
အမှတ်တရ မိုင်ယာမီ (၅)
ဉာဏ်ဦးမောင်
ဇန်န၀ါရီ ၁၄၊ ၂၀၀၉
ဉာဏ်ဦးမောင်
ဇန်န၀ါရီ ၁၄၊ ၂၀၀၉
ကိုယ်တို့ရဲ့ သင်္ဘောငယ်လေး Island Queen ဆိပ်ကမ်းကနေ ခွာလျှင်ခွာခြင်းပဲ ‘အားလုံးကို မိုင်ယာမီက ကြိုဆိုပါတယ်၊ အင်မတန် သာယာလှပတဲ့ ညနေခင်းပါပဲရှင်’ ဆိုပြီး ကိုယ်တို့ခရီးစဉ်ကို ဦးဆောင် ရှင်းလင်းပြောပြမယ့် မရွှေချောက နှုတ်ခွန်းဆက်စကား ဆိုပါတယ်။ သင်္ဘောခရီးစဉ်မှာ တာဝန်ယူကြမယ့်သူ အားလုံးကိုလဲ တယောက်ချင်းစီရဲ့ အမည်ကို ပြောပြ၊ မိတ်ဆက်ပေးပါတယ်။ အင်္ဂလိပ်လိုတလှည့်။ စပိန်ဘာသာနဲ့ တခါ။
ပြောခဲ့သလို ဒီနေရာ ဒီဒေသက စပိန်ဘာသာစကား ပြောသူတွေ များတဲ့ ဒေသလေ။ ကိုယ်တို့ခရီးစဉ်မှာ ပါလာတဲ့သူ အများစုကလည်း လက်တင်နွယ်ဖွားတွေ။ ခရီးစဉ်ကို တာဝန်ယူကြမယ့်သူ အားလုံးလည်း လက်တင်သွေးရှိသူတွေပဲဟာ။ ဒါပေမယ့် ကိုယ်တို့ ရွှေဗမာတွေ အများဆုံး ရည်ညွှန်းသုံးနှုန်းတတ်တဲ့ ပဲစားတွေ ဆိုတဲ့ မက္ကစီကိုဘက်က လာတဲ့သူ အများစုလိုတော့ ဝဝ မည်းမည်းတွေ မဟုတ်ပါဘူး။ (လူမျိုးရေးခွဲခြားတယ် မထင်ပါနဲ့၊ ကွဲပြားအောင် ရေးပြတာပါ။ မက္ကစီကိုက လာတဲ့ ဖြူနွဲ့သွဲ့လှ မက္ကစီကန်မတွေလည်း များမှ အများကြီးပါ)။

ကြည့်လိုက်စမ်းပါဦး။ ပြာလဲ့လဲ့ ရေလွှာပြင်က အပြစ်ကင်းပြီး အရည်သန့်နေတဲ့ နီလာကျောက်ကောင်းကောင်းတွေ ဖြန့်ခင်းထားသည့်နှယ်။ လက်လက်ဝင်းပြီး၊ ကြည်လင်သန့်ရှင်းလို့ နေလိုက်တာက။ သြကာသလောကတခွင်လုံးကိုပင် ပြာလဲ့လဲ့ရောင်စဉ်တွေ ထင်ဟပ်နေသည့်နှယ်။ ကောင်းကင်ပြာပြာကြီးနဲ့ တကယ့်ကိုမှ ပဏာရကာ လိုက်ဖက် ညီနိုင်လွန်းလှစွာ။ ရေပြာရောင်စဉ်ကပဲ ကောင်းကင်ကို ထင်ဟပ်လေသလား၊ ကောင်းကင်ပြာပြာကပဲ ရေလွှာကို လဲ့လဲ့ပြာစင် ဖြစ်စေသလား၊ ကိုယ်တော့ ဝေခွဲလို့ မရနိုင်ပါဘူး။ အောက်ခံရေပြင်လွှာပြာပြာမှာ ကောင်းကင်ပြာပြာ နောက်ခံလွှာနဲ့ တည်ဆောက်ထားတဲ့ မိုးမြင့်တိုက်တာများရဲ့ ရောင်စုံအလှ ပသာဒက ရှုချင့် မဆုံးဖွယ်ရာ။ စာလာ ပေလာစကား ခဏယူကာ ငှားသုံးရလျှင်ဖြင့် “တာဝတိံသာ၊ တူစွာလော ၊ တူစွာလော” လို့ ဆိုရမလိုပါ။


သူမ ပြောသလို ဟုတ်မဟုတ်ဆိုတာကတော့ ဒီခရီးစဉ်ပြီးဆုံးတဲ့အခါ ကိုယ်ကိုယ်တိုင် သိနိုင်မှာပေါ့။ “အစကောင်းလျှင် အနှောင်းသေချာ” ဆိုတဲ့ မြန်မာ ဆိုရိုးစကားတခွန်းအရ ဆိုလျှင်တော့ သူပြောတာ ဟုတ်နိုင်မှာပါ။ ခု ကိုယ်မြင်နေရတဲ့ မြင်ကွင်းအလှ၊ ကိုယ် ထိတွေ့ ခံစားနေရတဲ့ ရာသီဥတုရဲ့ မျှတတဲ့ ရသကပဲ သူမ ပြောသလိုပါပဲ။ မေ့ပျောက်လို့ ရနိုင်စရာ အရာမျိုးမှ မဟုတ်တာ။ ။

Comments