Alternative voices

စင်ပြိုင်အသံ
ဇန်န၀ါရီ ၄၊ ၂၀၀၉

ပိုမိုကောင်းမွန်သည့် ပြည်ပရောက် စင်ပြိုင်အစိုးရတရပ် ဖွဲ့စည်းမည်ဟူသော ကြေညာချက်တခု နှစ်သစ်တွင် (ဇန်န၀ါရီ ၁ ရက်နေ့တွင်) ပေါ်ထွက်လာသည်။ ကြေညာသူမှာ NCUB ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ ဖြစ်သည်။

ပြည်ပတွင် စင်ပြိုင်အစိုးရတခု ရှိပြီးဖြစ်သည်။ အမည်မှာ NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ညွှန့်ပေါင်းအစိုးရ ဖြစ်သည်။ (မှတ်ချက် - NCUB နှင့် NCGUB ကွာခြားမှုကို ဤနေရာတွင် ဖတ်ပါ )

ပြည်ပတွင် စင်ပြိုင်အစိုးရတခု ထပ်မံပေါ်ပေါက်မည့် သို့မဟုတ် ပြင်ဆင် ဖွဲ့စည်းမည့် သတင်းနှင့်ပတ်သက်ပြီး ထွက်ပေါ်လာသော အသံအချို့ကို ဖော်ပြလိုက်သည်။

“ကျနော်တို့ကတော့ အားကောင်းပြီးတော့ တကယ်ကို စစ်မှန်တဲ့ စင်ပြိုင်အစိုးရတရပ်အဖြစ်ကို ဖွဲ့စည်း ဖော်ဆောင်သွားမှာဖြစ်တယ်။ ကျနော်တို့ ဒီလုပ်ငန်းစဉ်ကို စတင်ကြိုးပမ်းတာ လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ် လောက်ကတည်းက စတင် ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။”
ဦးမြင့်သိဏ်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး၊ NCUB
RFA အသံလွှင့်ဌာန၊ မြန်မာပိုင်း။ ဇန်န၀ါရီ ၂

"စစ်အုပ်စုကို ဘယ်လိုဖယ်ရှားမလဲဆိုတဲ့ ခြေလှမ်းတွေကို စဉ်းစားပြီးတော့ ဒီအစီစဉ်ကို လုပ်တာ ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့တော့ အောင်မြင်မယ်လို့ အတိအကျ၊ အခိုင်အမာ ယုံကြည်ပြီးတော့ ကျနော်တို့ ဒီလုပ်ငန်းကို စတင်ပြီးတော့ စီစဉ်တာဖြစ်ပါတယ်။ … … ၂၀၀၉ ခုနှစ်အတွင်းမှာ ဒါကို အောင်မြင်အောင် အပြီးအစီး အကောင်အထည် ဖော်နိုင်အောင် လုပ်သွားဖို့ရှိတယ်။ …”

ဦးမြင့်သိဏ်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး၊ NCUB
မဇ္ဈိမ၊ ဇန်န၀ါရီ ၃

“ဆွေးနွေးခဲ့တာတွေတော့ ရှိတယ်။ ဆွေးနွေးခဲ့တယ် ဆိုတာက တိုးချဲ့ရေးတို့ ဘာတို့ ဒီကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။ ……
တော်လှန်ရေးတခု ရေရှည်လာပြီဆိုရင် အားမလိုအားမရ ဖြစ်ကြတာပဲ။ ကျနော်တို့ကတော့ အစိုးရဆိုတဲ့ နံမည်ခံတဲ့အတွက် အရာရာမှာ အစိုးရ တာဝန်ရှိတယ် ဆိုတဲ့ ယူဆချက်နဲ့ လူတွေက အစိုးရ ဘာလုပ်သင့်တယ်၊ ဘာမလုပ်သင့်ဘူး ဒီထက်ပိုဆိုးတာက ဒီလိုဖြစ်နေတာ အစိုးရကြောင့် အစိုးရ ညံ့လို့ဆိုပြီး ပြောကြတာပေါ့……
သူများက အစိုးရတရပ်မကလို့၊ နှစ်ရပ်မကလို့ သုံးရပ်ပဲဖြစ်ပစေ ကျနော်တို့က ကိုယ်လုပ်မယ့်အလုပ်ကို ချမှတ်ထားတဲ့အတိုင်းလည်း နိုင်ငံတကာ ပြည်တွင်း ကျနော်တို့ လုပ်နေတာပဲ”
ဒေါက်တာစိန်ဝင်း၊ NCGUB ၀န်ကြီးချုပ်
VOA အသံလွှင့်ဌာန၊ မြန်မာပိုင်း။ ဇန်န၀ါရီ ၂

“ကြေညာချက်မှာ အမျိုးသား ညီညွတ်ရေးအစိုးရကို ဦးတည်တာ ဖြစ်ပါတယ်။ ဒါကြောင့် ညီညွတ်ရေးကို ဦးတည်တဲ့အတွက် ညီညွတ်ရေးကို ဆန့်ကျင်တဲ့ အလုပ်တွေကိုတော့ အမျိုးသားကောင်စီ(NCUB)က လုပ်သွားမှာ မဟုတ်ဘူး၊ - - - ညီညွတ်ရေးကို ထိခိုက်မှာကိုတော့ ရှောင်ရှားနိုင်ကြလိမ့်မယ်၊ ရှောင်ရှားကြမယ်လို့ အပြည့်အ၀ ယုံကြည်ပါတယ်”
ဒေါက်တာတင့်ဆွေ၊ NCGUB ၀န်ကြီးတဦး
RFA အသံလွှင့်ဌာန၊ မြန်မာပိုင်း။ ဇန်န၀ါရီ ၂

“စင်ပြိုင်အစိုးရ (၂) ခု ပေါ်ပေါက်လာမည့် အစီအစဉ်မဟုတ်ဘဲ ဒေါက်တာစိန်ဝင်းခေါင်းဆောင်သည့် စင်ပြိုင်အစိုးရကို တိုးချဲ့ဖွဲ့စည်းသွားရေး ရေရှည်စီမံချက်သာဖြစ်သည် … … တိုးချဲ့ဖွဲ့စည်းမည့် စင်ပြိုင်အစိုးရကို အမျိုး သားညီညွတ်ရေး အစိုးရဆိုသည့် အမည်သုံးထားခြင်းသည် မှားယွင်းဖော်ပြခြင်း ဖြစ် … … …။ (အန်စီဂျီယူဘီ) အမည်ကို အသစ်ပြောင်းပါက နိုင်ငံတကာ ဆက်ဆံရေးမှာ နားလည်မှု ရှုပ်ထွေးနိုင် သည့်အတွက် တိုးချဲ့မည့် စင်ပြိင်အစိုးရကို မူလအမည်ဖြစ်သည့် အဝေးရောက် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့ (အန်စီဂျီယူဘီ) ကိုသာ ဆက်လက်သုံးစွဲမည် … ”
ခွန်မြင့်ထွန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသမဂ္ဂ ပြောခွင့်ရပုဂ္ဂိုလ်
ခေတ်ပြိုင်၊ ဇန်န၀ါရီ ၃

"ပြည်ပရောက် အစိုးရအသစ်ဖွဲ့လိုက်ရင် မြန်မာပြည်ဒီမိုကရေစီရေးအတွက် ပို မြန်ဆန်သွားမယ်လို့ ဘယ်သူက အာမခံမှာလဲ။"
စိုင်းအိမ်မွဲ၊ ဆောင်းပါးရှင်တဦး
http://drlunswe.blogspot.com/ ဇန်န၀ါရီ ၂

“အင်း... နှစ်သစ်ကူးမှာ ထူးထူးခြားခြား ဆိုရမလား။ ထိုင်း-မြန်မာနယ်စပ်က အတိုက်အခံတွေရဲ့ တပ်ပေါင်းစု NCUB က အစိုးရတရပ် စင်ပြိုင်ဖွဲ့တော့မယ်လို့ ကြေညာတာကို ကြားလိုက်ရတယ်။ အင်း... ကျနော်ကတော့ ဘာမှ မပြောချင်တော့ပါ ဘူး။ မျှော်မြင်ချက်တွေ ကြီးကြပါစေ။ လက်တွေ့လည်း အကောင်အထည် ဖော်နိုင်ကြပါစေဗျာ”

ယောဟန်အောင်၊ ဘလော်ဂါ
http://fine-leaves.blogspot.com/ ဇန်န၀ါရီ ၎

Comments