ကမ္ဘာကြီး ပြောင်းလဲသွားတဲ့နေ့
ဥတ္တရမွန်း
ဇန်န၀ါရီ ၂၂ ရက်
ဥတ္တရမွန်း
ဇန်န၀ါရီ ၂၂ ရက်
ဇန်န၀ါရီ ၂၀ ရက်၊ ပစိဖိတ် စံတော်ချိန် နံနက် ၉နာရီ ၅မိနစ်မှာ အသက် ၄၇ နှစ်သာ ရှိသေးတဲ့ အိုဘားမားဟာ အေဘရာဟင်လင်ကွန်း သုံးဖူးတဲ့ ကျမ်းစာအုပ်ပေါ်မှာ လက်တင်ပြီး ကျမ်းကျိန်သစ္စာဆိုကာ ပထမဦးဆုံးသော လူမည်း အမေရိကန် သမ္မတ ဖြစ်သွားပါပြီ။ ၀ါရှင်တန်မှာ ပြုလုပ်တဲ့ သမ္မတ ကျမ်းကျိန်ပွဲကို လူပေါင်း ၁ သန်းကျော်လောက် တက်ရောက်ခဲ့ပြီး လူအုပ်ကြီးဟာ ၂မိုင် နီးပါးလောက် ရှည်လျားပါတယ်။ သမ္မတအိုဘာမားရဲ့ မိနစ် ၂၀ လောက်ရှိတဲ့ သမိုင်းဝင်မိန့်ခွန်းကို တကမ္ဘာလုံးက သန်းပေါင်း များစွာသော လူများ နားထောင် ကြည့်ရှုခဲ့ကြပါတယ်။
အင်တာနက်မှ ကြည့်ရှုသူလည်း အလွန်များခဲ့ပြီး ကျမ်းကျိန်ခါနီး အချိန်လောက်မှာ စပြီး အင်တာနက် ကွန်ယက်များ ရပ်တန့်သွားသလောက် ဖြစ်ခဲ့ပါတယ်။ ၁၂ နာရီအတွင်း စီအင်အင်ရဲ့ အင်တာနက်ကနေ တိုက်ရိုက် ကြည့်ရှုတဲ့ အကြိမ်ပေါင်း ၂၅ သန်း ကျော်ခဲ့ပြီး ပြီးခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲတုန်းက ၂၄နာရီအတွင်းကြည့်ရှုတဲ့ အရေအတွက် ၅သန်းကျော်ထက် များစွာ ကျော်လွန်ခဲ့ပါတယ်လို့ စီအင်အင်သတင်းဌာနက ထုတ်ဖော်ပါတယ်။ ယူကျူ (youtube) ကနေ တဆင့် ကြည့်ရှုသူများလည်း ၃ သန်းကျော်ရှိပါတယ်။
အိုဘားမားရဲ့ဖခင် မွေးဖွားရာနိုင်ငံ ကင်ညာ နဲ့ အိုဘားမားငယ်စဉ်က ကျောင်းတက်ဖူးတဲ့ အင်ဒိုနီးရှားနိုင်ငံတို့သာမက အခြား အာရှ၊ ဥရောပ၊ အာဖရိကနဲ့ လက်တင်အမေရိက နိုင်ငံများကပါ အိုဘားမားကို ဂုဏ်ပြု ကြိုဆိုတဲ့ ပွဲတွေ ပြုလုပ်ခဲ့ပါတယ်။
တောင်အာဖရိက သမ္မတဟောင်းဖြစ်တဲ့ နယ်ဆင်မင်ဒဲလား (Nelson Mandela)က အိုဘားမားဆီသို့ ပေးပို့တဲ့ ဂုဏ်ပြုစာထဲမှာ “သင် သမ္မတအဖြစ် ရွေးချယ်ခံရခြင်းဟာ လူသားများအတွက် ပိုကောင်းမယ့် ကမ္ဘာကြီးဖြစ်အောင် ဖန်တီးနိုင်မယ်၊ ပြဿနာတွေကို ဖြေရှင်းနိုင်မယ် ဆိုတဲ့ မျှော်လင့်ချက်အသစ်ကို ပေးနိုင်ခဲ့ပါတယ်” လို့ ရေးသားထားပါတယ်။
ကင်ညာမှာ ရိုးရာအကများ၊ အစားအသောက်များနဲ့ ရုပ်ရှင်ပိတ်ကားကြီးတွေကို ထောင်ပြီး ကျမ်းကျိန်ပွဲ အခမ်းအနားကို ကြည့်ရှု အားပေးခဲ့ပါတယ်။ အိုဘားမားနဲ့ ဆွေမျိုးဆက်စပ်မှုရှိတဲ့ အဘိုးရဲ့ အဘိုး နေထိုင်ခဲ့ဖူးတဲ့ အိုင်ယာလန်နိုင်ငံက Moneygall လို့ ခေါ်တဲ့ ရွာလေးမှာလည်း အနီ၊ အဖြူ၊ အပြာရောင် အလံများနဲ့ တန်ဆာဆင်ကာ ဂုဏ်ပြု ကြိုဆိုပါတယ်။ ဘရားဇီးနဲ့ အိန္ဒိယနိုင်ငံမှာလည်း ကျောင်းသူ ကျောင်းသားများက အိုဘားမားရုပ်ပုံ မျက်နှာဖုံးကို စွပ်ကာ အထိမ်းအမှတ်ပွဲ လုပ်ပါတယ်။ Guyana လို့ အမည်ရတဲ့ တောင်အာဖရိကနိုင်ငံလေးမှာ အလုပ်ရုံ တော်တော်များများကို နေ့လည်ခင်းမှာ ပိတ်ပေးလိုက်ပြီး အလုပ်သမားတွေကို ကျမ်းကျိန်ပွဲ ကြည့်ရှုစေခဲ့ပါတယ်။
ပီရူးနိုင်ငံရဲ့ မြို့တော် လီမာ(Lima)တွင် ဘရာဇီး၊ ပီရူး၊ မက်ဆီကို၊ ဘိုလီးဗီးယားနိုင်ငံသား shaman ဘာသာဝင် တချို့က ရိုးရာပူဇော်မှု ပုံစံဖြင့် ကခုန်ကာ ပါးစပ်မှလည်း “အိုဘားမား … အိုဘားမား…” ဟု ရေရွတ်ပြီး အိုဘားမား ဓာတ်ပုံပေါ်ကို ပန်းများ ကြဲချပါတယ်။ “ရှေးခေတ်ကတော့ ဒီရိုးရာပူဇော်မှုဟာ ဘုရင်တွေအတွက် ဖြစ်ပါတယ်။ အခုဟာက အိုဘားမားအတွက် ရည်ရွယ်ပြီး လုပ်တာပါ၊ ဘာလို့လဲဆိုတော့ အိုဘားမားရဲ့ နှလုံးသားဟာ ကမ္ဘာကြီးတစ်ခုလုံးအတွက် ဖြစ်ပါတယ်” လို့ ပြောပါတယ်။
လန်ဒန်မှာလည်း နာမည်ကျော် Madame Tussauds ဖယောင်းပြတိုက်မှာ ပြထားတဲ့ အိုဘားမားပုံတူ အသစ်ကို ကြည့်နိုင်ဖို့ လက်မှတ် အခမဲ့ ပေးပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့က Menteng 1 Elementary မူလတန်းကျောင်းလေးမှာ ငယ်စဉ်က အိုဘားမားနဲ့ ကျောင်း အတူတက်ဖူးတဲ့ ကျောင်းသားဟောင်းတစုဟာ တီဗွီကနေ ကျမ်းကျိန်ပွဲကို အတူ ကြည့်ရှုကြပါတယ်။ မူလတန်း ကျောင်းသားဘ၀က အိုဘားမားကို Barry လို့ ခေါ်ကြပါတယ်။ “အခု အမေရိကန်သမ္မတဟာ တချိန်တုန်းက ကျောင်းနေဘက် ဆိုတာ သိရလို့ ကျနော် ဂုဏ်ယူမိပါတယ်” လို့ ကျောင်းသားဟောင်း Rully Dasaad က ပြောပြပါတယ်။
ဂျော့ဘုရှ်က သူရဲ့ သမ္မတ သက်တမ်း နောက်ဆုံးနေ့မှာ နှုတ်ခွန်းဆက် ဂုဏ်ပြုစာတိုလေးကို ကဒ်ပြားလေးတခုမှာ ရေးပြီး Oval Office လို့ ခေါ်တဲ့ သမ္မတရုံးခန်းထဲက စားပွဲ အံဆွဲလေးထဲကို ထည့်ထားခဲ့ပါတယ်။
(ဇန်န၀ါရီ ၂၁ နေ့ထုတ် San Francisco Chronicle မှ ကောက်နုတ်သည်။)
Comments