မြန်မာပြည်စီးပွားရေးပိတ်ဆို့မှု အရှေ့တီမောသမ္မတ ကန့်ကွက်
DPA သတင်းဌာန
ဇန်န၀ါရီ ၁၁၊ ၂၀၀၉
ဘန်ကောက်တွင် ယနေ့တွေ့ရသော မစ္စတာဟော်တာ (photo: Reuters)
DPA သတင်းဌာန
ဇန်န၀ါရီ ၁၁၊ ၂၀၀၉

အနာဂတ်တွင်ရွေးကောက်ခံရမည့် အစိုးရ တည်ငြိမ်ရေးအတွက် အနောက်နိုင်ငံတို့၏ မြန်မာပြည်အား စီးပွားရေးပိတ်ဆို့သည့် မူဝါဒကို ပြန်လည်သုံးသပ်ရန် အရှေ့တီမော သမ္မတက ယနေ့ ပြောကြားလိုက်သည်။
"ဒီအချက်နဲ့ပတ်သက်ပြီး ကျနော်တို့ လက်တွေ့မကျဘူး ဆိုရင် မြန်မာပြည်အတွက် ပြေလည်စရာနည်းလမ်းက ခုလည်း ရှိမှာမဟုတ်ဘူး၊ နောင်လည်း ရှိမှာမဟုတ်ဘူး" ဟု သမ္မတ ဟော်တာက ဘန်ကောက်တွင် ရောက်ရှိစဉ် ပြောလိုက်သည်။
၁၉၉၆ နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင် မစ္စတာဟော်တာက မြန်မာ၊ ကျူးဘားနိုင်ငံတို့အပေါ် ပိတ်ဆို့ထားမှုများနှင့် ပတ်သက်ပြီး ထပ်မံ ဖော်ပြလိုက်ပြီးဖြစ်သည်။ သူ၏ အငြင်းပွားဖွယ် အယူအဆကို ကုလသမဂ္ဂ နှင့် အခြား ဆွေးနွေးပွဲများတွင် ချပြပြီးဖြစ်သည်။
သူတို့ခေါင်းဆောင်တွေရဲ့ မကောင်းမှုတွေအတွက် ပြည်သူလူထုကိုတော့ ဒဏ်မခတ်သင့်ပါဘူး ဟု မစ္စတာဟော်တာက ဆိုသည်။
၁၉၈၈ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုက မြန်မာစစ်အစိုးရကို စီးပွားရေးပိတ်ဆို့မှုများ စတင်ပြုလုပ်ခဲ့သည်။ ထိုစဉ်က ဒီမိုကရေစီရေးလှုပ်ရှားမှုကို စစ်အစိုးရက ချေမှုန်းရာ လူပေါင်း ၃၀၀၀ အထိ သေဆုံးခဲ့ရသည်။
ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ စသည့် အဖွဲ့များကလည်း ထိုအချိန်ကစတင်ပြီး မြန်မာပြည်သို့ ကူညီမှုများ ရပ်ဆိုင်းခဲ့သည်။
ဥရောပ ပါလီမန်ကလည်း ကူညီထောက်ပံ့ရေးလုပ်ငန်းများ၊ စစ်အစိုးရခေါင်းဆောင်များအား၎င်းတို့ထံသို့ ပြည်ဝင်ခွင့်ပေးမှု စသည်တို့နှင့်ပတ်သက်ပြီး စည်းကမ်း တင်းကြပ်ခဲ့သည်။
၂၀၀၅ ခုနှစ်က မစ္စတာဟော်တာ၏ မြန်မာပြည်ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပါကြောင်း ထုတ်ဖော်ပြသခဲ့ဖူးသည်။
နှစ်ပေါင်းများစွာကြာမည့် မြန်မာပြည်ဒီမိုကရေစီဖော်ဆောင်ရေး လုပ်ငန်းစဉ်တွင် တပ်မတော်၏ ပါဝင်မှု လိုအပ်မည်ဟု မစ္စတာဟောတာက ယနေ့ ပြောကြားလိုက်ခြင်းဖြစ်သည်။ တပ်မတော်သည် ၁၉၆၂ ခုနှစ်မှစတင်ပြီး နိုင်ငံကို အုပ်ချုပ်လျက်ရှိသည်။
“ထိုင်းမှာပဲဖြစ်ဖြစ်၊ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားမှာပဲဖြစ်ဖြစ် ကြည့်လိုက်ပါ၊ တပ်မတော်ဟာ လူမှုအသိုင်းအ၀ိုင်းထဲမှာ ရှိနေတယ်၊ နိုင်ငံတခုရဲ့ အစိတ်အပိုင်းဖြစ်တယ်” ဆို မစ္စတာဟော်တာက ပြောလိုက်သည်။
“တပ်မတော်က အာဏာကို လက်လွတ်လိုက်ပြီ ဆိုပါစို့၊ ဘယ်အရပ်သား ခေါင်းဆောင်ပဲ ရွေးကောက်ခံရသည် ဖြစ်ပါစေ တပ်မတော်ရဲ့ ထောက်ခံမှု အပြည့်အ၀ မရဘဲနဲ့ ရပ်တည်နိုင်မှာ မဟုတ်ပါဘူး” ဟု ဆိုသည်။
မစ္စတာဟော်တာသည် အရှေ့တီမောနိုင်ငံ၏ လွတ်လပ်ရေးသူရဲကောင်းတဦးဖြစ်သည်။
၁၉၇၅ ခုနှစ်က မစ္စတာဟော်တာသည် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူနေစဉ် အင်ဒိုနီးရှားက ၎င်း၏နိုင်ငံအား ကျူးကျော်သိမ်းပိုက်ခဲ့သည်။ ပြည်ပြေးဘ၀ဖြင့် ၂၄ နှစ်ကြာ ပြည်ပတွင် နေထိုင်ခဲ့ရသည်။ အရှေ့တီမော လွတ်မြောက်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး၊ အင်ဒိုနီးရှား၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဝေဖန်ခဲ့သည်။
အရှေ့တီမောသည် ၂၀၀၂ ခုနှစ်တွင် အချုပ်အခြာအာဏာကို ပြန်လည်ရရှိခဲ့သည်။
Comments