တာရာဝေယံ
ဇန်န၀ါရီ ၂၁၊ ၂၀၀၉
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခရမ်း ၂ လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်း (၁၉၄၀-၁၉၉၁) ကွယ်လွန်ခြင်း ၁၈ နှစ်ပြည့် ဆွမ်းကျွေးအလှူကို ဇန်န၀ါရီ ၁၈ နံနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။ ဆွမ်းကျွေးအလှူကို ဦးတင်မောင်ဝင်းရဲ့ နေအိမ်ရှိရာ အမှတ် ၁၇၊ ဗိုလ်ဉာဏလမ်း၊ ဗိုလ်စိန်မှန် ရပ်ကွက်၊ ဗဟန်းမြို့နယ်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ သခင်အုန်းမြင့်၊ သခင်သိန်းမောင်၊ ဦးဝင်းတင်၊ ဦးအုန်းမောင်၊ ဦးမောင်မောင်ကြီး၊ မောင်ဝံသ၊ ဖျာပုံနီလုံဦး အစရှိတဲ့ နိုင်ငံရေး အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များ၊ အဖွဲ့ချုပ်ပါတီဝင်များနဲ့ စည်ကားသိုက်မြိုက်စွာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။
ဦးတင်မောင်ဝင်းဟာ ၁၉၅၇ - ၅၈ မှာ ရန်ကုန်တက္ကသိုလ် တက်ခဲ့ပြီး ခရမ်းမြို့နယ် ကျောင်းသားသမဂ္ဂ အတွင်းရေးမှူး၊ တက္ကသိုလ် ခရမ်းမြို့နယ် အသင်း၊ ဟံသာဝတီခရိုင် အသင်း၊ ကလောင်ရှင် အသင်း၊ သဟာယနဲ့ စာဖတ်အသင်းများမှာ ရှေ့တန်းက ပါဝင်ခဲ့ပြီး ဗကသများ အဖွဲ့ချုပ်နဲ့ တကသ အဖွဲ့ဝင်၊ ကျောင်းသားညီညွတ်ရေး တပ်ဦး တွဲဖက် အတွင်းရေးမှူးနှင့် သဘာဝတိ အဖွဲ့ဝင်၊ ၁၉၆၂ ဇူလိုင်အရေးအခင်းမှာ ရန်ကုန်တက္ကသိုလ်ကျောင်းသား အခွင့်အရေး ကာကွယ်မှု တိုက်ပွဲကော်မီတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။
၁၉၈၈ ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံကာလမှာ စစ်ပြီးခေတ်နှင့် လွတ်လပ်ရေးကျောင်းသားသမဂ္ဂ၀င်ဟောင်းများ ကော်မီတီမှာ ပါဝင်ခဲ့ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်း စည်းရုံးရေးကော်မီတီ အဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့ပြီး ခရမ်းမြို့နယ် အမှတ် ၂ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရပါတယ်။
ဦးတင်မောင်ဝင်းဟာ သူရဲ့ ရွေးကောက်ပွဲ ယှဉ်ပြိုင်ဘက် တစညအမတ်လောင်း ဦးဇော်ဝင်း (အငြိမ်းစား ဗိုလ်မှူးကြီး ဇော်ဝင်း) ရဲ့ ညီအရင်း ဖြစ်ပါတယ်။
၁၉၉၁ ဇန်န၀ါရီလ ၁၈ ရက်မှာ စစ်အစိုးရရဲ့ အင်းစိန်အကျဉ်းထောင်ထဲမှာ ဒီမိုကရေစီအရေးတော်ပုံအတွက် အသက်ပေးခဲ့ရတဲ့ သူရဲကောင်းတဦးဖြစ်ပါတယ်။
Comments