မာမာအေး
ဇန်န၀ါရီ ၂၂၊ ၂၀၀၉
ဆရာတင်မိုး
ဒေါင်းရိုး ဖြူစင် ဂန္တ၀င်။
ပွဲဝင် စင်တက်
ဝိဉာဉ်လက်တို့
အကို့နေရာ၊ လပ်ရှာတာ သိ '၂' နှစ် ရှိပြီ။
ကသီလင်တ၊ နှိုင်းမရသော
ဒေါသ လောင်မီး၊ ခါးသီးစရာ
မြန်မာခံစား၊ ဒုက္ခများကို
ကြားရလေလေ၊ လူစုံလေတိုင်း
နဘေကာရံ၊ နှံထက် နှံတတ်
ကလောင်မြတ်သာ၊ ရှိစမ်းပါလား
အုတ်ကြားမြက်တွေ၊ ညက်ညက်ကြေအောင်
တတောင်နှင့် ထောင်း၊ ခြေစောင်းနှင့် ခတ်
မြိုင်ရပ်ကို နှင်၊ ကဗျာဆင်လိမ့် ပြောချိမ့်ချိမ့်။
တသိမ့်သိမ့်ဝေး၊ နုအေးညင်သာ
တွေးမိလာသော်၊ အတော်ပါဘဲ
ဆင်းရဲကိုယ်စိတ်၊ နိဗ္ဗာန် ဆိတ်မည့်
သပိတ်မှောက်ကံ၊ သံဃာသွေးရှင်
မြင်ရဘူးပေါ့။
သော့သော့ရမ်းရမ်း၊ ရေလွှမ်း ဒီရိုက်
လေကြမ်းတိုက်နှင့်၊ ဒိုက်သော လူသော
အတူမျောကြ၊ သဘာဝဘေး
ကူဖေးမနိုင်၊ လက်မှိုင်မျက်ရည်
တို့တွေ ကျရာ၊ သူ မပါတာ - ကံကောင်းတာပေါ့။
ကန်တော့ရည်မှန်း၊ ဆွမ်းပန်းကပ်လှူ
ကဗျာချစ်သူ၊ စာချစ်သူတို့
'သူ' နှစ်မြို့အောင် …
ကလောင်လက်စမ်း၊ ကဗျာတမ်းလော့
ကိုယ်စွမ်း ရှိစဉ်
ခွပ်ဒေါင်းပီပြင်၊ မြန်မာခင်လော့။ ။
(၂၀၀၉ ဇန်န၀ါရီ ၂၁၊ ဗုဒ္ဓဟူးနေ့၊ ဆန်ဖရန်စစ္စကို၊ နံနက် ၉း၃၀)
Comments