တကယ့်အဖြစ်အပျက်
ကြည်မောင်သန်း
ဇန်န၀ါရီ ၁၅၊ ၂၀၀၉
ကြည်မောင်သန်း
ဇန်န၀ါရီ ၁၅၊ ၂၀၀၉
ငါမျှော်လင့်ခဲ့သောနေ့
ငါ တွေ့ခွင့် ကြုံပါ့မလား
သူငယ်ချင်းတို့ရေ …
ငါ သက်ဆိုးရှည်ချင်တယ်
ငါ့ ရှေ့ကလူတွေမှားသလို
ငါလည်းမှားခဲ့ပါတယ်
ဟောဒီ ခေတ်မြန်ကြီးထဲမှာ
ငါ့အသံ ဘယ်လောက်ကျယ်ပြန့်မှာလဲ
ဘယ်လောက် တည်တံ့မှာလဲ။
ငါ မက်မောတာက
မေတ္တာနဲ့အသပြာ
မေတ္တာကို နေ့စဉ်ပို့တာကြောင့်
အသပြာကို နေ့စဉ် ညှို့တာကြောင့်
ကိုးရိုးကားရား အသက်ရှင်ရတယ်
ငါတို့ရဲ့ အောင်မြင်မှုဟာ ညနေအရက်ဝိုင်း
ငါတို့ရဲ့ သမိုင်းဟာ လက်ဖက်ရည်ဆိုင် စကားဝိုင်း
မီးကြွင်းမီးကျန်က
မနက်ဖြန်ကို အဆုံးအဖြတ် ပေးလိမ့်မယ်
ဇိမ်မရှိတဲ့ စည်းစိမ်မှာ
တချို့ ကျိန်စာသင့်နေကြပြီ
နေ့စဉ် မေတ္တာပို့သူတယောက်အတွက်တော့
ကလေးဘ၀က မိခင်နို့ကိုစို့ရသလို ဇိမ်ရှိတယ်။ ။
[ မူရင်း - မဟေသီမဂ္ဂဇင်း၊ ၂၀၀၇၊ သြဂုတ်လ ]
Comments