Biography of Mahn Win Maung, President of Burma in 1957 (Part -7)

မန်းဝင်းမောင် အတ္ထုပ္ပတ္တိ အပိုင်း(၇)
မှတ်စုမှတ်တမ်း
ဇန်န၀ါရီ ၂၄၊ ၂၀၀၉


မြန်မာပြည်သို့ လာရောက်လည်ပတ်သော ထိုင်းဘုရင် နဲ့ သမ္မတမန်းဝင်းမောင်

မြင်းမွေးမြူရေးနဲ့ သားစပ်ရေးစခန်းများ သုံးနေရာ ဖွင့်လှစ်ထားပါတယ်။ ရန်ကုန်မှာ တနေရာ၊ မန္တလေးမှာ တနေရာနဲ့ တောင်ကြီးမှာ တနေရာဖြစ်ပါတယ်။ ရန်ကုန်စခန်းကို ဦးဘလှိုင်၊ မန္တလေး စခန်းကို ဦးကင်းနဲ့ တောင်ကြီးစခန်းကို ဦးဘပေါတို့က အုပ်ချုပ်ပါတယ်။ ရန်ကုန်စခန်းဟာ သမ္မတအိမ်တော်ဝင်း ရှမ်းလမ်းနဲ့ အလုံလမ်းထောင့်ဘက်မှာ ဖွင့်လှစ်ထားပါတယ်။ ရန်ကုန်မြင်းမွေးမြူရေးစခန်း အုပ်ချုပ်ရေးအရာရှိဦး ဘလှိုင်ဟာ စခန်းနားမှာ ရှိတဲ့ သစ်သားအိမ်ကြီးမှာ နေပါတယ်။ တခါတလေ ပါပါ ဦးဘလှိုင်ဆီသွားပြီး အိပ်ပါတယ်။ အဲဒီအခါ သမ္မတအိမ်တော်ဝင်းမှာ ရှိတဲ့ သစ်သားအိမ်မှာ ပါပါ အိပ်ခဲ့သော်လည်း တနေ့ကျသမ္မအိမ်တော်ကြီးထဲမှာ ပါပါအိပ်ရမယ်လို့ စိတ်မကူးခဲ့ပါ။ အိပ်မက်လည်း မမက်ခဲ့ပါ။ ဦးဘလှိုင်ဟာ အင်္ဂလိပ်လက်ထက်မှာ မြင်းပွဲမှာ အလုပ်လုပ်တဲ့အတွက် မြင်းအကြောင်း၊ မြင်းပွဲအကြောင်း တော်တော် ပြောနိုင်၊ ဆိုနိုင်ပါတယ်။ ပါပါသူနဲ့ သွားအိပ်တဲ့အခါ မြင်းအကြောင်းပဲ သူပြောပါတယ်။ ဦးဘလှိုင်ပြောပြလို့ ပါပါလည်း မြင်းအကြောင်း၊ မြင်းပွဲအကြောင်း တော်တော် နားလည်ပါတယ်။

အင်္ဂလိပ်ခေတ်မှာ ပါပါ မြင်းပွဲ မရောက်ဘူးပါ။ နောက်ပိုင်း ဝန်ကြီးဖြစ်မှ မြင်းပွဲ သွားတတ်ပါတယ်။ ရန်ကုန်မွေးမြူရေးစခန်းမှာ ရှိတဲ့ မြင်းတွေဟာ တခါတလေ နာပြီး သေတတ်ပါတယ်။ ဒီတော့ မြေမြုပ်ပစ်ရပါတယ်။ မြေမြုပ်ရတာ အလုပ်ပိုတခုဖြစ်တော့ 'စိုက်' ခေါ်တဲ့ မြင်းထိန်းတွေဟာ ဦးဘလှိုင်နဲ့ တိုင်ပင်ပြီး နာပုံ လက္ခဏာ ပြတဲ့ မြင်းတွေကို သတ်ပြီး စားကြပါတယ်။ ပါပါလည်း စားရပါတယ်။ မြင်းသား မစားရတာကြာရင် ပါပါက ဦးဘလှိုင်ကို မြင်းတွေမနာတော့ဘူးလား လို့ ရယ်စရာအဖြစ် မေးပါတယ်။

မြင်းမွေးမြူရေးဌာနခွဲမှာ ပါပါ ပြောင်းရွှေ့ အလုပ်လုပ်သော်လည်း သခင်ဗိုလ်နဲ့တော့ အဆက်အသွယ်မပြတ်ပါ။ တပတ် နှစ်ခါ၊ သုံးခါ သူနေတဲ့ စမ်းရေတွင်းလမ်းအိမ်ကို ရောက်ပါတယ်။ မြင်းသားရတဲ့ အခါလည်း သူနေတဲ့အိမ်ကို ယူသွားပြီး တပျော်တပါး ချက်စားကြတယ်။ သခင်ဗိုလ်ဟာ ညောင်းတုံးသားဖြစ်ပြီး ခေတ်ပညာတတ်တယောက် ဖြစ်ပါတယ်။ ကောလိပ်မှာ ကျောင်းနေဖူးတဲ့လူ ဖြစ်ပါတယ်။ သူ့ကိုယ်သူ 'ကွန်မြူနစ်' သာ ဆိုတယ်၊ သူ့အသိုင်းအဝိုင်းက သူ့ကို 'ဘူဇွာ'လို့ ခေါ်ပါတယ်။ 'ဘူဇွာ' ဆိုတာ လူလတ်တန်းစားလို့ ခေါ်ခြင်း ဖြစ်ပါတယ်။ 'ကွန်မြူနစ်' ဆိုရင် ပစ္စည်းမဲ့ လူတန်းစား ဖြစ်ရမယ်လို့ အယူရှိကြတယ်။

မြင်းမွေးမြူရေး ဌာနခွဲမှာ ပါပါသုံးလခန့်ကြာတဲ့အခါ သခင်သန်းထွန်းဟာ လက်မြေနဲ့စိုက်ပျိုးရေးဌာန ဝန်ကြီး အဖြစ်မှ ပို့ဆောင်ရေးနဲ့ ကုန်စည်ဖြန့်ဖြူးရေးဌာန ဝန်ကြီးအဖြစ် ပြောင်းရွှေ့ လုပ်ကိုင်ရပါတယ်။ ပါပါ့ကိုလည်း သူလုပ်ကိုင်ရမယ့် ဝန်ကြီးဌာနသစ်မှာ အလုပ်လုပ်ဖို့ သခင်ဗိုလ်မှတဆင့် ခေါ်ယူလို့ မြင်းမွေးမြူရေးဌာနခွဲမှ ပို့ဆောင်ရေးနဲ့ ကုန်စည်ဖြန့်ဖြူးရေးဝန်ကြီးဌာနသို့ ပါပါ ရောက်သွားပါတယ်။

ပြောကြတဲ့အဖြစ်အပျက်တခုရှိပါတယ်။ တခါက ဂျပန်စစ်တပ်စု တစု ရွာတရွာကို ဝင်သွားသတဲ့။ အုန်းပင်ပေါ်မှာ သီးနေတဲ့ အုန်းသီးကို စားချင်တော့ ရွာသားတယောက်ကို တက်ခိုင်းသတဲ့၊ ရွာသားက မတက်တတ်၊ တက်တတ်နဲ့ မျက်နှာလိုမျက်နှာရ တက်ပေးသတဲ့၊ ဂျပန်အကျိုးကို ဆောင်ရွက်ပေးတဲ့အတွက် ဂျပန်စစ်ဗိုလ်ထံမှ လက်မှတ် တောင်းသတဲ့။ ဂျပန်စစ်ဗိုလ်ကလည်း ထုတ်ပေးသတဲ့။ နောက် ဒီရွာကိုတခြား ဂျပန်တပ်စု ဝင်လာတော့လည်း အဲဒီရွာသားက ဂျပန်စစ်ဗိုလ်ကို သူရထားတဲ့လက်မှတ် ထုတ်ပြသတဲ့။ ဂျပန်စစ်ဗိုလ်က လက်မှတ်ကြည့်ပြီး သူ့ကို အုန်းပင် တက်ခိုင်းပြန်သတဲ့။ ဒီလိုနဲ့ ဝင်လာတဲ့ ဂျပန်တွေကို သူ လက်မှတ်ထုတ်ပြတိုင်း သူ့ကို အုန်းပင်တက်ခိုင်းတော့ သူရထားတဲ့ လက်မှတ်အကြောင်းကို သူ စုံစမ်းမေးမြန်းသတဲ့။ ဒီတော့ကျမှ သူ ရထားတဲ့ လက်မှတ်ဟာ အုန်းပင်တက်ကောင်းကြောင်း လက်မှတ်ဖြစ်တယ် ဆိုတာ သူသိရသတဲ့။ သခင်ဗိုလ်က ဂျပန်စစ်ရုံးကို ဘူးသီးငါးပေါင်းကြော် လက်မှတ် သွားယူမယ် လုပ်တော့ အုန်းပင်အတက်ကောင်းလက်မှတ် သွားယူတာလား လို့ ရုံးက သူ့ကို ဝိုင်းစကြတယ်။ ဂျပန်လက်မှတ်ရပြီး သယ့်နောက် သွားလာလို့ မော်တော်ရေယာဉ်ပါ စီစဉ်ရတယ်။ ပုဂ္ဂလိကပိုင် မော်တော်ရေယာဉ်ပဲ ဖြစ်ပါတယ်။ ဂျပန်ခေတ်မှာ တွံတေးတူးမြောင်းနဲ့ ဆိပ်ကြီးဝမှာ ကျောက်ချထားတဲ့ ဂျပန်သင်္ဘောတစင်း ရှိပြီး ရေယာဉ် အဝင်အထွက်များ အားလုံးကို ရှာပါတယ်။ ဝန်ကြီး သခင်သန်းထွန်း ခရီးထွက်တော့ သခင်ဗိုလ် ပါမသွားပါ။ သခင်သန်းထွန်းတို့ ပြန်ရောက်လာတော့ တွံတေးတူးမြောင်းနဲ့ ဆိတ်ကြီးဝမှာ သူတို့သင်္ဘောကို အသွားရော၊ အပြန်ပါ ဂျပန်က စေ့စေ့ငင ရှာတဲ့အကြောင်း သူ့အဖွဲ့ဝင်များက ပြောပါတယ်။ (ကွမ်းခြံကုန်းကို ဝန်ကြီးသခင်သန်းထွန်း သွားတဲ့ ကိစ္စဟာ မြေအောက် ဂျပန်တော်လှန်ရေးလုပ်တဲ့ သခင်စိုးနဲ့ တွေ့ဆုံဆွေးနွေးဖို့ သွားခြင်း ဖြစ်ကြောင်း ပါပါနောက်မှ သိရပါတယ်။)

ပို့ဆောင်ရေးနဲ့ကုန်စည်ဖြန့်ဖြူးရေး ဝန်ကြီးဌာနမှာ ပါပါရောက်လာတဲ့အချိန်မှာ ပါပါဟာ သခင်ဗိုလ်ကို အကြောင်းပြုပြီး လျှို့ဝှက် ဂျပန်တော်လှန်ရေးသမား တယောက် ဖြစ်နေပါတယ်။ 'ကရင်-ဗမာ ချစ်ကြည်ရေး' 'ဖက်ဆစ်ဆန့်ကျင်ရေး' 'ပြည်သူ့စစ်' အစရှိတဲ့ လက်နှိပ်စက် ရိုက်ထားတဲ့ စာရွက်စာတမ်းများကို ပါပါ လျှို့ဝှက်စွာ ဝေငှ ဖြန့်ဖြူး ရတယ်။ အဲဒီအချိန်မှာ အင်းလျားကန် ကြက်ကျွန်းစခန်းမှာ ကရင်အမျိုးသား ဝန်ထမ်းအရာရှိတွေ သင်တန်း တက်ရောက်နေပါတယ်။ သူတို့ထမ်းဆောင်ရမယ့် လုပ်ငန်းဟာ ကရင်ဗမာချစ်ကြည်ရေးလုပ်ငန်း ဖြစ်တယ်။ သင်တန်း တက်ရောက်တက်နေတဲ့ အရာရှိတချို့ကို ပါပါသိတော့ တနင်္ဂနွေနေ့ တနေ့မှာ ဂျပန်တော်လှန်ရေး စာရွက်စာတမ်းများ ယူပြီး သူတို့ဆီကို ပါပါ စက်ဘီးနဲ့ သွားပါတယ်။ ပါပါ ယခင်ကပင် သိကျွမ်းခဲ့တဲ့ မန်းပေါအေးငြိမ်း (ယခုအထက ကျောင်းအုပ်) နဲ့ မန်းဘဇံ (ယခုတောခို ကေအင်ဒီအို ခေါင်းဆောင်)တို့အား ဂျပန်တော်လှန်ရေး စာရွက်စာတမ်းများကို ပေးပြီး အကျိုးအကြောင်းများကို ရှင်းလင်း ပြောပြပါတယ်။ သူတို့မှ တဆင့် သင်တန်းတက် တခြား အရာရှိများကိုလည်း ပြောသင့်က ပြောပြ ရှင်းလင်းဖို့ သူတို့နှစ်ယောက်ကို ပြောပါတယ်။ ဂျပန်တော်လှန်ရေး စာရွက်စာတမ်းများ လိုက်လံ ဝေငရာမှာ အတင့်မရဲဖို့ မန်းဘဇံက ပါပါ့ကို သတိပေး စကားပြောပါတယ်။

မန်းပေါအေးငြိမ်းနဲ့ မန်းဘဇံတို့ကို တွေ့ပြီးနောက် မကြာမီ ဝန်ကြီးသခင်သန်းထွန်းက ပါပါ့ကို ကုန်စည် ဖြန့်ဖြူးရေး လုပ်ငန်း စစ်ဆေးကြည့်ရှုရန် အထူးအရာရှိအဖြစ် ခန့်အပ်ပါတယ်။ ခန့်အပ်စာကို ရုံးတံဆိပ်ရိုက်ပြီး သခင်သန်းထွန်း ကိုယ်တိုင် လက်မှတ် ရေးထိုးပါတယ်။ အထူးအရာရှိ ဖြစ်လာတော့ လျှို့ဝှက် ဂျပန်တော်လှန်ရေးလုပ်ငန်းများကို ပိုပြီး လုပ်ကိုင်ခိုင်းပါတယ်။ မန်းပေါအေးငြိမ်းနဲ့ ပါပါ မကြာခဏ တွေ့ဆုံပြီး မြစ်ဝကျွန်းပေါ်မှာ ရှိတဲ့ ကရင်အမျိုးသားတွေနဲ့ အဆက်အသွယ် ရရန် ပါပါတို့နှစ်ယောက် ကိုယ်တိုင် ဆင်းပြီး စည်းရုံးရန် သဘောတူကြပါတယ်။ မြစ်ဝကျွန်းပေါ်သို့ သွားရန် သတ်မှာတ်ထားတဲ့ အချိန်ဟာ မန်းပေါအေးငြိမ်း ဝန်ထမ်းသင်တန်းကျောင်း ဆင်းတဲ့ အချိန် ဖြစ်ပါတယ်။

ဝန်ထမ်းသင်တန်းကျောင်း မဆင်းမီ ရက်ပိုင်းအလိုမှာ၊ တနေ့သခင်ဗိုလ်က ပါပါ့ကို ဘယ်လို ပြောသလဲဆိုတော့ 'ကျနော်တို့ ဂျပန်တော်လှန်ရေးလုပ်ငန်းဟာ ဒီမှာတင် လုပ်လို့ မပြီးဘူး၊ ကုလားပြည်သွားပြီး လက်နက်ခဲယမ်း မီးကျောက်ယူဖို့ လိုတယ်။ ကျနော်တို့ ကုလားပြည်သွားရင် ကိုဝင်းမောင်ပါ လိုက်စေချင်တယ်' လို့ ပါပါကို ပြောတယ်။ ပါပါလည်း ဂျပန်ကို တော်လှန်ရရင်ပြီးရော ဘာပဲ လုပ်ရလုပ်ရ စိတ်ဓာတ်က ရှိတော့ 'လိုက်မယ်' လို့ ပါပါ ပြန်ပြောပါတယ်။ အဲဒီအချိန်မှာ ပါပါရဲ့ သားဦး (ဌေးဝင်းမောင်တို့ အစ်ကိုအကြီးဆုံး) ကိုမင်းကြည် ခေါ် ကိုအောင်ဝင်း ဟာ အခါလည်ကျော်သာ ရှိပြီး ပါပါရဲ့ ဒုတိယသား လှဌေးလည်း မိုမို (အမေ) ဗိုက်ထဲမှာ ရှိပါတယ်။ ပါပါ့ အနေနဲ့ နောက်ဆံတင်းစရာ ရှိသော်လည်း ဂျပန်ကို တော်လှန်ရမယ်ဖြစ်တော့ သခင်ဗိုလ်ခေါ်တာကို လွယ်လွယ်နဲ့ပဲ လိုက်မယ်လို့ ဖြေလိုက်ခြင်း ဖြစ်ပါတယ်။ ပါပါလည်း မန်းပေါအေးငြိမ်းနဲ့ မြစ်ဝကျွန်းပေါ် ဆင်းပြီး စည်းရုံးစရာရှိလို့ နောက်မှ လိုက်နိုင်မယ့်အကြောင်း သခင်ဗိုလ်ကို ပြောပြပါတယ်။ (သခင်ဗိုလ်တို့ မူလ အစီအစဉ်ဟာ ပါပါ့ကို ပြောပြီး တပတ်အကြာမှာ ကုလားပြည်သွားရန် ဖြစ်တယ်၊ ပါပါက မြစ်ဝကျွန်းပေါ် ဆင်းမယ်ဆိုတော့ ပါပါ ပြန်လာသည်အထိ ကုလားပြည်သွားရန် အစီအစဉ်ကို ရွှေ့ဆိုင်းထားလိုက်ပါတယ်။)

မန်းပေါအေးငြိမ်း ကျောင်းဆင်းပြီး ပါပါတို့ ခရီးစထွက်ပါတယ်။ အနည်းဆုံး ဆယ့်ငါးရက်ကြာမျှ မြစ်ဝကျွန်းပေါ်သို့ လှည့်လည်သွားရန် မူလက ရည်ရွယ်ချက်ရှိသော်လည်း ဆယ်ရက်ထဲသွားရန် သခင်ဗိုလ်က မှာလိုက်ပါတယ်။ ပါပါ ပုသိမ် မွန်ကရင်အထက်တန်းမှာ နေစဉ် သိကျွမ်းခဲ့တဲ့ ကျောင်းနေဖက်သူငယ်ချင်းများ၊ နောက်ပိုင်းမှ သိကျွမ်းတဲ့ မိတ်ဆွေများထံ သွားရောက်ပြီး စည်းရုံးရန် ဖြစ်ပါတယ်။ ပါပါတို့ထွက်တော့ ဂျပန်တော်လှန်ရေး စာရွက်စာတမ်းများ ပါသွားပါတယ်။ ရန်ကုန်မှ ခရီးစထွက်စဉ် ဂျပန်တော်လှန်ရေး စာရွက်စာတမ်းများကို သမ္ဗာန်အမိုးကြားထဲမှာ ထိုးထားပါတယ်။ တွံတေးတူးမြောင်းဝနဲ့ ဆိပ်ကြီးဝမှာ စောင့်နေတဲ့ ဂျပန်သင်္ဘောဆီရောက်တော့ ဂျပန်က ရှာပါတယ်။ အမိုးကို ဆွဲဖြဲ မရှာကြည့်တော့ ဘာမှ မတွေ့ပါ။

ပါပါတို့ စတင်ခရီးထွက်စဉ် သမ္ဗန်ဖြင့် ထွက်သော်လည်း မအူပင် လွန်တော့လမ်းခရီးမှာ လှေတလှည့်၊ သမ္ဗာန်တလှည့် အလျဉ်းသင့်သလို သွားပါတယ်။ ပန်းတနော်မြို့နယ်အတွင်း တဇင်းတော၊ ထောင့်ကြီး၊ ကျောင်းတော်ကလေး၊ မရမ်း၊ စံကျ၊ အိမ်မဲမြို့နယ်အတွင်း ကြုံတိုင်းကြီး၊ ကြုံတိုင်းကလေး၊ ရွှေဇောင်းနယ်အတွင်း ကင်းဝကြီး၊ ပိုက်တန်းဦးတို့ ညောင်ငူ၊ တိုက်ကလား၊ ဝါးခယ်မမြို့နယ်အတွင်း မောင်းတီး၊ လပွတ်တလုပ်ကလေး၊ သပြေချောင်း၊ ကံမငေး၊ ပရွာကလေး အစရှိသော ကျေးရွာများကိုရောက်ရှိပါတယ်။ ရွှေလောင်းနယ် တိုက်ကလားရွာကို လှေဖြင့် ရောက်ပြီး မကြာမီ 'ကျွဲ' ခေါ်တဲ့ လေယာဉ်တစင်း ပေါ်လာပါတယ်။ ပါပါတို့လည်း အိမ်ထဲ ရောက်နေပြီး ဖြစ်တယ်။ လေယာဉ်ဟာ တပတ်နှစ်ပတ် ဝဲကြည့်ပြီး ပြန်သွားပါတယ်။ ဂျပန်ခေတ်မှာ ကုန်းလမ်း၊ ရေလမ်း ခရီးမှာ သွားလာနေတဲ့ မီးရထား၊ မော်တော်ကား၊ ရေယာဉ်၊ လှေ အစရှိသည်တို့ကို 'ကျွဲ' ခေါ်တဲ့ အင်္ဂလိပ် လေယာဉ်က လိုက်လံရှာဖွေ ပစ်ခတ်ပါတယ်။ လေယာဉ်အရောင်ဟာ အမည်းဖြစ်ပြီး အင်္ဂလိပ်လို (?) လို့ ခေါ်ပါတယ်။ ဗမာလို ကျွဲ ဖြစ်ပါတယ်။ ရောက်ရာနေရာများမှာ ကျောင်းနေဖက်သူငယ်ချင်းများ၊ မိတ်သင်္ဂဟများနဲ့ တွေ့ဆုံပြီး ဂျပန်တော်လှန်ရေး ကိစ္စများကို ပြောပြပါတယ်။ စာရွက်စာတမ်းများလည်း ဝေငှပါတယ်။ အားလုံးက ဂျပန်တော်လှန်ရေးကို စိတ်ဝင်စားပြီး လက်နက်သာ ခုရှိရင် ခု တော်လှန်ချင်ကြောင်း ပြောတဲ့ လူတွေ ရှိပါတယ်။ ပါပါ့ကို အများဆုံး အကူအညီပေးတဲ့လူတွေက ပုသိမ် မွန်ကရင်အထက်တန်းကျောင်းမှာ နေစဉ်က ပါပါရဲ့ ကျောင်းနေဖက် သူငယ်ချင်းများ ဖြစ်ပါတယ်။

မြောင်းမြမြို့နယ်ဘက်သို့ သွားပြီး ၎င်းမှတဆင့် ပုသိမ်ဘက်သို့ သွားလိုသော်လည်း အချိန်မရသဖြင့် ပါပါ ရန်ကုန်ပြန်လာပါတယ်။ မန်းပေါအေးငြိမ်းက သူ့ဇာတိရွာ ပန်းတနော်မြို့နယ် ကျောင်းတော်ကလေးသို့ ခဏ ပြန်သွားပါတယ်။ ပါပါ ရန်ကုန်ပြန်ရောက်တော့ သခင်ဗိုလ်တို့က ကုလားပြည်သွားဖို့ အစီအစဉ်တွေ လုပ်နေပါတယ်။ ကုလားပြည်သွားမယ့် လူတွေဟာ ဘီဒီအေ (ဗမာ့ကာကွယ်ရေးတပ်မတော်) ယူနီဖောင်းဝတ်ပြီး တပ်မတော်သား အဆောင်အယောင်အဖြစ် သွားရမယ် ဖြစ်ပါတယ်။ ပါပါက တပ်ကြပ်အဖြစ် သွားရမယ်ဖြစ်တော့ လိုအပ်တဲ့ ယူနီဖောင်းရှာရာ အင်္ကျီ၊ ဘောင်းဘီ၊ ဦးထုပ်ရသော်လည်း ခြေသလုံးမှာ ပတ်ဖို့ (?) ခေါ်တဲ့ သားရေပတ်ကို ရှာမရပါ။ ပါပါက ခြေသလုံးနည်းနည်းကြီးတော့ ပါပါ့အရွယ် ရှာမရပါ။ ဒါနဲ့ ပါပါ့ကို ခြေသလုံးကြီးတဲ့ ဗိုလ်ဗတင် (သံတွဲသား၊ ကွယ်လွန်) ထံမှာ သွားယူရပါတယ်။ ပါပါတို့ မှတ်ပုံတင်လက်မှတ်၊ တံဆိပ်အမှတ်အသား အစရှိသည်တို့ကို သခင်တင်မြ (ယခုလမ်းစဉ်ပါတီ ဗဟိုဌာနချုပ်) က လိုက်လံ လုပ်ကိုင် ရှာဖွေပေးပါတယ်။

ပါပါ ရန်ကုန်မှာ အလုပ်လုပ်စဉ် မိုမို (အမေ)ကို သုံးအိမ်ရွာမှာပဲ ထားခဲ့ပါတယ်။ သုံးအိမ်ရွာရောက်စက ဦးထွန်းရှိန်တို့နဲ့အတူ နေပြီး၊ နောက်ပိုင်း ပါပါတို့ သပ်သပ် အိမ်ထောင် ခွဲနေပါတယ်။ ပါပါ တပတ်တခါ စနေနေ့တိုင်း သုံးအိမ်ရွာပြန်သွားပြီး၊ တနင်္လာနေ့မနက် အစောကြီး ရန်ကုန်ရုံးတက် အမှီ ပြန်လာပါတယ်။ သုံးအိမ်ရွာကို ပါပါနောက်ဆုံး ပြန်သွားတဲ့အခေါက်ဟာ ဘီဒီအေ ယူနီဖောင်း ဝတ်ထားတော့ အားလုံးက ယုံကြည်ကြပါတယ်။ ရွာပြန်သွားပြီး နောက်တနေ့မှာပဲ ပါပါ ရန်ကုန်ပြန်လာပါတယ်။ ကုလားပြည် မသွားမီ နှစ်ရက်သုံးရက် အလိုမှာ တနေ့ည (၇)နာရီ အချိန် သခင်ဗိုလ်က ပါပါ့ကို ဝန်ကြီးသခင်သန်းထွန်းအိမ်သို့ ခေါ်သွားပါတယ်။ ဝန်ကြီးသခင်သန်းထွန်းအိမ်ဟာ ရွှေတောင်ကြားရပ်ကွက်မှာ ရှိပါတယ်။ ဝန်ကြီးအိမ်ရောက်တော့ အပေါ်ထပ် အခန်းတခန်းထဲကို ခေါ်သွားပါတယ်။ အခန်းထဲမှာ လူတွေ လေးငါးယောက်ရှိပြီး ဖယောင်းတိုင်ပဲ ထွန်းထားပါတယ်။ အားလုံး ကြမ်းပြင်ပေါ် ဖျာခင်းပြီး ထိုင်နေကြပါတယ်။ ပါပါနဲ့ သခင်ဗိုလ်လည်း ဝင်ထိုင်ပါတယ်။ ခဏနေ သခင်သန်းထွန်း ဝင်လာပါတယ်။ အခန်းထဲမှာ ရှိတဲ့ လူတွေကို အချင်းချင်း တယောက်စီ မိတ်ဆက်ပေးပြီး ကုလားပြည်သွားမယ့် လူတွေဖြစ်ကြောင်း သခင်သန်းထွန်းက ပြောပါတယ်။ သခင်ဗိုလ်နဲ့ ကက်အိုခေါ် ကိုသန်းက လွဲလို့ ကျန်လူတွေကို ပါပါ တယောက်မှ မသိပါ။ ကုလားပြည်အတူ သွားမယ့် ရဲဘော်များကို ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်ပါတယ်။ အဲဒီအချိန်မှာပဲ သခင်ဗိုလ်က ခေါင်းဆောင်၊ ပါပါက ဒုတိယခေါင်းဆောင်ဆိုပြီး သတ်မှတ်ပါတယ်။ ဂျပန်တော်လှန်ရေးနဲ့ ပတ်သက်၍ ပါပါတို့ လုပ်ကိုင် ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်ကို ပြောပြပါတယ်။ သူပြောတဲ့စကားထဲမှာ ပါပါမှတ်မိသလောက် ဆိုရင် 'သေချင်ရင် သေပါစေ၊ ဂျပန်တော်လှန်ရေးလုပ်ငန်းကိုတော့ အပျက်မခံနိုင်ဘူး၊ ဂျပန်ခေတ်မှာ ဝန်ကြီးလုပ်ရတာ အင်္ဂလိပ်ခေတ်တုံးက ပုလိပ် (ရဲသား) လောက်တောင် နှင် အာဏာမရှိဘူး၊ ခင်ဗျားတို့ ခု ကုလားပြည်သွားတာ မရောက်ရောက် အောင်သွားပြီး ဂျပန်တော်လှန်ရေးအတွက် လက်နက်ခဲယမ်း မီးကျောက်များ ပြန်ယူလာရမယ်၊' အစရှိသည်တို့ ဖြစ်ပါတယ်။

အစီအစဉ်အရ ပါပါတို့ ပထမ မန္တလေးအမြောက်တပ်မှ ဗိုလ်မှူးကြီး ဗထူးဆီ သွားရမယ်၊ ဗိုလ်မှူးကြီး ဗထူးမှတဆင့် အထက်ကို ဆက်လက်သွားရန် ဖြစ်တယ်။ မန္တလေးသွားရန် အာ(ရ်)အီတီ (?)မှ ဦးကျော်ငြိမ်းက စလွန်းကားတစင်း စီစဉ်ပေးပါတယ်။ အဲဒီ စလွန်းကားကို မသွားမီ တရက် သခင်ဗိုလ်အိမ်ကို ပို့ထားတယ်။ ပါပါက ဘီဒီအေယူနီဖောင်း အပြယ့်အစုံနဲ့ ဆိုတော့ ရိုင်ဖယ်သေနတ်နဲ့ လှံစွပ်ပါပါတယ်။ လှံစွပ်ကိုတော့ ခါးမှာ ချိတ်ထားရပေမယ့် ညကျတော့ လှံစွပ်ကို ခါးမှာ ချိတ်ကာ၊ ကားနောက်ဘက်ဝင်ထိုင်ပြီး ရုတ်တရက် တံခါးဖွင့် ဆင်းကြည့်တယ်။ ဆင်းတိုင်း ဆင်းတိုင်း လှံစွပ်ဟာ တံခါးနဲ့ ညှိနေတယ်။ အဲဒီလိုဆင်းကြည့်ရခြင်းဟာ လမ်းမှာ အင်္ဂလိပ်လေယာဉ်ပျံနဲ့ ဆုံရင် ရုတ်တရက် ဆင်းပြေးရမှာဖြစ်လို့ လှံစွပ်ဟာ ကားတံခါးပေါက်နဲ့ ညှိမညှိ သိချင်တဲ့အတွက် ဖြစ်တယ်။

၁၉၄၄ ခု၊ စက်တင်ဘာလ (၁၈) ရက်နေ့နံနက်ပိုင်းမှာ ပါပါတို့ သခင်ဗိုလ်အိမ်မှ နေ၍ စတင် ခရီးထွက်တယ်။ လိုက်ပါသွားတဲ့လူများမှာ ပါပါနဲ့တကွ သခင်ဗိုလ် (ကွယ်လွန်)၊ ဦးကျော်ရင် (မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် - ကွယ်လွန်)၊ ဗိုလ်မှူးချစ်ကောင်း (ကွယ်လွန်)၊ ဦးအုန်းမောင် (လေထီး)၊ ဦးတက်ဥခေါ် ဦးသန်း (ယခုတရုတ်ပြည်ရောက်)နဲ့ ကားမောင်းတဲ့လူ ကိုမြကြည်တို့ ဖြစ်ပါတယ်။ (ရက်စွဲကို ဗိုလ်မှူးချစ်ကောင်းရေး အနှစ်နှစ်ဆယ်ကို မှီငြမ်းပါတယ်။) ကားပေါ်ရောက်တော့ လှံစွပ်ချိတ်ထားတဲ့ ခါးပတ်ကို ဖြုတ်ထားပါတယ်။ ရန်ကုန်မြို့မှ ထွက်ပြီး မင်္ဂလာဒုံလွန်တော့ မိုးရာသီဖြစ်သည့်အားလျော်စွာ လမ်းဘေး နှစ်ဖက်နှစ်ချက်မှာ စပါးပင်များ စိမ်းလန်း စိုပြေနေပါတယ်။ မြကတ္တီပါ ခင်းထားသည့်အလား ဖြစ်နေပါတယ်။ နေ့လယ် (၁) နာရီခန့် အချိန် ပဲနွယ်ကုန်းအထွက်မှာ (ကျွဲ) ခေါ်တဲ့ အင်္ဂလိပ်လေယာဉ်ပျံ နှစ်စင်းဟာ ပါပါတို့စီးတဲ့ကားကို ဘေးတဖက်တစင်း စီယှဉ်ပြီး လိုက်လာတယ်။ (ရွှေလောင်းနယ်တိုက်တဗားရွာမှာ ပါပါကြုံတွေ့ခဲ့တဲ့ လေယာဉ်ပျံမျိုး ဖြစ်တယ်) လေယာဉ်ပျံကို တွေ့တော့ ပါပါတို့ ဆင်းပြေးပါတယ်။ ရန်ကုန်မှ အထွက်မှာ လှံစွပ်တဲ့ခါးပတ်ကို တွေ့တော့ ပါပါဖြုတ်ထားမိလို့ ခုလိုအရေးကြုံတော့ လျောရှုစွာ ဆင်းနိုင်ခြင်းဖြစ်တယ်။ ပါပါတို့ ဆင်းပြေးတဲ့ နေရာဟာ ကမ်းတဖက် တဖက်မှာ အပင်ကြီးများရှိပြီး ညာဘက်ကားလမ်းဘေးမှာ လည်ပင်းအထိ နက်သော ရေမြောင်းရှိပါတယ်။ ရေမြောင်းထဲမှာ ပိန်းပင်များ ပေါက်နေပါတယ်။ ပါပါတို့ အဖော်တွေအားလုံး အဲဒီရေမြောင်းထဲကို ဆင်းပြေးကြပါတယ်။ လေယာဉ်ပျံနှစ်စင်းက ပါပါတို့ကားကို ကျော်သွားပြီးမှ တပတ်ကျော့လာတော့ ပါပါတို့ ရေငုပ်လိုက်ပါတယ်။ ရေငုပ်လိုက်တဲ့အချိန်မှာ စက်သေနတ်သံ ထွက်ပေါ်လာတာကို ကြားရပါတယ်။ လေယာဉ်ပျံသံနဲ့ စက်သေနတ်သံတွေ ပျောက်သွားတော့ ပါပါတို့ ခေါင်းဖော်ကြည့်ရာ ကားမီးလောင်နေတာကို တွေ့ရပါတယ်။ ကားမီးလောင်နေတာကို ကြည့်ရင်း လေယာဉ်ပျံ နောက်တကျော့ ထပ်မံပြန်လာတော့ ပါပါတို့တဖန် ရေငုပ်ရပါတယ်။ နောက်တဖန် ပါပါရေငုပ်မှာ ကျွဲမျှော့ကြီး သုံးလေးကောင် ပါပါ့ဆီ ကူးလာတာကို တွေ့ရပါတယ်။ ဒီတကြိမ် လေယာဉ်ပျံ ပြန်ကျော့လာတော့ ပါပါတို့ကိုပဲ ပစ်မှာပဲလို့ တွက်ဆထားပါတယ်။ ဒါပေမယ့် ပါပါတို့အပေါ် လေယာဉ်ပျံ ရောက်တော့ ပစ်ခတ်သံ မကြားရပါ။ သူတို့ပစ်ထားတဲ့ကား မီးလောင်မလောင် ပြန်ကြည့်ခြင်း ဖြစ်တယ်လို့ပဲ ယူဆရပါတယ်။ လေယာဉ်ပျံနှစ်စင်းဟာ ပါပါတို့ကားကို တွေ့တွေ့ချင်းပစ်ရင် ပါပါတို့အားလုံး သေမှာ သေချာပါတယ်။ ခုတော့ ခရီးသည်ဆင်းနိုင်ရန် ကိုယ်ရောင်ပြပြီးမှ တပတ်ကျော့ပြီး ပြန်လာပစ်တယ်လို့ ယူဆရပါတယ်။

လေယာဉ်ပျံပျောက်သွားတော့ ပါပါတို့လူစုတွေ ကားလမ်းပေါ်သို့ ပြန်တက်ကြပါတယ်။ လူတိုင်း ကိုယ်ပေါ်မှာ ကိုယ်စီ မျှော့တွေ တွယ်ကပ်နေပါတယ်။ ပါပါ့ကိုယ်ပေါ်မှာတော့ ခေါင်းမှာရော လက်မှာပါ မျှော့တွေ တွယ်ထားတော့ လက်နဲ့သပ်ချရတယ်။ သေနတ်သံကြားရစဉ် မျှော့ကြောက်ရမှန်း မသိပါ။ သေနတ်သံပျောက်မှ မျှော့များများ အတွယ်ခံရတော့ အသည်းယားသလို ဖြစ်ပါတယ်။

များမကြာမီ ပဲနွယ်ကုန်းမှ ကူညီရန် ရောက်လာသူများ ကားမီးကို ဝိုင်း၍ သတ်ကြပါတယ်။ ဌာနအုပ် (စခန်းမှူး)လည်း ရောက်လာပါတယ်။ ပါပါတို့ကို ဘီဒီအေ ယူနီဖောင်းနဲ့ တွေ့တော့ တပ်မတော်သားတွေပဲလို့ ယူဆကြပါတယ်။ မီးလောင်နေတဲ့ကားကို ဌာနအုပ်လက်သို့ အပ်ပြီး ဖြူးမြို့သို့ မြင်းလှည်းနဲ့ ခရီးဆက်ထွက်ကြပါတယ်။ ဖြူးမြို့ ရာဇဝတ် ဝန်ထောက် ဦးထွန်းရွှေဆီသွားရန် ဖြစ်တယ်။ ဖြူးမြို့ကို ညဉ့်နက်မှ ရောက်တယ်။ သခင်ဗိုလ်က ရာဇဝတ်ဝန်ထောက်အိမ်မှာ အိပ်ပြီး ပါပါက သခင်ဗိုလ်စီစဉ်ပေးတဲ့ အိမ်တအိမ်မှာ အိပ်ပါတယ်။ နောက်တနေ့ညနေ ဖြူးမှ ရန်ကုန်သို့ ပါပါတို့လူစု မီးရထားနဲ့ ပြန်လာကြပါတယ်။ မိုးလင်းတော့ မီးရထား သင်္ကန်းကျွန်းဘူတာသို့ ရောက်လာတယ်။ သင်္ကန်းကျွန်းဘူတာမှာ ပါပါတို့ ဆင်းပြီး ရန်ကုန်ကို မြင်းလှည်းနဲ့ ပြန်လာကြပါတယ်။ သခင်ဗိုလ်အိမ်အသွား မြေနီကုန်းရောက်တော့ သခင်တင်မြနဲ့ တွေ့တယ်။ သခင်တင်မြက အံ့သြစွာဖြင့် 'ဘယ်လို ဖြစ်လာကြတာလဲလို့' မေးပါတယ်။

ရန်ကုန်ပြန်ရောက်ပြီးနောက် ထပ်သွားရန် အစီအစဉ် လုပ်ရပြန်တယ်။ ဒီတခါ လူခွဲပြီး သွားရန် စီစဉ်ချက်အရ စက်တင်ဘာလ (၂၂) ရက်နေ့မှာ တပ်မတော်မှ ဗိုလ်ကြီးတင်ထွန်း (ထားဝယ်) ရဲ့ ကားနဲ့ ပါပါ၊ ကိုအုန်းမောင် (လေထီးအုန်းမောင်)နဲ့ တက်ခေါ် ကိုသန်းတို့ လိုက်ပါသွားပါတယ်။ (၁၉၇ဝ - ၇၁ ခုလောက်မှာ မန္တလေးမှ ရန်ကုန်မြို့သို့ အမြန်မီးရထားဖြင့် ပထမတန်းတွဲမှာ ပါပါစီးနင်းလာစဉ် ဗိုလ်ကြီးတင်ထွန်းနဲ့ ဆုံကြတယ်။ အဲဒီအချိန်မှာ ဗိုလ်ကြီး မဟုတ်တော့ဘဲ ဦးတင်ထွန်းဖြစ်ပြီး ပလကမှာ တာဝန် ထမ်းဆောင်နေကြောင်း ပါပါ့ကို ပြောပါတယ်။) ဒီတကြိမ် ပထမတကြိမ်လို နေ့ဘက် မသွားဘဲ ညဘက်မှာ သွားပါတယ်။ မော်တော်ကား တညလုံး မောင်းပြီး သန်းခေါင်ကျော်သုံးနာရီ အချိန်ခန့်မှာ မြို့လှ ရေနီသို့ ရောက်ရှိသွားပါတယ်။ အဲဒီအချိန်မှာ အထက်ဘက်မှ ဆင်းလာသော ကုန်ကားတစင်း လမ်းဘေးရပ်ပြီး ဓာတ်ဆီထယ့်နေပါတယ်။ တယောက်က ဓာတ်ဆီထည့်ပြီး တယောက် မီးတိုင်ကိုင်ပြီး မီးပြနေပါတယ်။ အဲဒီ ဓာတ်ဆီထည့်နေတဲ့ ကားကို ကိုက်နှစ်ဆယ်ခန့် ကျော်လွန်သွားတဲ့အခါ ပါပါတို့ကားကို မောင်းတဲ့ ရဲဘော်က သူ့သဘောနဲ့သူ ကားရပ်ပြီး ပါပါတို့ ရောက်တဲ့နေရာကို သိလိုသဖြင့် ဓာတ်ဆီထည့်တဲ့လူကို သွားမေးပါတယ်။ ဓာတ်ဆီထည့်နေတဲ့လူက ရဲဘော်ကို ပြန်လှည့်ကြည့်တော့ ဓာတ်ဆီထည့်တဲ့လက်ပါ လှည့်မိသား ဖြစ်တော့ မီးတိုင်က မီးနဲ့တိုက်မိတယ်။ မီးထတောက်တော့ လန့်ဖြန့်ပြီး ဓာတ်ဆီပုံးကို အပေါ် မြှောက်တင်လိုက်တယ်။ ပုံးမြှောက်တင်ခါမှ ဓာတ်ဆီတွေဟာ သူ့ကိုယ်ပေါ်မှာ ကျဆင်းလာပြီး သူ့တကိုယ်လုံးကို မီးလောင်တယ်။ သူ့ကိုယ်မှ မီးတောက်မီးလျှံထွက်လာတော့ သူ့အနား ဘယ်သူမှ မကပ်ရဲပါ။ သွေးရူးသွေးတမ်း ဖြစ်ပြီး လက်အပ်ချီကာ ပါးစပ်က ကယ်တော်မူပါ ဘုရား ကယ်တော်မူပါဘုရား ရွတ်ဆိုပြီး တလှမ်းချင်း လျှောက်နေတယ်။ ခဏနေ လဲကျသွားပါတယ်။ ပါပါတို့ သွားကြည့်တော့ တကိုယ်လုံးမ ည်းနေပြီး နှုတ်ခမ်းနား တဝိုက်မှာတော့ ဖြူနေတယ်။ ရေသောက်ချင်တယ်၊ ရေသောက်ချင်တယ်လို့ အသံသဲ့သဲ့နဲ့ ပြောနေတယ်။ ပါပါတို့ ခဏနေ ခရီး ဆက်ထွက်ပြီး မိုးလင်းတော့ ပျဉ်းမနားရောက်သွားတယ်။ (မင်းလောင်ခံရတဲ့ လူလည်းအဲဒီမနက် (၉)နာရီ အချိန်မှာပဲ သေဆုံးကြောင်း သတင်း မန္တလေး ရောက်ပြီးနောက် ကြားသိရပါတယ်) ပျဉ်းမနားမှာ သခင်တင်ထွန်း (ကွန်မြူနစ်ပါတီဗဟိုကော်မတီဝင် ကျဆုံး) နဲ့ သခင်ဖေတင့်တို့ဆီမှာ သွားပြီး အနားယူပါတယ်။ အဲဒီအချိန်မှာ သခင်တင်ထွန်းနဲ့ သခင်ဖေတင့်တို့ဟာ မြို့နဲ့ နှစ်မိုင်ခန့် ဝေးတဲ့အရပ်မှာ နေထိုင်ကြပါတယ်။ ပါပါတို့ရောက်သွားတဲ့ အချိန်မှာ သူတို့ တောင်သူလယ်သမား အစည်းအဝေး လုပ်နေကြပါတယ်။ ။

[ ဆက်လက် ဖော်ပြပါမည် ]

Comments