မြို့တော်မှာ နေနေတဲ့ မြို့တော်သားတွေ ရနိုင်ခဲတဲ့ အရာတွေကို တဝကြီး ခံစားလို့နေတတ်ပါတယ်။ နေ့စဉ်ရက်ဆက်လို့ ပြောရမလောက်ပါပဲ။ မိုးမျှော်တိုက်ကြီးတွေ တစတစ နိုးထလာခဲ့တဲ့ ကျနော်တို့ရဲ့ ခေတ်သစ်မြို့တော်ကြီးဟာ သဘာဝ အလှတရားများနဲ့ ဆန့်ကျင်ဖက် အရပ်ဆီကို အမြန်နှုန်း ကောင်းကောင်းနဲ့ ချီတက်နေပြီဆိုတာကိုလည်း မစဉ်းစားဘဲ မနေနိုင်အောင် ဖြစ်ရပါတယ်။ လိုအပ်ချက်နဲ့အညီ ဖြစ်တည်လာတဲ့အရာတွေဟာ မလိုအပ်တဲ့အရာတွေ ကိုလည်း တပါတည်း သယ်ပိုးလာခဲ့ကြောင်းကိုလည်း တွေးနေမိတတ်ပါတယ်။လောကဖြစ်စဉ်တို့ဟာ အရာရာမှာ အချိုးညီ လှပစွာ မဖြစ်နိုင်တာကလည်း သဘဝတရားရဲ့ ပြဌာန်းချက်တစ်ခုပင် မဟုတ်ပါလား။
ဟိုးအနောက် မိုးကုတ်စက်ဝိုင်းကြီးရဲ့ အောက်ဖက်ဆီကို ခေါင်းလျှိုငုံ့ဆင်းသွားတဲ့ နေလုံးနီနီကို ဆည်းဆာချိန်ရောက်တိုင်း စောင့်မျှော်ကြည့်နေမိခဲ့တာ အတန်ကြာခဲ့ပါပြီ။ အလင်းရှိန်တို့ တစတစ လျော့ပါးသွားတဲ့ ကမ္ဘာလောကကြီးကို ကြည့်မျှော်ပြီး အနာဂတ်ဘဝ ခရီးဦးဆီကို စိတ်အစဉ် ပြေးသွားတဲ့အခါလည်း ရှိရဲ့။ မှိန်ဖျော့ဖျော့ ဖြတ်လျောက်လာခဲ့တဲ့ ငယ်စဉ်အတိတ်ဘဝရဲ့ အပိုင်းအစများဆီသို့လည်း ငဲ့စောင်းမိတဲ့အခါလဲ ရှိရဲ့။ အမျိုးအမည်တပ်ပြဖို့ တိကျ သေချာစွာ မဖြစ်နိုင်တဲ့ ရေရာခြင်းမဲ့ စိတ်ခံစားမှု လှိုင်းဂယက်ကြားမှာ လူးလွန့်လှုပ်ရှားရင်း သံဝေဂဆန်တဲ့ တွေးခေါ် မြော်မြင်မှုများစွာ ဝန်းရံလျက်။
မြင်ကွင်းအာရုံတို့ရဲ့ ဆွဲဆောင်ညှို့ယူမှုကပဲ အတွေးရေယာဉ်တို့ကို လှိုင်းဂယက် ထန်စေသလား။ ဒါမှမဟုတ် အတွေးပုံရိပ်တို့ရဲ့ မငြိမ်သက်မှုကပဲ မြင်ကွင်းအာရုံတို့ကို တုန်ခါစေသလား။ မောပြီး ကျန်နေရစ်ခဲ့တဲ့ အချိန်တခုကိုတော့ တိမ်ရောင်စုံ တောက်ပတဲ့ ဆည်းဆာအောက်မှာ မမုန်းရက်နိုင်စွာ ပိုင်ဆိုင်ခွင့် ရနေတတ်လေရဲ့။
နောက် နောက်များဆီက တခုတ်တရ မရှိလှတဲ့ မွေးနေ့ဆိုတဲ့ အရာတခုကလည်း အကြိမ်များစွာ စိတ်ကူးအာရုံထဲ ပေါ်လို့ လာတတ်သေးတယ်။ ဖေဖော်ဝါရီလ (၁၁) ရက်။ အဲဒီနေ့ဟာ ကျနော့်ရဲ့ မွေးနေ့ပေါ့။ လူ့သက်တမ်းရဲ့ တဝက်နီးပါး ကာလယန္တရားကို သမားရိုးကျ ဖြတ်သန်းရင်း ကိုယ့်မွေးနေ့ ဘယ်နေ့လဲဆိုတာ မစဉ်းစားမိဘဲ နှစ်ပတ်လည်မွေးနေ့များကို ကျော်လွန်ခဲ့တဲ့နှစ်များ မနည်းလှဘူး။ အနောက် မိုးကုတ်စက်ဝိုင်းဆီ ငုတ်လျိုးပျောက်ကွယ်သွားလေတဲ့ နေလုံးနီနီကို တမင် ကြည့်ဖြစ်လာကာမှ ကျနော်ရဲ့ မွေးနေ့ကို အထူးသတိပြု အမှတ်ရလာမိပါတယ်။ တိုက်ဆိုင်စွာပါပဲ။ နေလုံးနီနီကို ကြည့်ဖြစ်တာက ကျနော့်မွေးလဖြစ်တဲ့ ဖေဖော်ဝါရီဆန်းစနဲ့ ဇန်နဝါရီနှောင်းပိုင်း နေဝင်ရီ အလှတွေကိုလေ။
အတွေးပုံရိပ်ဆိုတာ တခါတခါ အိပ်မက်အလားပါပဲ။ ကြောင်းကျိုးဆက်နွယ်မှု ရှိသော၊ မရှိသော။ ယုတ္တိတန်သော၊ မတန်သော စောကြောမနေဘဲ ကြုံသလို ပေါ်လာတတ်ပါတယ်။ နှစ်သက် ကြည်နူးဖွယ်၊ အားလျော့စိတ်ငယ်ဖွယ်၊ လွမ်းမောတသဖွယ်၊ အစုံပါပဲ။ မွေးနေ့ကို သတိတရဖြစ်မိတော့ သေနေ့ဆိုတာကိုလည်း ဆင်ခြင်မိလာပါတယ်။
နေ့လယ်ပိုင်းဆီက အရှိန်ညီးညီးနဲ့ တထိန်ထိန် ထွန်းတောက်ပခဲ့တဲ့ နေမင်းကြီးဟာ တစစနဲ့ အမှောင်ထုအောက်ကို ပျောက်ကွယ်သွားလိုက်တာ။ ဘဝတွေဆိုတာလည်း စဉ်းစားကြည့်မိပါတယ်။ နေမင်းကြီး အလားပမာပါပဲ။ အားလုံး အားလုံးသော သူတို့ရဲ့ ဘဝတွေဟာ နေမင်းကြီးနဲ့ တူသတဲ့လား။ မပြီးဆုံးနိုင်တဲ့ အတွေးရေလျဉ်ကြောမှာ လိုက်ပါ စီးမျောနေမိပါတယ်။
နေမင်းကြီးကတော့ လောကသားတွေ မမြင်မတွေ့နိုင်မီကတဲက သူ့ရဲ့တောက်ပတဲ့အရုဏ်အဆင်းနဲ့ ကမ္ဘာလောကဓာတ်ကြီးကို ဖုံးလွှမ်းကာ မိုးနေတဲ့ အမှောင်ထုကို ထိုးဖောက်ပြီး အလင်းဓာတ် စွမ်းအားကို ဖြန့်ကျက် ပေးဝေ နှုတ်ခွန်းဆက်နေပြီလေ။ စိတ်သစ်၊ လူသစ်၊ အားမာန်သစ်နဲ့ တနေ့တာအတွက် သက်ဝင် လှုပ်ရှားနိုင်စေဖို့။ ခွန်အားသစ်တွေ ပေးလို့ပေါ့။ လောကသားတွေ တက်ကြွစွာ နိုးထပါစေတော့ပေါ့လေ။ ဝင်းပတဲ့ရောင်ခြည်သစ်တွေ၊ နွေးထွေးတဲ့ စွမ်းအင် အလှတွေနဲ့ ကမ္ဘာလောက ချမ်းမြေ့ သာယာရှိစေဖို့။ ပန်းမန်များလည်း ပွင့်စေဖို့။ ငှက်ငယ်များလည်း တေးဆိုဖို့။
ဘဝ။ ကျနော်တို့ လူသားများရဲ့ ဘဝကရော။ ကမ္ဘာလောကအတွက် ဘယ်လောက်များ အလှဆင်နိုင်ပါသတဲ့လဲ။ သန့်စင်စွာနဲ့ အတ္တကောင်းကျိုး၊ ငြိမ်းချမ်းစွာနဲ့ လောကကောင်းကျိုး။ ဘယ်အတိုင်းအတာအထိ ဆောင်ကြဉ်းနိုင်ပါသတဲ့လဲ။ ဘယ်လောက်ထိများ ဆောင်ရွက်နိုင်ခဲ့ပါပြီလဲ။ စဉ်းစားသင့်လှပါတယ်။
နေမင်းကြီး ကွယ်ပျောက်၊ အမှောင်ထုတွေ အင်အားကြီးမားစွာ ဖုံးလွှမ်းရောက်ရှိလို့လာမှာ မလွဲနိုင်သလို ကျနော်တို့ ဘဝ နေဝင်ချိန်ဆိုတာကလည်း မလွဲမသွေ ဧကန် ရောက်လာမယ်ဆိုတာကလည်း သေချာတဲ့အရာပဲဖြစ်တယ်။ နေညိုချိန်ရောက်၊ နေမင်းကြီး ကွယ်ပျောက်ကာမှ ပျောက်ကွယ်သွားလေတဲ့ နေမင်းကို နှမြောတသပြီး ငိုကြွေးနေမယ်ဆိုရင်ဖြင့် ပေါ်ထွက်လာတဲ့ လမင်းကို မမြင်ရရုံမှတပါး ဘာအကျိုးမှ ရရှိလေမှာ မဟုတ်ပါဘူး။
ဆိုကြတယ် မဟုတ်လား။
“ တနေကွယ်၊ သေနယ်သို့၊ တခါကူး၊
မေ့လျော့ကာ၊ သေဘူးထင်ပါနှင့်၊
နေကွယ်တာ၊ အချိန်များရင်၊
သေနယ်ကို၊ တကြိမ်သွားရလိမ့်မယ်၊
တားမရဘူး” ရယ်လို့။
နောင်ဘဝ သံသရာဆိုတာ ဝေးကွာ၊ လှမ်းတာမို့ အသာထားပါဦးတော့။ ကျနော်တို့ရဲ့ ဘဝနေဝင်ချိန်လို့ဆိုရမယ့် ဇရာပန်းများ ပွင့်လန်းချိန် ရောက်ပါရင် ဖြတ်သန်းလာခဲ့တဲ့ ဘဝလမ်းကြောင်းကို ဘယ်လိုပုံဟန်နဲ့များ လျှောက်လှမ်းခဲ့ပါသလဲလို့ စဉ်းစားမိပါလိမ့်မယ်။ အကြိမ်များစွာ မဟုတ်လေသည့်တိုင်အောင်ပေါ့လေ။ ဒီလိုစဉ်းစားမိတဲ့အခါတိုင်း ကြည်နူးဖွယ် ကောင်းတဲ့ လှပငြိမ့်ညောင်းတဲ့ ရင်လှိုင်းခတ်သံတို့ ရင်တွင်းမှာ ဖြစ်ပေါ်လာစေနိုင်မှသာ ကျနော်တို့ရဲ့ ဘဝဆည်းဆာ နေညိုချိန်များဟာ အဓိပ္ပာယ်ရှိတဲ့ အချိန်များ ဖြစ်လေမှာပါ။ နာကျင်ကြေကွဲစွာ၊ စိုးရွံ့ထိတ်လန့်စွာ၊ ပတ်ဝန်းကျင် အဝန်းအဝိုင်းအလယ်မှာ မျက်နှာ ဝှက်ကာပြီး ဘဝနေညိုချိန်ကို ဖြတ်သန်းရမယ်ဆိုလျင်ဖြင့် အလွန်မှပဲ ဝမ်းနည်းဖွယ်ရာ ကောင်းလေမှာပါ။
တိမ်ရောင်စုံတောက်ပ၊ ကြည့်ရှုငေးမောလို့ မဝနိုင်လောက်အောင် ဆန်းကြယ်လှပလေတဲ့ ချုပ်ညနေရီရဲ့ ဆည်းဆာအလှတွေကို ကွယ်ပျောက်လေတော့မည့် နေမင်းက ဖန်ဆင်းပေးနိုင်ခဲ့သလို ကျနော်တို့ရဲ့ ဘဝဆည်းဆာတွေ ငြိမ်းချမ်း လှပ သာယာပြီး၊ ကျနော်တို့ဘဝ နေညိုချိန်ကို မျှော်ငေးတမ်းတပြီး အားကျ အတုယူနိုင်စေဖို့ ကျနော်တို့ လူငယ်မျိုးဆက်တို့အတွက် အမွေကောင်းတို့ကိုသာ ချန်ထားရစ်ခဲ့ဖို့ သင့်တယ် မဟုတ်လား။
ပတ်ဝန်းကျင်ဘဝအတွက်၊ ကမ္ဘာလောကအတွက် မပြေပြစ် မချောမွေ့မှုတွေ၊ အဖုအထစ် အထုံးအဖွဲ့တွေသာ ကျနော်တို့ ချန်ထားရစ်ခဲ့မယ်ဆိုလျှင်ဖြင့် သဘာဝတရားက ကျနော်တို့ကို တရားမျှတစွာ ကျိန်ဆဲနေမှာ အမှန်ပါပဲ။
ပတ်ဝန်းကျင်ကမ္ဘာလောကဆီကနေ ကျနော်တို့ ထုတ်ယူသုံးစွဲခဲ့တဲ့အရာတွေအတွက် ပြန်လည် ပေးဆပ်ဖို့ဆိုတာလည်း ကျနော်တို့ အသီးသီးမှာ တာဝန်ရှိနေပါတယ်။ ဒီတာဝန် မကျေရုံမက ကမ္ဘာလောက အလှပျက်သုဉ်းစေမယ့်၊ အကျည်းတန် အရုပ်ဆိုးစေမယ့်၊ မလိုလားအပ်တဲ့ အကျိုးဆက်တွေကိုသာ ဖြစ်လာစေဖို့ ကျနော်တို့ ဖန်တီးနေကြမယ် ဆိုရင်ဖြင့် ကျနော်တို့ထက် မိုက်မဲသော၊ ကျနော်တို့ထက် ရိုင်းစိုင်းသော သတ္တမျိုးနွယ်စုဆိုတာ ရှာဖွေလို့ ရနိုင်မယ် မဟုတ်ပေဘူး။
ဒီတော့ ကျနော်တို့ဘဝ မွန်းတည့်ချိန်၊ ကျနော်တို့စွမ်းအား ပြည့်ဝချိန်မှာ ကမ္ဘာာလောက ပတ်ဝန်းကျင်ဘဝအတွက် ကိုယ်စီကိုယ်ငှ အလှဆင်သင့်ကြတယ် မဟုတ်ပါလား။
တနေ့တာကာလမှာ ကုသိုလ်၊ဥစ္စာ၊ ကျန်းမာရေး၊ ပညာရေး၊ တန်ခိုးဂုဏ်သိန် ဒီငါးမျိုး တမျိုးမျိုးမှ အကျိုးမရလေဘဲ ကုန်သွားတဲ့နေ့ဟာ ဝမ်းနည်းစရာ အကောင်းဆုံးနေ့ပါပဲ။ မသေခင်က အသေဖြစ်ရတဲ့ ရှင်လျက်သေနေတဲ့ နေ့ပါပဲ။
“ကုသိုလ် ဥစ္စာ၊ ကျန်းခန့်သာ၍
ပညာ တန်ခိုး၊ တမျိုးမျိုးမှ
အကျိုးမထွက်၊ ထိုနေ့တွက်
သက်သက်ဝမ်းနည်းဖွယ်” တဲ့။
ဒီလိုပါပဲ။ အကျိုးမထွက်တဲ့ ရက်လတွေ၊ နှစ်တွေ၊ အကျိုးမထွက်တဲ့ ဘဝတွေနဲ့သာ ကုန်ဆုံးသွားခဲ့မယ် ဆိုရင်ဖြင့် တကယ့်ကိုမှ ဝမ်းနည်းဖွယ်သက်သက်သာ ဖြစ်လေတော့မှာပါ။
ကြည့်လိုက်စမ်းပါ။ ဟိုး-အနောက်မိုးကောင်းကင်မှာ နေ့လယ်ခင်းအချိန်က တထိန်ထိန် တောက်ပခဲ့တဲ့ နေမင်းကြီး ချုပ်ပျောက်လို့ ကွယ်တော့မယ်လေ။
ကျနော်တို့ဘ၀ရဲ့ နေညိုချိန်ကို ရောက်ဖို့ကရော ဘယ်လောက်များ ဝေးတော့လို့လဲ။ ။

Comments