3 outstanding Burmese

မြန်မာလူရည်ချွန်သုံးဦး ရာပြည့်
မောင်စွမ်းရည်
ဇန်နဝါရီ ၂၉၊ ၂ဝဝ၉

“ပူဇော်ထိုက်သူ ပူဇော်မူ မှတ်ယူမင်္ဂလာ” ဆိုတာ ဗုဒ္ဓဘာသာ မြန်မာလူမျိုး တမျိုးတည်းရဲ့ ယဉ်ကျေးမှုဓလေ့ မဟုတ်ပါ။ ကမ္ဘာ့လူသား တရပ်လုံးရဲ့ ယဉ်ကျေးမှု ဖြစ်ပါတယ်။ ပူဇော်ထိုက်သူ မပူဇော်ဘူး ဆိုရင်တော့ လူရိုင်းတွေ၊ မယဉ်ကျေးသူတွေ၊ အောက်တန်းကျသူတွေလို့ ဆိုရပါမယ်။ ကျနော်တို့ မြန်မာတွေဟာ ပူဇော်ထိုက်သူ ပူဇော်ရေးမှာ တာဝန်ကျေကြပါရဲ့လား ဆိုတာ ကိုယ့်ဘာသာ အလွယ်နဲ့ စဉ်းစားနိုင်ကြပါတယ်။

ဒီနှစ်မှာ မြန်မာလူရည်ချွန် သုံးဦးတို့ရဲ့ သက်တမ်း နှစ်တရာပြည့်တဲ့အခါနဲ့ ကြုံကြိုက်ပါတယ်။ ပညာရှိ စာဆို ဆရာကြီး မင်းသုဝဏ်၊ သတင်းစာဆရာ ဝတ္ထုရေးဆရာကြီး မောင်ထင်၊ ငြိမ်းချမ်းရေး ဗိသုကာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်တို့ဟာ ၁၉ဝ၉ ခုနှစ်မှာ မွေးဖွားကြသူတွေ ဖြစ်လို့ ဒီနှစ်မှာ ဆရာကြီးတို့ရဲ့ သက်တမ်းဟာ (၁ဝဝ) ပြည့်ပြီဖြစ်ပါတယ်။

ဒါကို ပြည်တွင်းပြည်ပ လူငယ်တွေ သတိပြုမိကြပြီး ရာပြည့်ပွဲတွေ လုပ်ကြမယ်၊ ရာပြည့်စာအုပ်တွေ ထုတ်ကြမယ်လို့ ပြင်ဆင်နေကြပါတယ်။ ဒီအချက်ကို ကြည့်ရင် လူငယ်တွေရဲ့ လက်ရှိ စိတ်ထားကို ချီးကျူး ဝမ်းမြောက်ကြရမှာ ဖြစ်သလို အနာဂတ်အတွက်လည်း ဝမ်းသာရပါတယ်။

ဆရာကြီး ဦးဖေမောင်တင် မှတ်ချက်ပြု မိန့်ဆိုထားခဲ့တဲ့ စကားတခွန်းဟာ အလွန် တန်ဖိုးရှိပါတယ်။ “ကျွန်ုပ်တို့ရဲ့ မြန်မာစာပေသမိုင်းဟာ ကျေးဇူးတရားနှင့် အစပြုခဲ့တယ်” တဲ့။ ပုဂံခေတ်မှာ မြန်မာစာပေကို အပီအသ စတင် ရေးသားနိုင်ခဲ့ပြီဖြစ်ပါတယ်။

အဲဒီကာလမှာ ရေးသားခဲ့တဲ့ မြစေတီကျောက်စာ ခေါ် ရာဇကုမာရ်ကျောက်စာဟာ ဖခင်ကို ကျေးဇူးဆပ်တဲ့ စာဖြစ်ကြောင်း အများ သိရှိကြပြီး ဖြစ်ပါတယ်။ ရာဇကုမာရ်ဟာ သားအရင်းဖြစ်လို့ ထီးမွေ နန်းမွေကို ရထိုက်သူဖြစ်ပေမယ့် သားရှိတာကို မသိသေးတဲ့ ဖခင် ကျန်စစ်သားမင်းကြီးက မြေးဖြစ်သူ အလောင်းစည်သူကို ထီးနန်းအမွေ ပေးလိုက်ခဲ့တယ်။

ဒီကတိကို မဖျက်လိုတဲ့အတွက် သားအရင်းကို လယ်မြေဆု၊ ရွာစား မြို့စားဆုလောက်သာ ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သားက ဖခင်ကျေးဇူးကို သိတတ်၊ ဆပ်ပေးတဲ့အပြင် ဖခင် ခိုင်းစေသမျှကိုလည်း စိတ်တိုင်းကျအောင် လုပ်ပါတယ်။ စာကြည့်တိုက်တွေ (ပိဋကတ်တိုက်တွေ) တည်ဆောက်ပြီး၊ ပိဋကတ်သုံးပုံကို သံဃာတော်များနဲ့ သေချာ စစ်ဆေးရေးသားပြီး လှူဒါန်းခဲ့ပါတယ်။ ဒါကြောင့် မြန်မာ့စာပေသမိုင်းဟာ ကျေးဇူးတရားနဲ့ စခဲ့တယ်လို့ ဆရာကြီးက မှတ်ချက်ချပါတယ်။

ခုခေတ် လူငယ်တွေကိုလည်း ကျေးဇူးတရားသိတတ်မှု၊ ပူဇော်ထိုက်သူ ပူဇော်မှုအတွက် သူတို့ကိုလည်း ချီးကျူး ဂုဏ်ပြုရမှာဖြစ်ပါတယ်။ ဆရာကြီးတွေရဲ့ ဂုဏ်ရည်တွေကို ပူဇော်ရင်း အားကျမှုတွေ ဖြစ်ထွန်းလာပါမယ်။

ကဗျာဆရာကြီး မင်းသုဝဏ်ဟာ ခေတ်သစ် မြန်မာစာပေသမိုင်းမှာ အဓိကစာဆိုတဦး ဖြစ်ပါတယ်။ ကျေးဇူးဆပ်လို့ မကုန်နိုင်တဲ့ ကလေးကဗျာ၊ ကလေးစာပေရဲ့ ဖခင်တဦးလည်း ဖြစ်ပါတယ်။ ကျောင်းသုံးဖတ်စာ၊ သက်ကြီးဖတ်စာ၊ “အသုံးလုံး” ဖတ်စာ ပြုစုရေးနဲ့ စွယ်စုံကျမ်း ပြုစုရေးတို့မှာလည်း ခေါင်းဆောင်ခဲ့ပါတယ်။ အဘိဓာန် ပြုစုရေးကိုလည်း တသက်လုံးဘဝကို မြှုပ်နှံပြီးလုပ်ခဲ့တာပါ။

ဒီခေတ်ဟာ ပြည်သူတွေ အဖိနှိပ် ခံနေရတဲ့ ခေတ်ဖြစ်ပါတယ်။ ပြည်သူတွေဘက်က တသက်လုံး ရပ်တည်သွားတဲ့အတွက် ပြည်သူချစ် အမျိုးသားစာဆိုကြီး အဖြစ် ပြည်သူတွေ လေးစားခဲ့ကြတာ ဖြစ်ပါတယ်။

စာရေးဆရာ သတင်းစာဆရာကြီး မောင်ထင်ဟာ ဆရာမင်းသုဝဏ်နဲ့ အတူ တက္ကသိုလ်က ဘွဲ့ရပြီး ဂန္ထလောကမှာလည်း အင်္ဂလိပ်-မြန်မာနှစ်ဘာသာနဲ့ စာရေးခဲ့သူ ဖြ စ်ပါတယ်။ တက္ကသိုလ်ပြင်ပရောက်ပြီး မြို့အုပ်ဖြစ်မှ “မြို့အုပ်မင်းဘုံရုံကဗျာများ” ကို လူထုဦးလှရဲ့ ကြီးပွားရေး မဂ္ဂဇင်းမှာ ရေးခဲ့ပါတယ်။ ခေတ်စမ်းခေတ် စာဆိုတွေထဲက ဝတ္ထုရှည်ရေးသူ အဖြစ် “ငဘဝတ္ထု” နဲ့ မှတ်တိုင် ထူခဲ့ပါတယ်။

သတင်းစာဆရာများဥက္ကဋ္ဌ၊ စာရေးဆရာများအသင်း ဥက္ကဋ္ဌ၊ အသံလွှင့်ဌာန ညွှန်ကြားရေးဝန် စသဖြင့် တာဝန်များလည်း ထမ်းဆောင်ခဲ့ပါတယ်။ နိုင်ငံရေးစာပေအဖြစ် ယောမင်းကြီး အတ္ထုပ္ပတ္တိနှင့် ရာဇဓမ္မ သင်္ဂဟကျမ်းတို့ကို ပြုစု တည်းဖြတ်ခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းကို “နိုင်ငံရေးသုခမိန်” အဖြစ် လေ့လာ ရေးသားခဲ့ခြင်းတို့ဟာ ထူးခြားတဲ့ စွမ်းဆောင်မှုတွေဖြစ်ပါတယ်။

ဦးသန့်ကတော့ ပန်းတနော်ဦးသန့်ရယ်လို့ စာနယ်ဇင်းလောကမှာ ထင်ရှားခဲ့ပါတယ်။ ဂန္ထလောကခေတ်ကတည်းက စာပေ ရေးသားခဲ့သူလည်း ဖြစ်ပါတယ်။ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံသားတဦးအဖြစ် သာမက အာရှတိုက်သားတဦး အနေနဲ့ အဦးဆုံး ပေါက်ရောက်သွားခဲ့ပြီး ကမ္ဘာ့ငြိမ်းချမ်းရေး ကိစ္စတွေကို ဣနြေ္ဒရရ ဖြေရှင်း ဦးဆောင်ခဲ့သူတဦးအဖြစ် ကုလသမဂ္ဂရဲ့ အထင်ရှားဆုံး ခေါင်းဆောင်၊ ငြိမ်းချမ်းရေး ဗိသုကာကြီးရယ်လို့ အများက သိမြင် လေးစားတာကို ခံယူခဲ့ရသူ ဖြစ်ပါတယ်။

“စာပေဂျာနယ်” မှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းအစ လေးစားထိုက်တဲ့ စာပေခေါင်းဆောင်ကြီးတွေရဲ့ ဘဝနဲ့ စာပေဆိုင်ရာ အထူးထုတ်တွေကို အယ်ဒီတာ မောင်သွေးသစ်က လုပ်ဆောင်ခဲ့ဖူးသလို၊ ခုအခါ မောင်စိမ်းနီ၊ မောင်တင်သစ် စတဲ့ အယ်ဒီတာတွေက “ပိတောက်ပွင့်သစ်”၊ “မြန်မာသစ်” မဂ္ဂဇင်းတို့မှာ ပြုစု ဖော်ထုတ်နေကြတာတွေဟာလည်း အလွန် ကောင်းပါတယ်။

ဂျပန်က မိုးသောက်ကြယ်၊ အာဟာရ၊ အလင်းအိမ်၊ မေခ စတဲ့ စာစောင်တွေ၊ အမေရိကန် ပြည်ထောင်စုက မာယာမဂ္ဂဇင်း၊ သစ္စာမဂ္ဂဇင်းနဲ့ မိုးမခ၊ ယနေ့ဗမာ စတဲ့ ကွန်ပျူတာ မဂ္ဂဇင်းတွေထဲမှာလည်း အလားတူ လုပ်ဆောင်ကြပါတယ်။ မြန်မာ့ “ပင်မရေစီး” နဲ့ “ပြင်ပရေစီး” ပေါင်းစပ်တဲ့ သဘောပါပဲ။

ပြည်ပမှာ ပြည်တွင်းထက် ကောင်းတာက စာပေလွတ်လပ်ခွင့်ရှိခြင်းပါပဲ။ ပြင်ပမှာက ဆရာတော်ဦးဥတ္တမ၊ ဦးဝိစာရ၊ ဗိုလ်ချုပ်ကျော်ဇော၊ ဗိုလ်လက်ျာ၊ ဦးနု၊ ဦးသန့်၊ တင်မိုး၊ ကြည်အောင်၊ ကိုလေး (အင်းဝဂုဏ်ရည်) စတဲ့ ပြည်တွင်းမှာ စစ်အစိုးရက ပိတ်ဆို့ တားမြစ်ထားတဲ့ အကြောင်းအရာ၊ အတ္ထုပ္ပတ္တိတွေကို ရေးသင့် ရေးထိုက်တာ ပြည့်စုံအောင် ရေးလို့ရပါတယ်။ ပြည်တွင်းမှာ သမိုင်းတို့၊ စာပေတို့ မလေ့လာ မထိတွေ့ခဲ့ရဖူးတဲ့ ပြည်ပရောက် မြန်မာလူငယ်တွေဟာ သမိုင်းဝင် ပုဂ္ဂိုလ်ကြီးတွေအကြောင်းကို အကျယ်အပြန့် သိရှိခွင့် ရလာခဲ့ကြပါတယ်။

ဂျပန်မှာ အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိနေကြတဲ့ မြန်မာလူငယ်တွေ၊ တိုင်းရင်းသားတွေ တော်တော်များ ရှိလာတယ်။ ဂျပန်လူမျိုးတွေကလည်း မြန်မာတွေကို ဆွေမျိုးလို ကူညီကြတာတွေ အများကြီး တွေ့ရပါတယ်။ ဂျပန်ရောက် မြန်မာလူငယ်တွေက နှစ်စဉ် စာပေဟောပြောပွဲ အကြီးအကျယ် လုပ်ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ အင်္ဂလန်၊ နော်ဝေ၊ ပြင်သစ်၊ ဂျာမနီ၊ သြစတြေးလျကို ရောက်ရှိနေကြတဲ့ မြန်မာတွေထက် လုပ်နိုင်ကြပါတယ်။ အဖွဲ့ ကွဲနေရင်လည်း တူတာ တွဲလုပ်ကြပါတယ်။ ကိုရီးယား (တောင်) နဲ့ စင်ကာပူရောက် မြန်မာတွေလည်း ပိုလို့ လုပ်ဆောင်လာကြတာ တွေ့ရပါတယ်။

မနှစ်က စာဆိုတော်နေ့မှာ ဂျပန်က ဆရာဇော်ဂျီရာပြည့်ပွဲ လုပ်တယ်။ ဒီနှစ် ၂ဝဝ၉ မှာတော့ ဆရာကြီး ဦးဖေမောင်တင် အထိမ်းအမှတ်ပွဲလေးတခု လုပ်ပြီးနောက် ဆရာကြီးမင်းသုဝဏ်နဲ့ ဦးသန့်ရာပြည့်ပွဲ လုပ်ဖို့ ပြင်ဆင်နေကြပါတယ်။

နိုင်ငံရေး အဖွဲ့ အစည်းတွေရော၊ နိုင်ငံရေး အဖွဲ့အစည်းဝင် မဟုတ်သူတွေရော ပူးပေါင်း လုပ်ကြမယ်။ ပြည်တွင်းက စာရေးဆရာတွေကို ဖိတ်လို့ရရင် ဖိတ်ကြမယ်။ ပြည်ပရောက် စာရေးဆရာတွေ၊ စာပေပညာရှင်တွေကို ဖိတ်ပြီး စာတမ်းဖတ်ပွဲတွေ လုပ်ပြီး စာအုပ်ထုတ်ကြမယ်။ စာတမ်းပေါင်းချုပ်တွေ ထုတ်ကြမှလည်း အဖတ်တင်မှာပါ။ သူတို့ရဲ့ အားထုတ်မှုတွေကို ပီတိဖြစ်မိလို့ ဝေမျှလိုက်တာပါပဲ။ ။

[ မူရင်း - ခေတ်ပြိုင်အင်တာနက်စာမျက်နှာ၊ http://khitpyaing.org ]

Comments