Biography of Mann Win Maung, Burmese President of Burma in 1957

မန်းဝင်းမောင် အတ္ထုပ္ပတ္တိ - အပိုင်း ၁
မှတ်စုမှတ်တမ်း
ဇန်န၀ါရီ ၇၊ ၂၀၀၉

ပြည်တွင်းက ပေးပို့လာတဲ့ မိသားစုမှတ်တမ်းတခုကို ပြန်လည်ရိုက်နှိပ်တင်ပြတာ ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ ပါလီမန်ဒီမိုကရေစီခေတ်မှာ တင်မြှောက်ခံရတဲ့ မြန်မာသမ္မတတဦးရဲ့ ရုပ်ပုံလွှာနဲ့ သမိုင်းမှတ်တမ်းအဖြစ် အမှတ်တရ ဖတ်ရှုနိုင်ရန်ဖြစ်ပါတယ်။ လက်ခံရရှိသမျှကို အပိုင်းလိုက် တင်ဆက်ပေးသွားပါ့မယ်။ (မိုးမခ)


၁၉၅၇ ခု မတ်လ ၁၃ ရက် နံနက် ၁၁ နာရီအချိန်မှာ အတွင်းဝန်များရုံးဝင်း ပြည်သူ့လွှတ်တော်များ အဆောက်အဦးတွင် လူမျိုးစုလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်အမတ်များရှေ့မှောက် နှင့် နိုင်ငံတော် တရားဝန်ကြီးချုပ် ရှေ့မှောက်၌ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ရန် ကျမ်းသစ္စာကို ကျိန်ဆိုပြီး လက်မှတ်ရေးထိုးပြီးတဲ့နောက် ပါပါ နိုင်ငံတော် သမ္မတ ဖြစ်သွားပါတယ်။

လွန်ခဲ့သော နှစ်ပေါင်း ၄ဝ ခန့်ကြာသောအချိန်ကို ပြန်လည်ကြည့်လိုက်သောအခါ …

ပါပါဟာ ၁၉၁၆ ခု ဧပြီလ ၁၇ ရက် မြန်မာသက္ကရာဇ် ၁၂၇၈ ခု၊ တန်ခူးလပြည့် တနင်္လာနေ့ နံနက် ၆ နာရီ အချိန်၊ အဘ ဦးရွှေရင်၊ အမေ ဒေါ်သာယာမှ လှဲဆိပ်ရွာမှာ မွေးဖွားပါတယ်။ လှဲဆိပ်ရွာဟာ ဧရာဝတီတိုင်း ပုသိမ်ခရိုင် ကျုံပျော်မြို့နယ်မှာဖြစ်ပြီး ပုသိမ်မြစ်နှင့် ဆက်လျက်ရှိသော ဓားကမြစ် ညာဘက်ကမ်းခြေပေါ်မှာ တည်ရှိပါတယ်။ ကျုံပျော်မြို့နှင့် ငါးမိုင်ခန့်ဝေးကွာပါတယ်။ လှဲဆိပ်ရွာဟာ မြစ်ကမ်းပါးတလျှောက် ရွာတန်းရှည်ဖြစ်ပြီး ဗမာပိုင်၊ ကရင်ပိုင်ဟူ၍ ခွဲခြားထားပါတယ်။

ရွာတဖက်ကမ်းမှာ ဆန်စက်တလုံး ရှိပါတယ်။ ပုသိမ်မြို့မှ ဂျပန်ဆရာဝန် ဒေါက်တာကီမိုးရာ လာရောက် တည်ထားသော ဆန်စက်ဖြစ်ပါတယ်။ ဆန်ကြိတ်လုပ်ငန်းအပြင် ကြံသကာချက်သော လုပ်ငန်းပါ လုပ်ပါတယ်။ ဆန်စက်ကို ဒေါက်တာကီမိုးရာက သူ့ကိုယ်စားလှယ်နဲ့ လွှဲထားပြီး နွေဦးပေါက်မှစ၍ မိုးကူးသည်အထိ သူကိုယ်တိုင်လာရောက် နေထိုင်ပါတယ်။ သူ လာရောက်နေထိုင်စဉ်အတွင်း ဆေးကုသရေး လုပ်ငန်းကိုပါ လုပ်ကိုင်ပါတယ်။

လှဲဆိပ်ရွာဟာ ပညာတတ်မြောက်တဲ့လူ ခပ်များများ မွေးထုတ်တယ်လို့ဆိုရင် မှားမယ်မထင်ဘူး။ ဘာဖြစ်သလဲဆိုတော့ ဗြိတိသျှခေတ်ကပင် ဆယ်တန်းအောင်၊ ဘီအေအောင် ဆရာဖြစ်သင်အောင်၊ ဆရာဆရာမများ ဘွဲ့ရဆရာဝန်၊ သူနာပြုဆရာမများ၊ စာရေးစာချီများ အစရှိသည်တို့ကို မွေးထုတ်ခဲ့ပါတယ်။ နောင် သမ္မတဖြစ်လာမယ့် ပါပါကိုလည်း မွေးထုတ်ခဲ့ပါတယ်။

ပါပါ့အဖေနှင့် အမေဟာ လယ်သမား သားသမီးများ ဖြစ်ပါတယ်။ လှဲဆိပ်ရွာဟာ ပါပါအမေရဲ့ ဇာတိရွာ ဖြစ်ပါတယ်။ ပါပါအမေရဲ့ ညီအစ်ကို မောင်နှမတွေဟာ လှဲဆိပ်ရွာမှာပဲ စုနေကြပြီး လယ်ယာများ လုပ်ကိုင်ကြပါတယ်။ ပါပါ့အဖေဟာ မူလတန်းဆရာဖြစ်သင် ကျောင်းစာမေးပွဲအောင်ထားတော့ လှဲဆိပ်ရွာနှင့် သိပ်မဝေးသော နော်ဆင်ခေါင်ကြီးရွာမှာ ကျောင်းဆရာလုပ်ရင်း ပါပါအမေနဲ့ အကြောင်း ပါတယ်။

ပါပါ လူ့ပြည်ကို ရောက်လာတဲ့အချိန်မှာ ပါပါ့အဖေဟာ တောကျောင်းဆရာပဲ ဖြစ်နေသေးတယ်။ ပါပါ့မှာ ညီအစ်ကို မောင်နှမ ၄ ယောက် ရှိပါတယ်။ ယောက်ျား ၂ ယောက်၊ မိန်းမ ၂ ယောက် ဖြစ်ပါတယ်။ အကြီးဆုံးက မိန်းမဖြစ်ပြီး ဒုတိယဟာ ပါပါဖြစ်ပါတယ်။ ပါပါ မွေးပြီး နှစ်နှစ်အကြာမှာ ကျုံပျော်မြို့မှာ ပညာအုပ်ရာထူး လစ်လပ်ပါတယ်။ ပါပါ့အဖေဟာ ဆရာဖြစ်လက်မှတ် ရထားတဲ့အပြင် အခြေခံပညာလည်း ရှိတဲ့အတွက် ပညာအုပ်ရာထူးကို လျှောက်တော့ ရပါတယ်။ ပညာအုပ်လုပ်ဟာ ကျုံပျော်မြို့နယ်ထဲမှာရှိတဲ့ ကျောင်းတွေကို လိုက်လံစစ်ဆေးရတယ်။

ပါပါငယ်စဉ်က လှဲဆိပ်ရွာမှာပဲ ကျောင်းနေရပါတယ်။ ပညာအုပ်သား၊ ပညာအုပ်သားဆိုတော့ ထုံးစံအတိုင်း အရေးပေးခဲ့ရပါတယ်။ အရေးပေးခံရလို့ ပါပါက နွဲ့ဆိုး ဆိုးတယ်၊ မဆိုးဘူးဆိုတာတော့ ပါပါ သတိမရဘူးလို့ ပြောတယ်။ ပါပါတို့ ငယ်ငယ်တုန်းက စာသင်တာ သင်ပုန်းကြီးတန်းမှ ၂ တန်းအထိ ကျောက်သင်ပုန်းနှင့် ကျောက်တံကိုသာ သုံးရမယ်။ ကျောက်တံက တနေ့ တချောင်းလောက်ကျိုးတော့ ပါပါ့အတွက် ပါပါ့အဖေက ကျောက်တံကို ဘူးလိုက် ထားပေးတယ်။ ကျောက်တံ ခဏခဏ လုပ်ချိုးတော့ လုပ်ချိုးရကောင်းလားဆိုပြီး ပါပါ့အမေက ပါပါ့ကို တခါတခါ ရိုက်ပါတယ်။ ပါပါ့အဖေကတော့ ဘာမှ မပြောပါဘူး။ ပါပါမွေးပြီး သူ ပညာအုပ်ဖြစ်လို့ ပါပါဟာ သူ့အတွက် လာဘ်ကောင်းတယ်ဆိုပြီး ပါပါ့ကို အလိုလိုက်ထားပါတယ်။

ပါပါ့အဖေ နယ်ထွက် ကျောင်းစစ်ဆေးတဲ့အခါ ပါပါကို တခါတခါ ခေါ်သွားပါတယ်။ တရွာမှ တရွာကို ကူးသန်းသွားလာတော့ လမ်းလျှောက်ရတဲ့အခါလည်း ရှိတယ်။ နွားလှည်းနဲ့သွားရတဲ့အခါလည်းရှိတော့ လမ်းလျှောက်ရတဲ့အခါဆိုရင် ပါပါ့အဖေနဲ့အတူ သွားတဲ့လူတွေက တယောက်တလှည့် ပါပါ့ကို ပခုံးပေါ်မှာ ထမ်းသွားကြတယ်။ ပါပါတို့ ငယ်ငယ်တုန်းက ဗျောက်အိုး ခေါ်တဲ့ ယမ်းနဲ့ ကျောက်ခဲကလေးတွေ ရောထည့်ထားတဲ့ အအုပ်ရှိတယ်။ အဲဒီဗျောက်အိုးကိုပစ်လိုက်ရင် ထိတဲ့နေရာမှာ ပေါက်ကွဲပြီး အသံမြည်တယ်။ ကျောက်ခဲကလေးတွေကတော့ လွင့်စင်ကုန်တာပေါ့။

နောက် မီးအိုး ဆိုပြီး လက်သန်းလောက်အရွယ်၊ ၎င်းထက်ငယ်တဲ့အရွယ် အရှည်က တလက်မ လောက်ရှိမယ်။ ထိပ်မှာ မီးဇာအချောင်းလေး တပ်ထားတယ်။ အဲဒီမီးဇာကို ရှို့လိုက်ရင် မီးအိုးဟာ ပေါက်ကွဲပြီး အသံကြီး မြည်လာတယ်။ ဒီ ဗျောက်အိုးတို့၊ မီးအိုးတို့ဆိုတာ တရုတ်ပြည်က လာတယ်။ ပါပါ ငယ်ငယ်တုန်းက မီးအိုးဖောက်၊ ဗျောက်အိုးပစ် ဝါသနာပါတော့ အဖေ့နောက် ကျောင်းစစ်လိုက်တဲ့အခါ ကျောင်းဆရာတွေက ပါပါ့ကို ဒါတွေပဲ ပေးကြတယ်။ ပါပါအနေနဲ့ မီးအိုး ဖောက်ရမယ်၊ ဗျောက်အိုးပစ်ရမယ်ဆိုရင် ထမင်းစားရမှန်းတောင် မသိဘူး၊ အိမ်မှာနေတဲ့အခါ ထမင်းစားချိန်ကြရင် ပါပါ့အမေက ပါပါ မီးအိုး ဗျောက်အိုးတွေကို သိမ်းထားတယ်၊ ထမင်းစားပြီးမှ ပြန်ပေးတယ်။

ပါပါ့အဖေဟာ ပညာအုပ်ဖြစ်တော့ ကျုံပျော်မြို့မှာ ရုံးထိုင်ပြီးနေတော့ လှဲဆိပ်ရွာမှာပဲ နေတယ်။ မနက် ဆိုရင် သမ္ဗာန်နဲ့ ရုံးတက်ပြီး ညနေဆိုရင် သမ္ဗာန်နဲ့ ပြန်လာတယ်။ ပါပါ ကျောင်းမတက်ရတဲ့နေ့ဆိုလျှင် ပါပါ့အဖေနောက် လိုက်သွားလေ့ရှိတယ်။ တနေ့ ပါပါ့အဖေနောက် လိုက်သွားတော့ ကျုံပျော်မြို့ကို ပုသိမ်အရေးပိုင် လာမယ်ဆိုလို့ အစိုးရ အရာထမ်း၊ အမှုထမ်းတွေ ကြိုဆိုဧည့်ခံဖို့ ပြင်ဆင်မှုတွေ လုပ်နေကြတယ်။

ဗြိတိသျှအစိုးရ လက်ထက်အုပ်ချုပ်မှုစနစ်ဟာ ဗမာပြည်ကို တိုင်းအဖြစ်ခွဲပြီး တိုင်းမှာ ခရိုင်၊ မြို့နယ် ဆိုပြီး ထပ်မံခွဲလိုက်တယ်။ တိုင်းကို ဦးစီးအုပ်ချုပ်တဲ့ အရာရှိကို တိုင်းမင်းကြီး၊ ခရိုင်ကို ဦးစီးအုပ်ချုပ်သောအရာရှိကို အရေးပိုင် ဆိုပြီး ခေါ်ပါတယ်။ (အရေးပိုင်ဟူသော အမည်ကို ဂျပန်ခေတ် လွတ်လပ်ရေးရပြီးနောက် ခရိုင်ဝန်ဟု ပြောင်းလဲခေါ်ဝေါ်သည်။)

မြို့နယ် နှစ်နယ်မှ သုံးနယ်ကို ဦးစီးအုပ်ချုပ်သော အရာရှိကို မြို့ပိုင်၊ သို့မဟုတ် မြို့အုပ် ဆိုပြီး ခေါ်ပါတယ်။ အရေးပိုင်ရာထူး ထမ်းဆောင်သူမှာ များသောအားဖြင့် အင်္ဂလိပ်မျက်နှာဖြူများသာ ဖြစ်ပါတယ်။

အင်္ဂလိပ်မျက်နှာဖြူအရေးပိုင် ကျုံပျော်မြို့သို့ လာသောနေ့မှာ ပါပါ ကျုံပျော်မြို့မှာ ရှိပါတယ်။ အရေးပိုင်ဟာ ပုသိမ်မြို့မှ ကျုံပျော်မြို့သို့ ပုသိမ်မြစ်မှ ဓားကမြစ်အတိုင်း အစိုးရသင်္ဘောဖြင့် လာပါတယ်။ အရေးပိုင် စီးနင်းလိုက်ပါလာတဲ့ သင်္ဘောဟာ နေအိမ်အဖြစ် စက်မပါဘဲ ဆောက်လုပ်ထားသော သင်္ဘောဖြစ်ပြီး၊ ယင်း နေအိမ်သုံးသင်္ဘောကို စက်ပါသော သင်္ဘောက ဆွဲလာရခြင်း ဖြစ်တယ်။ အင်္ဂလိပ်လို… ? ခေါ်တယ်။ ကျုံပျော်ကမ်းနား သင်္ဘောဆိပ်မှာ ရာဇမတ်ကာ၊ ထုံးဖြူသုတ်၊ အုန်းလက်၊ ငှက်ပျောပင်အစ ရှိသည် တို့နဲ့ မွမ်းမံပြင်ဆင်ထားပါတယ်။

ပါပါတို့ အဖော်တစုနဲ့ ခပ်လှမ်းလှမ်းကနေ ကြည့်ပါတယ်။ အရေးပိုင်သင်္ဘော ကပ်ပြီးနောက် နယ်ပိုင်က သင်္ဘောပေါ် တက်သွားတယ် (ကျုံပျော်မြို့ဟာ မြို့နယ်သုံး နယ်ဖြစ်တဲ့ ကျုံပျော်မြို့နယ်၊ ကျောင်းကုန်းမြို့နယ်နှင့် အသုတ်မြို့နယ် များကို အုပ်ချုပ်တဲ့ နယ်ပိုင်ရုံးစိုက်ရာမြို့ဖြစ်ပါတယ်။) ခဏနေ နယ်ပိုင်နဲ့အတူတူ အင်္ဂလိပ်အရေးပိုင်မင်းက ဆင်းလာတယ်၊ နောက် ရာဇမတ် အတွင်းမှာ စောင့်နေတဲ့ အရာရှိတွေကို တဦးစီ လိုက်လံနှုတ်ဆက်တယ်။

ပါပါတို့အဖေက အရာရှိကလေးဆိုတော့ နောက်ဆုံးနားလောက်မှာ နေရတယ်၊ အရေးပိုင်ကို တခမ်းတနား ကြိုဆိုတယ်။ လေးလေးစားစား ဆက်ဆံတာကို ပါပါတွေ့ရတော့ အရေးပိုင် အလုပ်ကို လုပ်ချင်လာတဲ့စိတ် ပါပါ့မှာ ပေါ်လာပါတယ်။ ပါပါ ရွာပြန်ရောက်တော့ ကျုံပျော်မြို့မှာ အရေးပိုင် ရောက်လာလို့ တခမ်းတနား ကြိုဆိုတဲ့အကြောင်း ပါပါ တွေ့ခဲ့ရသမျှကို ရွာက အပေါင်းအသင်းများသာမက ဦးကြီး၊ အရီးများကိုပါ မမောတမ်း ဖောက်သည်ချ ပြောပြတယ်။ ပြောပြရုံတင်မကဘူး၊ ကြီးလာရင်း ပါပါလည်း အရေးပိုင်လုပ်မယ်လို့ ပြောတယ်။

အဲဒီကစပြီး ရွာကလူတွေက မင်း ကြီးလာရင်ဘာလုပ်မလဲလို့ မေးတိုင်း ပါပါ အရေးပိုင်လုပ်မယ် လို့ ပြန်ဖြေတယ်၊ ဒါနဲ့ ရွာကလူတွေ ခပ်များများက ပါပါကို အရေးပိုင်လို့ ခေါ်ကြတယ်။

(၁၉၄၇ ခုနှစ်၊ ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးပြီးနောက် ပါပါဝန်ကြီးဖြစ်လာတဲ့အခါ ရွာကို ပြန်လည်ပါတယ်၊ ရွာရောက်တော့ လူကြီးတချို့က ပါပါကို ဘာပြောသလဲဆိုတော့ မင်း ငယ်ငယ်တုန်းက ကြီးလာရင် အရေးပိုင်ဖြစ်မယ်ပြောပြီး ဖြစ်မယ့်ဖြစ်တော့ ဝန်ကြီးတောင် ဖြစ်နေပါလား ဆိုပြီး ပါပါကို ပြောကြတယ်။)

လှဲဆိပ်ရွာကျောင်းဟာ မြန်မာစာသင်ကျောင်းပဲ ဖြစ်တယ်။ ဗြိတိသျှခေတ် ပညာရေးစနစ်ဟာ အင်္ဂလိပ်လိုချည်း သင်တဲ့ကျောင်း၊ အင်္ဂလိပ် မြန်မာနှစ်ဘာသာ သင်တဲ့ကျောင်း၊ မြန်မာစာသာ သင်သော ကျောင်းဆိုပြီး ၃ မျိုး ၃ စား ဖြစ်ပါတယ်။ အင်္ဂလိပ် မြန်မာ ၂ ဘာသာ သင်သော ကျောင်းတွေမှာ ကျောင်းသူကျောင်းသားများ အနေများကြပါတယ်။

လှဲဆိပ်ရွာကျောင်းမှာ ၃ တန်းအောင်အထိသာ ပါပါ့ကို ကျောင်းထားပြီး ၃ တန်းအောင်ပြီးနောက် ပုသိမ်မြို့ကျောင်းမှာ ဆက်လက် ကျောင်းထားဖို့ ပါပါ့အဖေမှာ အစီအစဉ် ရှိတယ်။ မြို့ကျောင်း ရောက်တော့ အင်္ဂလိပ်စာသင်ရမှာမို့ အင်္ဂလိပ်စာ လိုက်နိုင်အောင် ဆိုပြီး နွေရာသီ ကျောင်းပိတ်ရက်များမှာ ပါပါ့ကို အင်္ဂလိပ်စာ သင်ခိုင်းတယ်။ ပါပါ့ကို အင်္ဂလိပ်စာ သင်ပေးတဲ့ဆရာမဟာ ရွာထဲကပဲ။ သူလည်း ဆယ်တန်းအောင်ပြီး ပုသိမ်မြို့ အင်္ဂလိပ် မြန်မာစာသင် ကျောင်းမှာ ဆရာမ လုပ်တယ်၊ ကျောင်းပိတ်တုန်း သူ့မိဘထံ ပြန်လာခြင်းဖြစ်တယ်။

ပါပါ လှဲဆိပ်ရွာကျောင်းမှာ ၃ တန်းအောင်ပြီး ပုသိမ်ကျောင်းကို ပြောင်းရွှေ့စာသင်ရတယ်။ ပါပါနေတဲ့ကျောင်းဟာ မွန် ကရင် အထက်တန်းကျောင်း ဖြစ်ပါတယ်။ အဲဒီအခါမှာ အစ်မကြီးဟာ မွန်ကရင် အထက်တန်းကျောင်းမှာ သွားနေတာ ၂ နှစ်၊ ၃ နှစ်ရှိသွားပြီး မွန် ကရင် အထက်တန်းကျောင်းဟာ ယောက်ျား၊ မိန်းမရောနေတဲ့ကျောင်း ဖြစ်ပါတယ်။ ရပ်ဝေးမှလာနေသော ကျောင်းသူကျောင်းသားများအတွက် ယောက်ျား ဘော်ဒါဆောင်၊ မိန်းမဘော်ဒါဆောင် ဟူ၍ ခွဲခြားထားပါတယ်။ ပါပါ ပုသိမ်ကျောင်း သွားနေတဲ့နှစ်ဟာ ပါပါငယ်သေးတဲ့အတွက် အထူးကိစ္စတရပ် အနေနဲ့ ပါပါ့အစ်မကြီးနဲ့ အတူတူ မိန်းကလေး ဘော်ဒါဆောင်မှာ နေခွင့်ရတယ်။

အဲဒီတုန်းက ပါပါက သင်တိုင်းပဲ ဝတ်ပါတယ်။ ပါပါ ကျောင်းတက်တော့ သင်တိုင်းပဲ ဝတ်လို့ မင်း မိန်းမလား၊ ယောက်ျားလားဆိုပြီး ကျောင်းသားကြီးတွေရဲ့ မေးမြန်းခြင်းကို ခံခဲ့ရပါတယ်။ ဘော်ဒါမှာ ကျွေးတဲ့ ထမင်းဟင်းတွေဟာ အိမ်မှာနဲ့စာကြည့်ရင် ကောင်းတယ်လို့ မဆိုနိုင်ပါဘူး။

နံနက်ပိုင်း ကျောင်းမတက်မီ တကြိမ်နှင့် ညနေပိုင်း ကျောင်းဆင်းချိန်မှာ တကြိမ်၊ တနေ့ ၂ ကြိမ် ကျွေးပါတယ်။ နံနက်ပိုင်းမှာ ထမင်း၊ ငါးပိရည်နှင့် တို့စရာ၊ ညနေပိုင်းကျတော့ ထမင်းနှင့် ပဲဟင်း၊ ဒါပဲ။ ပါပါ အစားအသောက် ဆင်းရဲမှာစိုးလို့ ပါပါ့အဖေက ပါပါ့အတွက် လပေးနဲ့ အပြင်မှာ ဟင်းလျာ မှာပေးတယ်။ နောက် လူကြုံရင် အိမ်ကနေ ငါးကြော်၊ ငါးပိကြော် အစရှိသည်တို့ကို ပို့ပေးတယ်။

ပါပါ မွန် ကရင် အထက်တန်းကျောင်း ရောက်တဲ့နှစ်မှာ ၃ တန်းမှာ နေရတယ်၊ တောရွာမှာနေစဉ် အင်္ဂလိပ်စာ ကြိုတင် သင်ကြားထားတဲ့အတွက် ၃ တန်းမှာ နေရသော်လည်း ပါပါ့အတွက် အင်္ဂလိပ်စာ အခက်အခဲ မရှိဘူး။ ဟိုစဉ်က အင်္ဂလိပ်စာဆိုလျှင် သင်ပုန်းကြီးတန်းမှနေ သင်ပါတယ်။

ပါပါ ပုသိမ်ကျောင်းရောက်စမှာ အဖေနဲ့အမေကို အောက်မေ့တယ်။ ရွာကိုလည်း အောက်မေ့တယ်၊ နံနက် ၅ နာရီအချိန် ပုသိမ်မှ ဟင်္သာတသို့ ထွက်ခွာတဲ့ မီးရထား ဥသြသံကြားရင် ပါပါ ငိုတာပဲ။

ပါပါ ပုသိမ်ကျောင်း စတင်နေသောနှစ်မှာ ပါပါ့အဖေကိုယ်တိုင် လိုက်ပို့တယ်၊ လှဲဆိပ်ရွာမှ ကျုံပျော်သို့ သမ္ဗာန်စီးရတယ်။ ကျုံပျော်မှ ရေကြည်သို့ ဖွတ်ကား စီးရတယ်။ ဟိုတုန်းက အမေရိကန် ဖို့(ဒ်)ကားပဲ ခေတ်စားပြီး အသုံးများကြတယ်။

ဖို့(ဒ်)ကားကို တောကလူတွေက ဖွတ်ကားလို့ ခေါ်ကြပါတယ်။ ရေကြည်ဟာ ပုသိမ်နဲ့ဟင်္သာတကြားမှာ ရှိတဲ့ ဘူတာမြို့ပဲ။ ရေကြည်ကနေ ပုသိမ်ကို မီးရထား စီးသွားရပါတယ်။ ကျောင်းပိတ်ပြန်တော့လည်း ဒီလမ်းအတိုင်းပဲ၊ ကျောင်းဖွင့်တိုင်း အဖေကိုယ်တိုင် ကျောင်းကိုလိုက်ပို့ပြီး ကျောင်းပိတ်တော့ အဖေ မအားလို့ မလာနိုင်တဲ့အခါ အမေ လာကြိုပါတယ်။ ပုသိမ်သို့ အဖေ လာမကြိုနိုင်သော်လည်း ရေကြည်ဘူတာမှာတော့ အမြဲ လာကြိုပါတယ်။

ပုသိမ် မွန် ကရင် အထက်တန်းကျောင်းမှာ တနှစ်နေပြီးနောက် တနှစ်ကျောင်းဖွင့်တော့ ပါပါ မိန်းကလေး ဘော်ဒါဆောင်မှာ နေခွင့်မရတော့ဘူး။ ပါပါ့အစ်မကြီးလည်း တခြား ကျောင်းတကျောင်းမှာပဲ နေရတယ်။ သင်တိုင်းလည်း မဝတ်တော့ဘူး။ ကျောင်းမဖွင့်မီ ပါပါ့အဖေက ပါပါ့ကို ကျုံပျော်ခေါ် သွားပြီး ရှပ်အင်္ကျီ ဘောင်းဘီတိုတွေ ချုပ်ပေးတယ်။ နောက် ဖိနပ်ဆိုင်မှာ ဘွတ်ဖိနပ်ခေါ်တဲ့ ဖိနပ် အမြင့်စားကို ချုပ်ပေးတယ်။ ကျောင်းတက်တော့ ဝတ်ဖို့ ဖြစ်ပါတယ်။ ပါပါ့အဖေဟာ ပါပါ့ကို ရှပ်အင်္ကျီ၊ ဘောင်းဘီတို၊ ဘွတ်ဖိနပ်တွေ ချုပ်ပေးသော်လည်း ပါပါ့နာမည်ကိုတော့ ဗမာလိုပဲ ပေးပါတယ်။

အဲဒီအချိန်မှာ ပညာတတ်လူတန်းစားတွေဟာ သူတို့ သားသမီးများကို အများအားဖြင့် အင်္ဂလိပ် နာမည် ပေးတဲ့ခေတ် ဖြစ်ပါတယ်။

ပါပါဟာ ငယ်ရွယ်စဉ်ကပင် မတော်တဆ ထိခိုက်ဒဏ်ရာတွေ ရပါတယ်။ ပုသိမ်ကျောင်းမှာနေစဉ် နွေရာသီကျောင်းပိတ်ချိန် တချိန်မှာ ရွာပြန်လာတဲ့အခါ အပေါင်းအသင်းများနဲ့ ကမ်းနား သစ်ပင်မှ နွယ်ကြိုးကို တယောက်တလှည့် တွဲလွဲခိုပြီး၊ ဒန်းအဖြစ် မြစ်ဘက်ကို လွှဲစီးကြတယ်။ ပါပါအလှည့်ရောက်တော့ အဖော်တယောက်နဲ့အတူစီးတော့ မြစ်ဘက်ကို ရောက်သွားတဲ့အခါ နွယ်ကြိုးဟာ ပြတ်သွားပါတယ်။ ဖြစ်ချင်တော့ မြစ်ထဲမှာ ပေါ်ချည်မြုပ်ချည် မျှောလာတဲ့ ငါးငုပ်ပေါ်မှာ ပါပါတို့ ကျသွားတယ်။ ပါပါ့အဖော်က ခေါင်းပေါက်ပြီး ပါပါကတော့ မေးစေ့ထိသွားပြီး အရိုး ပေါ်သွားတယ်။ ပါပါအဖေနှင့် အမေက ပါပါ့ကို ရွာတဖက်ကမ်းရှိ ဒေါက်တာကီမိုးရာဆီ ခေါ်သွားတယ်။ ဒေါက်တာကီမိုးရာက ဆေးထည့်ပြီး ပြန်ချုပ်ပေးတယ်။

နောက် ဒီဇင်ဘာ ခရစ်စမတ် ကျောင်းပိတ်ချိန်တချိန်မှာလည်း ရွာပြန်ရောက်ပြီး ဦးလေးလယ်ထဲကို သွားလည်တယ်။ စပါးရိတ်သိမ်းချိန်ဖြစ်တော့ တလင်းထဲမှာ စပါးနယ်တဲ့လူက နယ်၊ လွေ့တဲ့လူက လွေ့နဲ့ အလုပ်များနေကြတယ်။ ပါပါလည်း တလင်းထဲ လျှောက်ပြေးကစားရင်း ချော်လဲပါတယ်။ ဦးလေး မွေးထားတဲ့ အင်းခွေးကြီးပေါ်မှာ ချော်လဲမိလို့ အင်းခွေးကြီးက ပါပါ့မျက်နှာကို ထကိုက်တယ်။ ဘေးနားက လူတွေက ပါပါမျက်နှာကို ခွေးကိုက်ထားတာ တွေ့တော့ မျက်လုံးကန်းကုန်ပြီလို့ တွက်ကြတယ်။ ခွေးကို မောင်းထုတ်ကြပြီး ပါပါ့ကို လာထူကြတယ်။ ပါပါ့မျက်နှာမှာတော့ သွေးတွေနဲ့ပေါ့။ ကံကောင်းလို့ ခွေးကိုက်တာ မျက်လုံး မထိဘူး။ မျက်လုံးနားမှာ ကပ်ထိတော့ အနာရွတ် ကျန်ရစ်ခဲ့တယ်။

ပါပါကြီးပြင်းလာတဲ့အခါ ဂျပန်တော်လှန်ရေးမှာ လေထီးနဲ့ဆင်းတော့ ပေါင်ကျိုးခဲ့တယ်။ နံရိုးတချောင်းလည်း ကျိုးခဲ့တယ်။ သမ္မတဖြစ်တဲ့အခါမှာ မြင်းပေါ်ကလိမ့်ကျလို့ ဦးခေါင်းခွံ ကွဲအက်သွားတယ်။

၁၉၂၅ ၀န်းကျင်မှာ ငသိုင်းချောင်း ရေကာတာ ကျိုးတယ်။ အဲဒီအချိန်မှာ ပါပါက ပုသိမ်ကျောင်းမှာ စာသင်နေတယ်။ သီတင်းကျွတ်ကျောင်းပိတ်၊ ပါပါပြန်လာတော့ ရေကြည်နဲ့ ကျုံပျော်သွား ကားလမ်း တချို့ ရေမြုပ်နေသေးတာကို တွေ့ရတယ်။ ဒီလိုရေမြုပ်တဲ့နေရာမှာ ကား ဖြည်းဖြည်းမောင်းရတယ်။ ကျုံပျော်ရောက်တော့ ကမ်းနားမှာရှိတဲ့အိမ်တွေ ရေမြုပ်နေသေးတာကို တွေ့ရတယ်။

ဓားကချောင်းလည်း ၄ - ၅ ဆ လောက် ကျယ်သွားတယ်။ ရွာကို သမ္ဗာန်နဲ့ပြန်တော့ ရေမြုပ်နေသေးတဲ့ ရွာနဲ့ဥယျာဉ်ခြံထဲမှာ ခတ်သွားရတယ်။ အိမ်ပြန်ရောက်တော့ အိမ်အောက်မှာ ရေသုံးပေလောက် ရှိသေးတယ်။ ရေကြီးတုန်းက ပျဉ်ပြားခင်းထားတဲ့အဆင့် ရောက်ဖို့ တထွာလောက်ပဲ လိုတယ်လို့ အဖေနဲ့အမေက ပြောပြတယ်။

ပါပါ့အဖေက ငါးယောက်ဆံ့တဲ့ လှေတစင်း ဝယ်ထားတယ်။ ပါပါလည်း ရွာထဲလျှောက်လည်တော့ လှေနဲ့ပဲ သွားရတယ်။ အဲဒီထဲကစပြီး ပါပါလှေလှော် တတ်တယ်။ တခါ ပါပါ့အမေက ပါပါ့ကို မြစ်ဖြတ်ပြီး တဖက်ကမ်းရောက်အောင် လှေလှော်ပြတယ်။ ပြန်လာတော့ ပါပါ့အဖေကသိလို့ လှေမှောက်သွားရင် ဘယ်နှယ့်လုပ်မလဲဆိုပြီး ပါပါ့အမေကို ဆူတယ်။

၁၉၂၇ ခုနှစ်၊ မတ်လမှာ ခါတိုင်းနှစ်များလိုပဲ မွန် ကရင် အထက်တန်းကျောင်းဟာ နွေရာသီအတွက် ကျောင်းပိတ်ပါတယ်။ အဲဒီနှစ်မှာ ပါပါက ၅ တန်းစာမေးပွဲ ဖြေဆိုထားပါတယ်။ ကျောင်းပိတ်ရင် ပါပါ့ အဖေ သို့မဟုတ် အမေ အမြဲတမ်း လာရောက်ကြိုပါတယ်။ အဲဒီနှစ် ပါပါ့အဖေရော အမေပါ မလာကြပါ။ ပါပါ့အဖေက မအားလို့ အမေက သိပ်နေမကောင်းလို့ဆိုပြီး လူကြုံနဲ့ စကားပါးလိုက်ပါတယ်။ အဲဒီနှစ် လူကြုံနဲ့ပဲ ပါပါ ပြန်သွားရပါတယ်။ ရေကြည်ဘူတာကျတော့ အမြဲတမ်းလာကြိုနေတဲ့ ပါပါ့အဖေကိုလည်း ပါပါ မတွေ့ဘူး။ ဘာများဖြစ်နေကြသလဲဆိုတာ ပါပါ့စိတ်ထဲမှာ သံသယ ဝင်လာပါတယ်။

ကျုံပျော်မြို့ကို နံနက် ၁ဝ နာရီအချိန်မှာ ရောက်သွားပါတယ်။ ခါတိုင်းဆိုလျှင် ကျုံပျော်မှာ ထမင်း စားသောက်ပြီးမှ ရွာကို ပြန်လေ့ရှိပါတယ်။ ဒီတခါ ပါပါ ထမင်းစားချင်စိတ်မရှိဘူး။ ရွာကိုပဲ တန်းပြန်ချင်တဲ့စိတ် ပြင်းပြလာတယ်။ ရွာကို နံနက် ၁၁ နာရီအချိန်မှာ ပြန်ရောက်ပါတယ်။ အိမ်ရောက်တော့ ပါပါ ဘာကိုတွေ့သလဲဆိုတော့ ပါပါ့အဖေ နာမကျန်းဖြစ်ပြီး အိပ်ရာပေါ်မှာလဲနေတာ တွေ့ရတယ်။ နေမကောင်းတာ ၂ လ - ၃ လရှိပြီဖြစ်ကြောင်း သိရပါတယ်။ ပါပါ့အမေကတော့ နေကောင်းပါတယ်။ ပါပါ့အဖေရဲ့ရောဂါဟာ ဝမ်းကိုက်ရောဂါ ဖြစ်ပါတယ်။ ကျုံပျော်မြို့က ဆရာလည်း တလ တခါ လာ ရောက်ဆေးထိုး ကုသပေးပါတယ်။

သို့သော် သက်သာလာခြင်း မရှိပါ။ ပါပါပြန်ရောက်သွားတဲ့အချိန်မှာ ပါပါ့အဖေဟာ တော်တော်ကလေး ပိန်သွားပါတယ်။ ကျုံပျော်မြို့က ဆရာဝန်နဲ့ ကုသတာ မသက်သာတဲ့အတွက် ဗိန္ဓောဆရာနဲ့ ထပ်မံ ကုသတယ်။ အကြောင်းမထူးပါ။ ကျုံပျော်မြို့က ဆရာဝန်ရော၊ ဗိန္ဓောဆရာပါ လက်လျှော့လိုက်ကြ ပါတယ်။

၁၉၂၇ ခု၊ မေလ ၂၉ ရက် နံနက် ၂ နာရီအချိန်မှာ ပါပါ အိပ်ကောင်းတုန်း ပါပါအမေက ပါပါ့ကို သားကြီး သားကြီး ထထ လို့ နှိုးပါတယ်။ ပါပါနိုးလာတော့ ပါပါ့အမေက ငိုယိုပြီး 'သားကြီးအဖေ ဆုံးသွားပြီ' လို့ ပါပါ့ကို ပြောပါတယ်။

ပါပါ့အဖေရဲ့အလောင်းကို ရေချိုးပေးကြပြီး အဝတ်အစားများ လဲပေးကြပါတယ်။ ပါပါ့အဖေ သေဆုံးတဲ့ အချိန်မှာ ပါပါအဖေဟာ အရိုးနဲ့အရေလောက်ပဲ ကျန်ပါတော့တယ်။ ရွာရဲ့ ဓလေ့ထုံးစံအတိုင်း ပါပါ့ အဖေအတွက် ခေါင်းစပ်ကြပါတယ်။ ပါပါ ခေါင်းစပ်တဲ့နေရာကို သွားကြည့်တယ်။ ခေါင်းစပ်တဲ့လူတွေက ပါပါ့ကိုတွေ့တော့ သူတို့အချင်းချင်း ဒီကလေးလည်း သူ့အဖေဆုံးလို့ ကျောင်းဆက်နေနိုင်တော့မှာ မဟုတ်ဘူးလို့ ပြောကြတယ်။ ပါပါ့အဖေကို ရွာသင်္ချိုင်းမှာပဲ မြှုပ်နှံ သင်္ဂြိုဟ်ပါတယ်။ လှဲဆိပ်ရွာ သင်္ချိုင်းမှာ ယခုထက်တိုင် ပါပါ့အဖေရဲ့ဂူ ရှိနေပါတယ်။
(ဆက်လက်ဖော်ပြပါမည်)

Comments