်ဇင်းသမားကြီးငယ် အားလုံးလိုလို လက်မှတ်ထိုး ထုတ်ပြန်ကြတယ်။
အဲဒီစာတမ်းကြီးကို လက်မှတ်ထိုးကြတဲ့နေ့က အမကြီးမိသားစုကို ကျနော် နောက်ဆုံးတွေ့ခဲ့တာပဲ။ အဲဒီနေ့က အမကြီးက ကျနော့်ကို ဖက်ငိုတယ်။
“ကိုဝင်းတင် ရယ် … ဒီလိုစာမျိုး ကျမကိုယ်တိုင် ရေးချင်တာ။ ကျမ အသက်ကြီးနေလို့ ဒါမျိုး မလုပ်နိုင်တာ။ ရှင်လုပ်တော့ ကျေးဇူးတင်လိုက်တာ။ ၀မ်းသာလိုက်တာ။ အားတက်လိုက်တာရှင် …” လို့ မျက်ရည်လည်ရွှဲနဲ့ ပြောနေပုံကို ကျနော် ဒီကနေ့အထိ ကျနော်မျက်စိထဲက မထွက်ဘူး။ မြင်ယောင်နေတုန်းပဲ။ ကြားယောင်နေတုန်းပဲ။
အဲဒီနေ့က အမကြီးမိသားစု တစုလုံးကို တယောက်မကျန် စုခေါ်ပြီး စာတမ်းကို လက်မှတ်ထိုးခိုင်းတယ်။ သူကိုယ်တိုင်လည်း စာတမ်းရဲ့ ထိပ်ဆုံးမှာမှ လက်မှတ်ထိုးချင်တယ် ဆိုပြီး သူလက်မှတ်ထိုးရမယ့်နေရာကနေပြီး စာရွက်ထိပ်အထိ မျဉ်းကြောင်းရှည်ကြီး ဆွဲပြီး “ခင်မျိုးချစ်” ဆိုပြီး လက်မှတ်ထိုးလိုက်တယ်။
အမကြီးတို့ ဆရာဦးခင်မောင်လတ်တို့နဲ့ ကျနော် ခင်မင်ရင်းနှီးခဲ့တဲ့ နှစ်ပေါင်း ၆၀ ရှိပြီ။ ကျနော့်အဖို့ မှတ်မိစရာတွေ မြင်ယောင် ကြားယောင်စရာတွေ အများကြီးမှ အများကြီးပဲ။ တပုံတပင်ပေါ့လေ။ အဲဒါတွေထဲက နောက်ဆုံးကြုံခဲ့ရတဲ့ “ဆုံကွက်” က တသက်မမေ့နိုင်စရာသာ မဟုတ်။ အမကြီးနဲ့ အမကြီးမိသားစုရဲ့ ဂုဏ်အင်ကြန်အင် စရိုက် လက္ခဏာရော၊ စိတ်ဓာတ်အားမာန်ရော၊ ဘယ်သောအခါမှ မဆုတ်မနစ်သော သံဓိဋ္ဌာန်ကိုပါ ထင်းထင်းကြီး ဖော်ပြလိုက်တဲ့ မြင်ကွင်းမို့ ဒီနေ့အထိ မမေ့နိုင်တာပဲ။
ဒါကြောင့်လည်း အမကြီး ကွယ်လွန်ပြီဆိုတာကို ကျနော် မယုံနိုင်အောင် ဖြစ်နေတာပဲ။ ဒါကြောင့်လည်း ဒီနေ့အထိ အမကြီး ဒေါ်ခင်မျိုးချစ်ဟာ မိသားစုနဲ့အတူ မြန်မာတိုင်းသူပြည်သားများနဲ့အတူ စာပေလောက အပေါင်းအသင်း ရောင်းရင်းများနဲ့အတူ ကျနော်တို့လို နိုင်ငံရေးသမား၊ နိုင်ငံရေးလောကသားများနဲ့အတူ ရှိနေသေး၊ ရှင်နေသေး၊ ရုန်းကန် လှုပ်ရှားနေတုန်းပဲရယ်လို့ ကျနော် ခံစားထင်မြင်နေမိတာပေါ့လေ။
ကျနော် ထင်မြင်ခံစားမိသလိုပဲ မိသားစုကရော၊ မိတ်ဆွေ အပေါင်းအသင်းများကရော၊ စာပေလောက၊ နိုင်ငံရေးလောကက ပုဂ္ဂိုလ်အားလုံးကပါ ထင်မြင်ခံစားကြရမှာပါပဲလို့ ကျနော် ယုံကြည်နေမိပါတယ်။
အမကြီး ပြီးတော့ ဆရာ ဦးခင်မောင်လတ် ကွယ်လွန်ခဲ့ပြီ။
အမကြီး သက်တော် ရာကျော် ရှည်ပါစေ သတည်း။ ။
(ဇန်န၀ါရီ ၂၊ ၂၀၀၉)
သခင်အုန်းမြင့် အမှတ်တရ စကား
အကိုကြီး ဆရာ ဦးခင်မောင်လတ်နဲ့ အမကြီး ဒေါ်ခင်မျိုးချစ်တို့ မနက်တိုင်း ကျနော်နဲ့ ကိုသိန်းဖေတို့ အိမ် ၃၇လမ်းထဲကဖြတ်ပြီး ဘူတာကြီး (ရန်ကုန်)က ဆင်းပြီး ရုံးတက်သွားကြတဲ့မြင်ကွင်းကို အခုအထိ သတိရတိုင်း ကြည်နူးရပါတယ်။ အင်မတန် တည်တည်ငြိမ်ငြိမ် အိနြေ္ဒရရ (အခုခေတ်လို လူမြင်ကွင်းမှာ ပခုံးချင်းတိုက် အသံထွက် ရယ်ကြတဲ့ ပုံနဲ့တော့ ကွာလှဘိခြင်း)။ အစစ အရာ ဗမာလွတ်လပ်ရေး တော်လှန်ရေးမှာလည်း ကိုယ်တိုင် ကိုယ်ကြ ဗိုလ်ချုပ်အောင်ဆန်း၊ ကိုသန်းထွန်းတို့ရဲ့ ယုံကြည်မှုနဲ့ တက်တက်ကြွကြွ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြတာ။ ဘာသာရေးဘက်မှာလည်း အိမ်မှာ ဘုန်းကြီးကျောင်းမှာ ဒါနပြုကြ၊ အိမ်မှာ တရားစခန်းဖွင့်ပြီး ဗုဒ္ဓဘာသာ စစ်စစ်ရဲ့ တရားထိုင်ကြ။ မိတ်ဆွေ အပေါင်းအသင်းတွေပါ တရားထိုင်ကြဖို့ နေရာပေးပြီး သာသနာပြုတာတွေအတွက် အမြဲတန်း လေးစားနေလျက်ပါ။
( ဇန်န၀ါရီ ၂၊ ၂၀၀၉)
တင်မိုး အမှတ်တရ စကား
ကျွန်တော်ငယ်ငယ်ကဖီလစ်ပိုင်မျိုးချစ်ရီဇော်ရဲ့ “နောက်ဆုံးနှုတ်ဆက်ခြင်း” ကဗျာကျော်ကို ဖတ်ခဲ့ရပါတယ်။ ဘာသာပြန်သူက “ခင်မျိုးချစ်” တဲ့။ တိုးတက်ရေး မဂ္ဂဇင်းမှာ။ နောင်အခါ ဆရာမကြီးနဲ့ တွေ့ဆုံခွင့် ရတယ်။ ကြားနာခွင့် ရတယ်။ မှန်တယ်၊ အကျိုးရှိတယ် ထင်တာကို ပြောရဲတဲ့ သတ္တိရှိသူအဖြစ် တွေ့ရတယ်။ လေးစား ကြည်ညိုမိပါတယ်။ ဆရာမကြီးလို ပုဂ္ဂိုလ်မျိုး ကွယ်လွန်တဲ့အတွက် အလွန် နှမြောမိပါတယ်။
(ဇန်န၀ါရီ ၃၊ ၁၉၉၉)
ဦးတင်ဦး အမှတ်တရ စကား
မရဏံ ဓူဝံ
ဇိဝိတံ နဓူဝံ။
သေခြင်းတရားကား မြဲ၍
အသက်ရှင်ခြင်းကား မမြဲ။
ဆရာမကြီး ဒေါ်ခင်မျိုးချစ်သည် အသက်ရှင်စဉ်အတွင်း နိုင်ငံတော်အကျိုးအတွက် အဖက်ဖက်က ဆောင်ရွက်သွားသူဖြစ်၍ အမည်ကား နိုင်ငံတော်အတွက် ရှင်သန်လျက်ရှိနေပါသည်။ ကျနော် အရာရှိဖြစ်စဉ် ဆရာမကြီး ဒေါ်ခင်မျိုးချစ်အား တပ်မတော်ဝတ်စုံဖြင့် တက်တက်ကြွကြွ နိုင်ငံတော်နှင့် တပ်မတော်အကျိုးကို ဆောင်ရွက်ရှိခဲ့သည်ကို မှတ်မိနေပါသည်။ အမျိုးသမီးတပ်ဖွဲ့တွင် အကြီးအကဲအဖြစ် ဆောင်ရွက် နေသည်ကိုလည်း မှတ်မိနေပါသည်။ ဆရာမကြီး နိုင်ငံတော်အကျိုးအတွက် ဆောင်ရွက်ခြင်းများကို ဂုဏ်ပြုအပ်ပါသည်။ ဆရာမကြီး ကောင်းရာသုဂတိသို့လားပါစေ။ ။
(ဇန်န၀ါရီ၊ ၁၉၉၉)
Comments